သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက် ဖမ်းဆီးခံကျောင်းသားအချို့ လွတ်မြောက်


အဖမ်းဆီးခံ ကျောင်းသူကျောင်းသားအချို့ပြန်လွတ်။ (သတင်းဓာတ်ပုံ Credit to AP အေပီ ခင်မောင်ဝင်း)
အဖမ်းဆီးခံ ကျောင်းသူကျောင်းသားအချို့ပြန်လွတ်။ (သတင်းဓာတ်ပုံ Credit to AP အေပီ ခင်မောင်ဝင်း)

လက်ပံတန်းမြို့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသူ ကျောင်းသားတွေကို ပြန် လွှတ်ပေးနေတာ အခုညနေပိုင်း အထိဆို ၁၇ဦး ရှိနေပါပြီ။ ပြည်ထဲရေး ဝန်ကြီးဌာနက ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို မိဘတွေထံ ပြန်အပ်နှံမယ့် အကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြီးတဲ့နောက် အခုလို လွှတ်ပေးလိုက်ပေမဲ့ ခွင့်ပြုမိန့် မရဘဲ ဆန္ဒပြမှုမျိုး နောက်ထပ် မကျူးလွန်ဖို့ ခံဝန်လက်မှတ် ထိုးခိုင်းခဲ့ပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြထားပါတယ်။

လက်ပံတန်းမြို့မှာ ရိုက်နှက် ဖြိုခွဲ ဖမ်းဆီးခံ ထားရတဲ့ သပိတ်မှောက် ကျောင်းသား ကျောင်းသူတွေထဲက မတ်လ ၁၂ရက်နေ့ ညနေပိုင်းထိ ပြန်လည် လွတ်မြောက်လာသူ ၁၇ဦးရှိပြိဖြစ်ကြောင်း သာယာဝတီမြို့က တက်ကြွလှုပ်ရှားသူတဦးကပြောပြပါတယ်။

မိဘ လက်ထံ ပြန်လည်အပ်နှံ (သတင်းဓာတ်ပုံ အေပီခင်မောင်ဝင်း)
မိဘ လက်ထံ ပြန်လည်အပ်နှံ (သတင်းဓာတ်ပုံ အေပီခင်မောင်ဝင်း)

"၂၇ယောက်လွတ်မယ် ပြောတယ်။ ဒါပေမဲ့ အဲ့ဒီ့လွှတ်မယ့်သူတွေရဲ့ လာပြီးခေါ်မယ့် မိဘတွေက ရောက်မလာသေးလို့ လွှတ်မပေးသေးတာလို့ သိရတယ်။

ပြန်လည် လွတ်မြောက်လာသူတွေ ကျောင်းသား ကျောင်းသူတွေကို ၅ဦးတသုတ်ဆီ ပြန်လွှတ်ပေးနေပြီး ပြန်လည် လွတ်ပေးသူပေါင်း ၂၀ကျော်ရှိတယ်လို့ သတင်းထွက်နေကြောင်း ဒေသခံတွေကဆိုပါတယ်။ ဒီထဲမှာ ဝန်းရံ အင်အားစုတွေတွေ နဲ့ သပိတ်မှောက်ကျောင်းသားတွေကို အကူညီပေးခဲ့တဲ့ အရပ်သားပြည်သူတွေကတော့ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

အဓိကခေါင်းဆောင်တွေဖြစ်တဲ့ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုအောင်မှိုင်းဆန်းတို့ ဟာ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ကော်မတီဝင်တွေဖြစ်တဲ့ အတွက် ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်နိုင်ရေး ပြန်လွှတ်ပေးဖို့ လိုအပ်တယ်ကြောင်း ဒီကနေ့ ပြန်လွတ်လာတဲ့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသူ မရည်မွန်အောင်က ဆိုပါတယ်။

ပြန်လွတ်လာတဲ့ သပိတ်မှောက်ကျောင်းသူ မရည်မွန်
ပြန်လွတ်လာတဲ့ သပိတ်မှောက်ကျောင်းသူ မရည်မွန်

"နိုင်ငံတော်က စေတနာရှိလို့ ပြန်လွှတ်ပေးလိုက်တယ်လို့ပြောတာပဲ။ တကယ်စေတနာရှိ တယ်ဆိုရင် သမီးတို့ကို အဲ့ဒီ့အချက်တွေ မပျက်သွားအောင် မဖြိုးဖြိုးအောင် တို့လည်း လွှတ်ပေးရမှာပဲ။ ကိုမင်းသွေးသစ်တို့ဆိုလည်း ပြင်ပမှာ သူတို့လုပ်နေတာဖြစ်တဲ့အတွက် ဒီပညာရေးဥပဒေကို ပြင်ဖို့ပဲ တောင်းနေတာ။ သမီးတို့က အာဏာတောင်းနေတာမဟုတ်တဲ့အတွက် သမီးတို့ ပညာရေးဥပဒေကို အပြင်မှာ လုပ်ခွင့်ပေးရမယ်ပေါ့။ သမီးတို့ တောင်းတဲ့ (၁၁)ချက်ကို ပြင်ပေးပြီး ဒီလူတွေကိုလည်း ပြန်လွှတ်ပေးစေချင်တယ်။ ဒီလူတွေနဲ့ ဆွေးနွေးရမှာဆိုတော့ ဒီလူတွေကို ပြန်လွှတ်ပေးစေချင်တယ်။"

ဖမ်ဆီးခံစဉ်အတွင်းမှာ ကျောင်းသားတွေကို အပြင်းအထန် ရိုက်နှက်ခဲ့ကြောင်း အချုပ့်ကားပေါ်အထိ ရိုက်နှက်ခံရကြောင်း လွတ်မြောက်လာသူ မရည်မွန်အောင်ကပြောပါတယ်။

" သမီးတို့ အေးအေးဆေးဆေး အဖမ်းခံမယ်ပြောတယ်။ အဲ့တာကို အချုပ်ကားတွေပေါ်မှာ နှိပ်စက်တာတွေ၊ပြီးတော့ ယောကျ်ားတွေကို အကြမ်းဖက် ရိုက်နှက်တာတွေ အဲ့လိုမလုပ်သင့်ဘူး။ ပြီးတော့ သမီးတို့ကို အဖမ်းမခံရခင် ဒေါင်းအလံကို ဘာမှမလုပ်နဲ့ ပြောတာကို စိတ်ဓာတ် စစ်ဆင်ရေးအရ ရိုက်ချိုးတာတွေဘာတွေ လုပ်တယ်။ သမီးတို့ အဖမ်းမခံဘူးပြောတာမဟုတ်ဘူး။ အဖမ်းခံမယ်ပြောတယ်။ အဲ့လိုမျိုးကြီး လုပ်တာကို သမီးအနေနဲ့ ရှုတ်ချတယ်။"

လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျောင်းသားတွေပြန်လွှတ်ပေးဖို့သာမက အရပ်သားပြည်သူတွေ ပြန်လွှတ်ပေးဖို့အတွက် ဆောင်ရွက်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ကကိုရဲအောင်ကလည်းပြောပါတယ်။

" အစိုးရနဲ့ ညှိနှိုင်းချက်ထဲမှာကိုက ဒါနဲ့ပတ်သက်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို အရေးမယူပါဘူးလို့ ပြောထားပြီးသားလည်း ဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာတွေ အားလုံးကို ကျနော်တို့ကတော့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ပဲ ကျနော်တို့ တောင်းဆိုမှာဖြစ်ပါတယ်။ ကျောင်းသားတွေတင်မကဘူး။ ဒီကျောင်းသားတွေအပေါ်မှာ အကြမ်းဖက်နှိမ်နှင်းမှု လုပ်မှာစိုးတဲ့အတွက် ဝိုင်းဝန်းဝန်းရံပေးကြတဲ့ ပြည်သူတွေကိုပါ တပါတည်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်။"

ပြန်လည်လွတ်မြောက်လာသူတွေဟာ သာယာဝတီခရိုင်အုပ်ချုပ်ရေးမှူး ရုံးမှာ ခွင်ပြုမိန့်မရပဲ စီတန်းလှည့်လည်မှု ကို နောက်ထပ်ဆက်မလုပ်ပါဘူးဆိုတဲ့ ခံဝန်ကတိကို လက်မှတ်ရေးထိုးပေးခဲ့ရကြောင်း ကျောင်းသူ မရည်မွန်အောင်က ဆိုပါတယ်။

ဒီလိုလက်မှတ်ရေးထိုးမှုတွေကို ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားတွေ တွေ့ ကြုံခဲ့ရကြောင်း နိုင်ငံရေး ဆက်မလုပ်ဖို့ လက်မှတ်ရေးထိုး တာတွေ နောက်ထပ် ပြစ်မှု ကျုးလွန်ရင် ကျန်ရှိနေတဲ့ ထောင်ဒဏ်တွေကို ပေါင်းပြီး တပေါင်းတည်း ကျခံရမယ်ဆိုတဲ့ ပုဒ်မ ၄၀၁ ကိုလည်း ပြန်လည် လွတ်မြောက် လာသူတိုင်းကို လက်မှတ်ရေးထိုးခိုင်းလေ့ရှိတာပါ။

အခုကတော့ ပုဒ်မ ၁၈ကို လက်မှတ် ရေးထိုးရတာဖြစ်လို့ ဒါဟာ ခြိမ်းခြောက်မှု တခုဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က ကိုရဲအောင် ကပြောပါတယ်။

"ဒါဟာ တကယ်ပဲ စစ်မှန်တဲ့ တရားဥပဒေ ရှိနေမယ်ဆိုလို့ရှိရင် ဘယ်လိုဟာမျိုးနဲ့မှ အကြပ်ကိုင်နေစရာမလိုပါဘူး။ တကယ် ဒီဥပဒေအရ ကျူးလွန်ရင် ဥပဒေအရ အရေးယူရုံပဲရှိပါတယ်။"

မနေ့ကတော့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေထဲက ခေါင်းဆောင်ပိုင်းတွေ ဦးဆောင်သူတွေလို့ ယူဆရသူတွေကို ပုဒ်မ ၅ခုလောက်နဲ့ တရားရုံးမှာ အမှုစဖွင့်ထားပါတယ်။ ညအချိန်ထိ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်တဲ့ကျောင်းသားခေါင်းဆောင် တချို့ကိုလည်း ဖမ်းဆီးတာတွေရှိနေပြီး တချို့ကိုတော့ ပုဒ်မ ၁၈နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

အစိုးရတော့ တည်ဆဲဥပဒေ ချိုးဖောက်တဲ့အတွက် အရေးယူပြီး ဆန္ဒပြမူတွေကို ဥပဒေအရ ဖြိုခွင်းခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ကျောင်းသားတွေကို အခုလိုမျိုး ရိုက်နှက် ဖမ်းဆီးမူတွေအတွက် နယ်ပယ်အသီးသီးက တော့ ကန့်ကွက်ရှုတ်ချမူတွေ လုပ်ခဲ့ကြပြီး ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် အားလုံးကို ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုနေပါတယ်။

XS
SM
MD
LG