သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ UWSA တပ်ဆုတ်ခွာဖို့ သဘောတူ


UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ထိန်းချုပ်နယ်မြေတွင်းက ဝပြည်သူများကို တွေ့ရစဉ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ မြန်မာအစိုးရတပ်ကြား စစ်ရေးတင်းမာမှုဖြစ်နေတဲ့ နယ်မြေထဲက နှစ်ဘက်တပ်တွေ ပြန်ဆုတ်ပေးရေး အပါအဝင် သဘောတူညီချက်တရပ်ကို ဝပြည်သွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ သဘောတူလက်မှတ် ရေးထိုး နိုင်ခဲ့ကြပါတယ်။ ဒီလို ငြိမ်းချမ်းရေးသဘောတူညီချက်တွေ လက်မှတ်ရေးထိုးနိုင်ပေမဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ မဖြေရှင်းဘူးဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက် စိတ်ချရလောက်တဲ့ အနေအထားဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ မဆုမွန်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ဇွန်လယ်တုန်းက UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ မြန်မာစစ်တပ်ကြား စစ်ရေးတင်းမာမှု အရှိန်မြှင့်ခဲ့ပါတယ်။ အဓိကကတော့ ရှမ်းပြည်တောင်ပိုင်း တာချီလိတ်ခရိုင် မိုင်းတုံမြို့နယ်မှာရှိတဲ့ UWSA တောင်ပိုင်း တပ်စခန်းချရာ လွယ်ကောင်မူးစခန်း အပါအဝင် စခန်း ၄ ခုကို ဆုတ်ခွာပေးဖို့ မြန်မာတပ်ရဲ့ ညွှန်ကြားချက်ကို UWSA ဘက်က လက်မခံတာကြောင့် ဒီစစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တာပါ။ မြန်မာစစ်တပ်ဘက်က အဲ့ဒီတပ်စခန်းချထားတဲ့ နေရာတွေကိုလည်း ဝိုင်းခဲ့ပါတယ်။

ဒါ့အပြင် ဝတပ်တွေ နယ်မြေအတွင်း သွားလာလှုပ်ရှားတဲ့ လမ်းကြောင်းတွေကိုလည်း မြန်မာစစ်တပ်ဘက်က ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ပင်ခဲ့ပါတယ်။ အခုလို နှစ်ဘက်ထိပ်တိုက်ရင်ဆိုင်နေတဲ့ စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်အောင် ဝပြည်တပ်မတော်ဘက်က ဦးကျောက်ကော်အန် ဦးဆောင်တဲ့ UWSA ထိန်းချုပ်ရာနယ်မြေ ဝအထူးဒေသ(၂)ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက် သောကြာနေ့မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှာ နှစ်ဘက်တွေ့ဆုံခဲ့ကြစဉ်အတွင်း နှစ်ဘက်တပ်တွေ ပြန်ရုပ်ပေးရေး၊ တပ်ပိုင်းဆိုင်ရာကိစ္စတွေကို အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုတွေပြုလုပ်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အတူလက်တွဲလုပ်ကိုင်ရေးနဲ့ ပြည်နယ်ခွဲထွက်ရေးမလုပ်ဖို့နဲ့၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စတဲ့သဘောတူညီချက် ၅ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြတာဖြစ်ပါတယ်။

လက်နက်ကိုင်အင်အားစုတွေထဲမှာ စစ်အင်အားအကြီးမားဆုံးဖြစ်တဲ့ ဝလက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာအစိုးတပ်ကြား တပ်ပိုင်းဆိုင်ရာ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဒီလိုသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ ဒေသတွင်း စစ်ရေးအခြေအနေကတော့ စိုးရိမ်စရာအနေအထားမှာ ရှိနေတယ်လို့ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က သုံးသပ်ပါတယ်။

“အပြန်အလှန် ဝိုင်းထားတဲ့စခန်းတွေကို နှစ်ဘက်၊ အထူးသဖြင့် ၆ လပိုင်း ၁၈ ရက်နေ့က အရင်ရှိတဲ့နေရာတွေကို ပြန်ဆုတ်ဖို့၊ ၆ လပိုင်း ၁၈ ရက်နေ့မှာ စစ်ရေးအရ ပြဿနာပေါ်တာကိုး။ ပြန်ဆုတ်ဖို့ဆိုတဲ့ ကိစ္စကို ညှိနှိုင်းတဲ့အခါမှာ အောင်မြင်တယ်။ ကာချုပ်ကလည်း သဘောတူတယ်လို့ ပြောတယ်။ ပါလာတဲ့ ကစလမှူး ကနေ တိုက်ရိုက်ဖုန်းဆက်ပြီး သဘောတူညီချက်တောင်းတော့ ဟိုကသဘောတူတော့ အပြန်အလှန် ဆုံစည်းဖို့ဖြစ်သွားတယ်။ အဆင်ပြေတယ်ဆိုတာကလည်း မြန်မာအစိုးရဘက်ကလည်း ဝသပ နဲ့ပတ်သက်လို့ သူ့စဉ်းစားချက်တွေ ရှိမှာပါ။ အဲဒါကြောင့် သူတို့က ဝသပ ကို ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်နေတာဖြစ်တယ်။”

မြန်မာအစိုးရနဲ့ ဝတပ်မတော်အပါအဝင် ရှမ်း၊ ကချင်၊ ကရင်စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တွေ့ဆုံပွဲတွေ၊ သဘောတူ လက်မှတ်ရေးထိုးတာတွေ အကြိမ်ကြိမ် လုပ်နိုင်ခဲ့ပေမဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာတွေ၊ တိုက်ပွဲတွေ ဆက်ဖြစ်နေတာတွေ ရှိနေသေးတဲ့အတွက်၊ ဒီလိုမျိုး လက်နက်ကိုင်အင်အားစုတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းနိုင်မှသာလျှင် အမှန်တကယ် ငြိမ်းချမ်းရေးရနိုင်မှာ ဖြစ်တယ်လို့လည်း စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“အခုလုပ်ထားတဲ့စာချုပ်ကတော့ အပေါ်ယံကြည့်ရင် အင်မတန်မှ ကျေနပ်စရာကောင်းတာပေါ့။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွေနဲ့ ချုပ်ဆိုတဲ့စာချုပ်ပေါင်း များပါပြီဗျ။ အမြဲတမ်းဖြစ်နေတာပဲ။ ရှမ်းအဖွဲ့တွေနဲ့ဆိုရင် စာချုပ် လက်မှတ်ထိုးပြီးမှ အကြိမ်ပေါင်းများစွာ တိုက်ပွဲတွေဖြစ်နေတာ။ အဲဒီတော့ သူတို့က နိုင်ငံရေးအရ တောက်လျှောက် ဒါနဲ့ပတ်သက်လို့ ဖြေရှင်းဖို့ မရည်ရွယ်ဘူးဆိုရင် ဒီပြဿနာ ဒီပွဲက မပြီးပါဘူး။ အခုလည်း ထပ်ပြီးတင်ပြန်ပြီ။ အပစ်အခတ် ရပ်စဲရေးပဲ ပြောနေတယ်။ တကယ့် လက်တွေ့ နိုင်ငံရေးအရ ဖြေရှင်းဖို့ဆိုတဲ့ စကားလုံး မပါဘူး။ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးဖို့ပဲ။ အပစ်အခတ် ရပ်စဲကြတာပဲလေ။ ၀ တပ်လည်း ရပ်စဲတာပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ပြီ။ ကေဲံအန်အေ နဲ့လည်း ၁၇ နှစ်ကျော်ပြီးမှ သေနတ်သံ ပြန်မည်တာဗျ။ အပစ်အခတ် ရပ်စဲရေးက အဓိက လား။ နိုင်ငံရေးအရ ဖြေရှင်းမှာလား။

"အခု စစ်တိုက်နေတာက အစိုးရပြောသလို ခွဲထွက်မယ်ဆိုတာ ဘယ်သူမှ မပြောဘူး။ မနေ့က ၅ ချက်ထဲမှာလည်း ခွဲမထွက်ဘူးဆိုတာ ပါတယ်။ တလျှောက်လုံး မြန်မာပြည်မှာရှိတဲ့ လက်နက်ကိုင် မှန်သမျှ ခွဲထွက်မယ်ဆိုတဲ့စကားကို ပြောတဲ့သူ မရှိတော့ပါဘူး။ ဒါပေမဲ့ အစိုးရက ပြည်တွင်းမှာ ဝါဒဖြန်တဲ့အခါ စစ်တပ်ရဲ့ ဝင်ရောက်တိုက်ခိုက်နေမှုကို တရားတဲ့အနေနဲ့ ခွဲထွက်ဖို့၊ တိုင်းပြည်ရဲ့အချုပ်အချာအာဏာကို ကာကွယ်တယ်ဆိုပြီးတော့ လုပ်နေကြတာ။ အမှန်တော့ ဘယ် လက်နက်ကိုင်အဖွဲ့အစည်းကမှ ခွဲထွက်ဖို့ မပြောခဲ့ဘူး။ စာချုပ်တွေအရ ချုပ်တာမှန်တယ်။ တောင်ပိုင်းကိစ္စက မုချ တနေ့ အသံမည်မှာပဲ။ ဖြေရှင်းရမှာပဲ။ မဖြေရှင်းလို့မရဘူး။”

ဝတပ်မတော်နဲ့ မြန်မာစစ်တပ်ကြား ဒီတကြိမ်မှာတော့ နှစ်ဘက်သဘောတူညီချက် ၅ ရပ်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြတာဖြစ်ပါတယ်။ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ၀ တပ်ဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနက် အင်အားအကြီးဆုံးနဲ့ စစ်အင်အား အတောင့်တင်းဆုံးတပ်ဖွဲ့ဖြစ်ပြီး လက်နက်ကိုင် အင်အား ၃ သောင်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
XS
SM
MD
LG