သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရောက် မြန်မာ အများစု ကောလိပ်ကျောင်း ပညာသင်ကြား


အမေရိကန်ရောက်မြန်မာနွယ်ဖွား ကျောင်းသားကျောင်းသူများ။ ( သတင်းဓာတ်ပုံ- Credit to Burmese American Community Institute Inc)
အမေရိကန်ရောက်မြန်မာနွယ်ဖွား ကျောင်းသားကျောင်းသူများ။ ( သတင်းဓာတ်ပုံ- Credit to Burmese American Community Institute Inc)

ကောလိပ်ကျောင်းတက်ရောက်တဲ့ အမေရိကန်ရောက် မြန်မာနွယ်ဖွါး အရေအတွက်ဟာ ၈၃ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ BACI လို့ခေါ်တဲ့ မြန်မာ အမေရိကန်အင်စတီကျူက ပြောလိုက်ပါတယ်။ အခုအခါမှာ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနွယ်ဖွားအရေအတွက်ဟာ ၃ သိန်းလောက်ရှိမယ် လို့ ခန့်မှန်းထားပြီး ၂ သောင်း ၂ ထောင်လောက်ဟာ အနောက်အလယ်ပိုင်းပြည်နယ် တခုဖြစ်တဲ့ အင်ဒီယာနားမှာ နေထိုင်တယ်လို့ BACI အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးထားပါတယ်။

အမေရိကန်ရောက် မြန်မာနွယ်ဖွါးတွေ ကောလိပ်ကျောင်းတက်ရောက်မှုနှုန်းဟာ ၂၀၁၂ ခုနှစ်က ၄၃ ရာခိုင်နှုန်း ကနေ ၂၀၁၆ ခုနှစ်မှာ ၈၀ ရာခိုင်နှုန်းအထိ တိုးလာတာကြောင့် ၄ နှစ်တာကာလအတွင်း ၈၃ ရာခိုင် နှုန်းအထိ တိုလာတာဖြစ်တယ်လို့ အင်ဒီယားနားပြည်နယ်အခြေစိုက် မြန်မာအမေရိကန် အင်စတီကျုက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

လွတ်လပ်စွာပညာသင်ကြားခွင့်ရှိတဲ့ အခြေအနေအောက်မှာ လူငယ်တွေအနေနဲ့ ပညာရေးကို အလေးထားလာကြတယ်လို့ မြန်မာအမေရိကန် အင်စတီကျူ ဘုတ်အဖွဲ့ ဥက္ကဌ ဒေါက်တာ ရိုဒင်းက ပြောပါတယ်။

"ကျနော်တို့ ဗမာပြည်ကနေလာတဲ့ ဒုက္ခသည်အနေနဲ့ အမေရိကားဝင်လာတဲ့အခါမှာ ဗမာပြည် နောက် မလေးရှား အိန္ဒိယတို့မှာ အခွင့်အရေးမရရှိခဲ့တဲ့ လွတ်လွတ်လပ်လပ် ပညာသင်ကြားရေးကို အမေရိကားမှာရောက်ရှိတဲ့ အခါမှာ ရှေ့ရေးအတွက် စဉ်းစားပြီးတော့ ကျောင်းသူကျောင်းသားတွေ အင်မတန်တက်ကြွပြီးတော့ သူတို့က ပညာရေးကို အားသွန်ခွန်စိုက် ကြိုးစားလာတာ တွေ့ရပါတယ်။ နောက် ကျနော်တို့ BACI ကလည်း သူတို့ တက္ကသိုလ်တွေဝင်နိုင်အောင် ပံ့ပိုးပေးတဲ့အစီအစဉ်တွေလုပ်ပေးပါတယ်"

အင်ဒီယာနာအခြေစိုက် ပညာရှင်တွေ တခြားလူမှုနယ်ပယ်ထဲက အဖွဲ့ဝင်တွေပေါင်းပြီး စာရင်းပြုစုထားတာဖြစ်တယ်လို့ ဒေါက်တာရိုဒင်းက အခုလိုဆက်ပြောပါတယ်။

"နှစ်တိုင်းပေါ့ နွေရာသီ ၂ လ ကို ကျနော်တို့ ဗမာပြည် High School ကျောင်းသားတွေ အားတဲ့အချိန်မှာ အဖွဲ့ ၆ ဖွဲ့ခွဲပြီးတော့ သုတေသန ကျနော်တို့လုပ်ခိုင်းပါတယ်။ အမေရိကန်တက္ကသိုလ်က ဆရာဆရာမတွေ ဦးဆောင်ပြီးတော့"

၂၀၀၀ ခုနှစ်ကနေစလို့ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်လာသူ မြန်မာနွယ်ဖွား အရေအတွက်ဟာ ၁ သိန်း ၆ သောင်းကျော်ရှိပြီး အဲဒီထဲက ၂ သောင်းခွဲကတော့ အင်ဒီယားနားပြည်နယ်မှာနေထိုင်ပါတယ်။ BACI အဖွဲ့ အခြေစိုက်ရာ Indianapolis မြို့မှာတော့ ၁ သောင်းခွဲလောက်နေထိုင်ပြီး အင်ဒီယားနားပြည်နယ်ရဲ့ ဒုတိယအကြီးဆုံး ဖော့ဝိန်း မှာလည်း မြန်မာနွယ်ဖွား သောင်း ဂဏန်းနီးပါး နေထိုင် ပါတယ်။ ရွှေ့ပြောင်း အခြေချနေထိုင်သူ အများစုက တိုင်းရင်းသားတွေဖြစ် တယ်လို့ ဒေါက်တာရိုဒင်းက ပြောပါတယ်။

"ဒီ ၁ သောင်းခွဲလောက်မှာ ကျနော်တို့ ချင်းလူမျိုးက ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဓိကကတော့ ဒီစစ်အစိုးရ လက်ထက်မှာ ဘာသာရေး လူမျိုးရေး ဖိနှိပ်မှုတွေကြောင့် အိန္ဒိယ တို့ မလေးရှားတို့ နီးစပ်ရာ နိုင်ငံခြားကို နယ်စပ်ကျော်ပြီးတော့ထွက်ပေးလာကြတဲ့ ဒုက္ခသည်တွေဖြစ်ပါတယ်။ ဒီ အမေရိကန်အစိုးရရဲ့ Resettlement အစီအစဉ်အရ ဒီ အမေရိကန်ကို ရောက်လာကြတာဖြစ်ပါတယ်"

တချိန်က အစိုးရ အတိုက်အခံအင်အားစုဝင် အများအပြားလည်း ဖေါ့ဝိန်းမြို့ မှာ နေထိုင်ပါတယ်။ အသက် ၁၀ နှစ် အရွယ်မှာ မိဘတွေနဲ့အတူ ဖော့ဝိန်းမြို့ မှာ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့တဲ့ ကောလိပ်ကျောင်းသူတဦးဖြစ်သူ မအိအိခင်ဦးကတော့ သူ့ရဲ့ ပညာရေး ရည်မှန်းချက်ကို အခုလို ပြောပါတယ်။

"ပညာတတ်ထားမှ ကိုယ်လုပ်ချင်ရာ ဥပမာ ဆရာဝန်လုပ်ချင်လား အဲလိုမျိုးပေါ့နော်။ ကိုယ်ဖြစ်ချင်တာကို အရင် လုပ်လို့ ရမယ်ထင်တယ်။ Bachelor ကို ဇီဝဗေဒ ယူထားတာပေါ့နော်။ ဆရာဝန်ဖြစ်ချင်လို့ပေါ့နော်။ ဆရာဝန်လုပ်ပြီးတော့ စေတနာ့ ဝန်ထမ်းအနေနဲ့ တောရွာလေးတွေမှာ မရှိဆင်းရဲသားတွေကို ကူညီတာမျိုးလုပ်ချင်တယ်"

အခုအခါမှာတော့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနွယ်ဖွါးဦးရေဟာ ၃ သိန်းကျော်လောက်အထိ ရှိလာပြီလို့ BACI အဖွဲ့က ခန့်မှန်းထားပါတယ်။ ဒီအဖွဲ့ဟာ အင်ဒီယာနာပူလစ်မြို့မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေအတွက် ပညာရေးနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြားရာမှာ အကူအညီပေးနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့အနေနဲ့ လူ ၄၀၀၀ ကျော်လောက်ကို အကူအညီတွေ ပေးပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG