သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေးထောက်ပံ့မယ့် NDAA အက်ဥပဒေ 


BURMA Act (Crd: Congress.gov)
BURMA Act (Crd: Congress.gov)

[[Zawgyi/Unicode]]

မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ကူညီထောက်ပံ့မယ့်အချက်တွေပါဝင်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၁၆ ရက်နေ့က အမေရိကန်အထက်လွှတ်တော်ကပါ အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအပေါ် ဘယ်လောက်သက်ရောက်နိုင်ပါမလဲ၊ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲဆိုတာ တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေအမြင် ရန်ကုန်က စုစည်းတင်ပြထားတာကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ (NDAA) မူကြမ်းကို ဒီဇင်ဘာ ၁၆ ရက်နေ့က အမေရိကန်အထက်လွှတ်တော်က အတည်ပြုခဲ့တာပါ။ လွှတ်တော်နှစ်ရပ် အတည်ပြုပြီးဖြစ်လို့ ဥပဒေအဖြစ် သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ထိုးဖို့သာ ကျန်ရှိပါတော့တယ်။

ဒီဥပဒေအပေါ် မြန်မာ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးလေ့လာသူတွေက ထောက်ခံကြိုဆိုခဲ့ကြသလို NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါးလရှီလကလည်း ဒီလို အတည်ပြုပေးခဲ့တဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီဥပဒေတွင်းမှာ နွေဦးတော်လှန်ရေးနောက်ပိုင်း ဖွဲ့စည်းလာတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမည်နဲ့တကွ ကူညီထောက်ပံ့မယ်ဆိုတာကို ဖော်ပြထားတာကြောင့် ထူးခြားမှုရှိလာတဲ့ ဥပဒေတရပ်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို လက်နက်မဟုတ်တဲ့ နည်းပညာအကူအညီတွေထောက်ပံ့ဖို့ဆိုတာ ပါဝင်ပါတယ်။

ဥပဒေအဖြစ် အတည်ဖြစ်လာပြီဆိုရင် ဒါဟာ အမေရိကန်ရဲ့ မြန်မာနဲ့ပတ်သက်တဲ့ မူဝါဒပိုင်းမှာ အရေးကြီးတဲ့အရွေ့တခုဖြစ်လာနိုင်သလို မြန်မာ့ဒီမိုကရေစီလမ်းကြောင်းမှာလည်း အရွေ့တခု ဖြစ်လာနိုင်မယ်လို့ ရခိုင်လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးဖေသန်းက သုံးသပ်ပါတယ်။

“EAO တွေအပါအဝင် နည်းပညာအထောက်အကူပြုမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကတော့ တော်တော့်ကို နိုင်ငံရေးအားဖြင့် ရှေ့တလှမ်းရောက်သွားတာပေါ့။ ဒီဘက်ကို အသိအမှတ်ပြုလိုက်တဲ့သဘောပေါ့နော်။ အထူးသဖြင့် NUG အပါအဝင် EAO တွေကို ရဲရဲတင်းတင်းပေါ့နော်-အသိအမှတ်ပြုလိုက်တယ်၊ အကူအညီပေးမယ်ဆိုတာက ဒါက နိုင်ငံရေးအားဖြင့်တော့ ရှေ့ကိုတလှမ်းရွေ့သွားတာပေါ့နော်။ ဒါကြောင့် ဒါက တော်တော့်ကို အရေးကြီးပါတယ်။ ဒါက အရွေ့တခုကို ရွေ့သွားတယ်။ စစ်အာဏာရှင်စနစ်ရဲ့ဆိုးကျိုးတွေကို ပြည်သူတွေ တကယ်တန်း ဒိထက်မက ခံစားလာရပြီဆိုရင်တော့ နည်းပညာအထောက်အကူကနေပြီးတော့ စစ်ရေးအထောက်အကူပြုဖို့အတွက် တခါးတချပ်ပွင့်သွားပြီလို့လည်း ကျနော် သုံးသပ်လို့ရတယ်ပေါ့။ ဒီအကျိုးဆက်ကြောင့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကအစ NUG အပါအဝင် ပါတီတွေအတွက် အကျိုးသက်ရောက်မှုတစုံတရာ ရှိလာလိမ့်မယ်၊ ဒါကြောင့် ဒါက ကျနော်တို့ ကြိုဆိုရမယ့်ကိစ္စ ဖြစ်တယ်။”

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီ အမေရိကန်ရဲ့ခြေလှမ်းဟာ အကြမ်းဖက်မှုတွေကို အားပေးတာဖြစ်တယ်လို့ ဝေဖန်တုံ့ပြန်ခဲ့ပါတယ်။

“NUG ပေါ့နော်၊ CRPH - ကျနော်တို့နိုင်ငံအနေနဲ့ PDF ပေါ့၊ အကြမ်းဖက်လုပ်ရပ်တွေကို မြေပြင်မှာလက်တွေ့လည်းလုပ်နေတယ်။ အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ ပြည်သူအချင်းချင်း ဒလံအဖြစ် စွပ်စွဲပြီး သတ်ဖို့ အားပေးနေတဲ့၊ အမြဲ လှုံ့ဆော်နေတဲ့အဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ ထောက်ပံ့ပေးဖို့ရည်ရွယ်တယ်ဆိုတာလည်း ကျနော်တို့သိရပါတယ်။ ဒီအတိုင်းသာဆိုရင် အမေရိကန်နိုင်ငံအနေနဲ့ကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဖြစ်ပွါးလာဖို့၊ ပြီးရင် ကျနော်တို့မြန်မာနိုင်ငံအတွင်းမှာ မငြိမ်မသက်ဖြစ်ပေါ်လာစေဖို့ ပိုရည်ရွယ်ပြီး လုပ်ဆောင်တယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်ဗျ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးကို၊ မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးကို ပိုမိုပြီးတော့ ကျနော်တို့ ထိခိုက်စေတယ်လို့ပဲ ပြောချင်ပါတယ်ဗျား။”

တော်လှန်ရေးအင်အားစုတွေကို အမေရိကန်ဘက်က အခုလို နည်းပညာအကူအညီပေးမှုတွေဖြစ်လာရင် အမေရိကန်ရဲ့ဩဇာဟာ မြန်မာပြည်တွင်း ပိုမိုသက်ရောက်လာနိုင်ပြီး ဒီဟာအတွက် အိမ်နီးချင်း တရုတ်ဘက်ကလည်း သူတို့ ဩဇာမြန်မာပြည်တွင်းမကျနိုင်အောင် လုပ်ဆောင်လာနိုင်ဖွယ်ရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ မြင်ပါတယ်။

“အမေရိကန်က အဲဒီလိုအကူအညီပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တရုတ်ဘက်ကလည်း မျက်ခြေမပြတ်တော့ စောင့်ကြည့်နေလိမ့်မယ်လို့ ထင်တယ်။ အမေရိကန်က အဲလိုအကူအညီပေးတဲ့အတွက်ကြောင့်မို့လို့ နစက ကို တွန်းလှန်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းတွေထဲမှာ အနောက်အုပ်စုကချည့်ပဲ သြဇာလွှမ်းမိုးသွားမှာကိုတော့ တရုတ်ကလည်း မလိုလားဘူး။ အဲဒါကို သူ ဘယ်လို တန်ပြန်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်၊ စောင့်ကြည့်သွားမယ်။ သေချာတာတခုကတော့ အခုလို ကူညီခြင်းက စစ်ပွဲတော့ ပိုပြီးတော့ ရှည်သွားမှာပေါ့။”

အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) - ၂၀၂၃ မှာ မြန်မာနိုင်ငံအပြင် မြောက်ကိုရီးယားနိုင်ငံ၊ အီရန်နိုင်ငံနဲ့ တခြားသောနိုင်ငံတွေနဲ့ပတ်သက်လို့ ဆောင်ရွက်သွားမယ့်ကိစ္စတွေလည်း ပါဝင်ပါတယ်။ အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ NDAA အရ ၂၀၂၃ တခုလုံးမှာ အမေရိကန်ဒေါ်လာ ၈၅၈ ဘီလီယံ သုံးစွဲသွားဖို့ ခွင့်ပြုထားပါတယ်။

နောက်ပြီး ဒီဥပဒေထဲမှာ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်တာအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ အဝန်းအဝိုင်းကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဒီထပ်ထိ ရောက်တဲ့ အရေးယူမှုတွေပါ လုပ်ဖို့ကိုလည်း ထည့်သွင်းထားပါတယ်။

အဲဒီအချက်တွေအပြင် တိုင်းရင်းသားပြည်နယ်တွေနဲ့ တိုင်းရင်းသားတွေကြားမှာ ဖယ်ဒရယ်စနစ် ခိုင်မာလာစေရေး အထောက်ကူဖြစ်မယ့် အစီအစဉ်တွေပေးဖို့လည်း ပါဝင်ပါတယ်။ စစ်တပ် အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်သား အုပ်ချုပ်မှု ပြန်လည်ပေါ်ပေါက်လာအောင် ထုတ်ဖော်ပြောကြားပြီး လှုပ်ရှားနေတဲ့ စစ်တပ် တပ်ဖွဲ့ဝင်ဟောင်းတွေကို ကူညီထောက်ပံ့ဖို့ကိုလည်း ထည့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]














XS
SM
MD
LG