သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပညာရေး ဥပဒေပြင်ရေး လွှတ်တော်တွင်းဆွေးနွေးနေ


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒရှိတယ်လို့ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီ ဥက္ကဌက ပြောဆိုလိုက်ပါတယ်။

အစိုးရက ရေးဆွဲပြဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေသူတွေဘက်က ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီထံကို တရားဝင် အကြောင်းကြားလာတာ မရှိသေးဘူးလို့ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီဥက္ကဌ ဒေါက်တာ ချမ်းငြိမ်းက ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ကျောင်းသားတွေရဲ့ ခရီးရှည် ချီတက် လမ်းလျှောက်မှု သီတင်းတပတ်ကျော် ကြာမြင့်လာတဲ့အချိန် လွှတ်တော်တွင်းက အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှုတွေနဲ့ သဘောထားတွေကို မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို မကျေနပ်ကြတဲ့ ကျောင်းသားတွေရဲ့ ခရီးရှည် ချီတက်လမ်းလျှောက် ဆန္ဒပြပွဲတွေက သီတင်းတပတ်ကျော်လာခဲ့ပြီး ဒီကနေ့မှာတော့ လွှတ်တော်ဒုတိယနာယက၊ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီ အကြီးအကဲနဲ့ ပညာရေးဝန်ကြီးတို့နဲ့ လွှတ်တော်နဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီအနေနဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ ဆန္ဒရှိနေပေမဲ့လည်း ဥပဒေပြင်ဆင်လိုသူတွေဘက်က လွှတ်တော်ကို တရားဝင်ပေးပို့လာတာမျိုး မရှိသေးဘူးလို့ လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာ ချမ်းငြိမ်းက ပြောပါတယ်။

“ကျနော်တို့ ဘေးပြောတာကိုတော့ မယုံနိုင်ဘူးလေ။ တရားဝင် သူတို့တင်ပြမှ ကျနော်တို့က စဉ်းစားလို့ရမှာကိုး။ အဲဒီလို မဟုတ်ဘူးဗျ။ အခု ဆန္ဒပြနေတာ ဘယ်သူက organize လုပ်သလဲ။ ဘယ်သူက ခေါင်းဆောင်လဲ။ ကျနော်တို့က တွေ့တဲ့လူကပြောပြီး၊ နောက်တခါဆိုရင် ကျနော်မပြောရပါဘူး။ ကျမမပြောရပါဘူးဆိုပြီး ဖြစ်ကုန်ရော။ သူတို့က institution လေ၊ Law နဲ့ ပတ်သက်ရင် အကြီးဆုံး Institution ပဲ။ သူလိုအပ်တယ်ဆိုရင်လည်း တရားဝင်ရေးပေါ့ဗျာ။ တရားဝင် မရေးတော့ ကျနော်တို့ ဘယ်သူ့ကို ဆက်သွယ်ရမလဲ။ ကျနော်တို့ ပြင်စေချင်တယ်ဆိုရင် သူတို့ ဘာကိုပြင်စေချင်လဲ။ တရားဝင် ဘာဖြစ်စေချင်သလဲ။ ကျနော်တို့က သူတို့ဖြစ်ချင်တာ ဒါဖြစနေ်တယ်၊ ကျနော်တို့ပေးနေတာက တခြားဟာဖြစ်နေတယ်ဆိုရင် မကောင်းဘူးလေဗျာ။ သူတို့က ပွင့်ပွင့်လင်းလင်းနဲ့ ကျနော်တို့ကို ဆွေးနွေးဖို့ တောင်းမလာရင် ကျနော်တို့က ပညာရေးတော့ ပို့ချင်ပို့မယ်။ ကျနော်တို့တော့ မသိရဘူး။ လွှတ်တော်ကို မတက်တာက၊ ဥပဒေတွေ ကျနော်တို့ လုပ်တယ်လေ။ ကျနော်ကတော့ အသေးစိတ်တွေ ဘာတွေ ရုံးလုပ်ငန်းမဟုတ်တာတွေ သိပ်မပြောချင်ဘူးဗျ။ ရုံးလုပ်ငန်းအနေနဲ့ ဆိုရင်တော့ သူတို့ ကျနော်တို့ကို တရားဝင် တင်ပြထားတာ ဘာမှမရှိဘူး။ တင်မပြလို့ မလုပ်ဘူးတော့ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် ကောင်းတာဆိုရင် အကုန်ပြင်ပေးရမှာပေါ့။ လုပ်ပေးရမှာပေါ့။”

ဒီကနေ့ လွှတ်တော်က ဆွေးနွေးမှုမှာတော့ ပညာရေးဝန်ကြီးဘက်က ကျောင်းသားတွေ ကန့်ကွက်မှုတွေနဲ့ ဥပဒေပါ ပြင်ဆင်သင့်တဲ့ အချက်တွေကို တင်ပြခဲ့ပြီး လွှတ်တော်ဘက်ကလည်း အမျိုးသားပညာရေးဥပဒေမှာ ပြင်ဆင်သင့်တဲ့အချက်တွေကို ဆွေးနွေးခဲ့ပေမဲ့ ဘယ်အချက်တွေကို ပြင်ဆယ်မယ်ဆိုတဲ့ သဘောတူညီချက်တော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း အခုလို အမျိုးသားပညာရေး ဥပဒေအပေါ် ဆန့်ကျင် ကန့်ကွက်မှုတွေကနေတော့ ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့လည်း လွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီရဲ့ ဥက္ကဌ ဒေါက်တာ ချမ်းငြိမ်းက ပြောပါတယ်။

“ဘာမှတော့ မထူးသေးပါဘူး။ ကျနော်တို့ ညှိနေတာဆိုတော့ အမြဲတမ်းနော်။ ညှိနှိုင်းတယ်ဆိုတော့ သူတို့တောင်းဆိုတာတွေ ကျနော်တို့ပေးနိုင်သမျှ ပေးမှာပေါ့ဗျာ။ တချို့ တိုင်းပြည်ပျက်မှာမျိုး ဆိုရင်တော့ ကျနော်တို့ မပေးဘူးပေါ့ဗျာ။ ကောင်းတာဆိုရင် ခွင့်ပြုမယ်၊ မကောင်းတာဆိုရင် ခွင့်မပြုဘူးပေါ့ဗျာ။ တိုင်းပြည်အတွက် မကောင်းရင်ပြောတာပါ။ ကိုယ့်အတွက်ပြောတာ မဟုတ်ပါဘူး။ ကျနော် သေချာပေါက်ပြောရဲတာ အဆင်ပြေမှာပါ။ အဆင်ပြေမယ်ဆိုတာက တိုင်းပြည်အတွက် သူတို့ကလည်း တိုင်းပြည်ကောင်းအောင် ယုံကြည်ချက်ရှိတယ်။ ကျနော်တို့ကလည်း တိုင်းပြည်ကောင်းအောင် ယုံကြည်ချက်ရှိတယ်။ အတွေ့အကြုံကျတော့ နည်းနည်းစီ ကွာကြတာပေါ့ဗျာ။ ကိုယ့်အတွေ့အကြုံလေးတွေနဲ့ကိုယ် အခြေခံပြီးတော့ ပြောနေကြတာပေါ့။ ကျနော်ကတော့ မှတ်ချက်မပေးပါဘူး။ သူတို့ယုံကြည်တာသူတို့ ဒီမိုကရေစီဘောင် စည်းမျဉ်းစည်းကမ်းအတွင်းဆိုရင် ဘာမှ ပြဿနာမရှိဘူး။ စည်းကမ်းချိုးဖောက်ရင်တော့ တမျိုးပေါ့ဗျာ။”

အမျိုးသားပညာရေးဥပဒေကိုတော့ ပညာရေးဝန်ကြီးဌာနက ရေးဆွဲခဲ့ပြီး လွှတ်တော်ကလည်း အတည်ပြုခဲ့ပြီးနောက် သမ္မတက လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဥပဒေကျင့်သုံးရေးအတွက် နည်းဥပဒေတွေတော့ ထွက်ရှိမလာသေးပါဘူး။

ဒီအမျိုးသားပညာရေးဥပဒေမှာ ပြဌာန်းထားတဲ့ ပညာရေးကဏ္ဍကို ဝန်ကြီးဌာနမျိုးစုံက အုပ်ချုပ်နေတာတွေ၊ အမျိုးသားပညာရေးကော်မရှင်နဲ့ အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွေ ထားရှိနေတဲ့ကိစ္စ၊ လူတိုင်း တန်းတူပညာသင်ခွင့်၊ နောက် မိခင်ဘာသာစကားကို သင်ကြားရေးမှာ အသုံးပြုသင့် မပြုသင့်၊ ကျောင်းသား၊ ဆရာသမဂ္ဂတွေ ဖွဲ့စည်းခွင့်၊ ကျောင်းတွေကို အစိုးရက အုပ်ချုပ်မယ့်အစား ကျောင်း၊ တက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့တွေက အုပ်ချုပ်မှု ပုံစံပြောင်းလဲမလား ဆိုတာနဲ့ သင်ရိုးညွှန်းတမ်းတွေကို ဒေသအလိုက် ပြောင်းလဲမလား၊ စာမေးပွဲ စစ်ဆေးမှုစနစ်၊ မသင်မနေရ အခမဲ့စနစ်တွေ တိုးမြှင့်ဖို့နဲ့၊ ပညာရေးအသုံးစာရိတ် တိုးမြှင့်ရေးတို့ကို ဆွေးနွေးလိုတဲ့အကြောင်း ဆန္ဒပြကျောင်းသားတွေက ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

XS
SM
MD
LG