သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်သမားများ ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်


တရားဝင် ဆန္ဒပြခွင့် ဥပဒေ ထွက်လာပြီးတဲ့ နောက်မှာတော့ နှစ်ပေါင်း ၄၀ ကျော် အတွင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင် ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခွင့် ရခဲ့ကြပါတယ်။ ဒါကြောင့် မင်္ဂလာဒုံနဲ့ ရွှေပြည်သာမြို့နယ်တွေက သိမ်းဆည်းခံရတဲ့ လယ်ဧက ၄,၀၀၀ လောက် အတွက် ကိုယ်စားပြုတဲ့ လယ်သမား ၂၀၀ ခန့်က ဆန္ဒထုတ်ဖော်ထုတ် ခဲ့ကြပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။

ရွှေပြည်သာ မြို့နယ်နဲ့ မင်္ဂလာဒုံမြိုနယ်တွင်းမှာ စစ်တပ်၊ ရဲ တပ်ရင်းနဲ့ ကုမ္ပဏီတွေက သိမ်းဆည်းခံထားရတဲ့ လယ်ဧက ၄,၀၀၀ လောက်အတွက် လယ်သမားတွေက စီတန်းလမ်းလျှောက်ပြီး ဆန္ဒ ထုတ်ဖော်ပွဲ လုပ်ခဲ့ကြတာပါ။ အခုလို ဆန္ဒ ထုတ်ဖော်နိုင်ခဲ့တဲ့အတွက် ကျေနပ်မှု ရှိခဲ့တဲ့အကြောင်းကိုတော့ လယ်သမားရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောပါတယ်။

“ကျနော်တို့ကတော့ နှစ်ပေါင်း ၄၀ ကျော်လောက်ကို ဒီလို တရားဥပဒေနဲ့အညီ လုံခြုံရေး အစောင့်အရှောက်တွေ လိုက်ပါပြီးတော့ ဆန္ဒပြခွင့်ရတာ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် ကျနော်တို့ အချိန်တွေ၊ လူဦးရေတွေ ကန့်သတ်ခြင်း ခံရသော်လည်း ကျေနပ်မှုတော့ ရှိပါတယ်။ ဘာဖြစ်လို့ ကျေနပ်မှု ရှိလဲလို့ ပြောနိုင်လဲဆိုတော့ ဒီမှုခင်းတွေနဲ့ ပတ်သက်လို့ သေသေချာချာ မီဒီယာတွေရဲ့ ရှေ့မှာ ဖွင့်ထုတ် ဖော်ပြနိုင်ပါတယ်ခင်ဗျ။ စက်မှုဇုံ (၁) က တောင်သူလယ်သမားတွေ ဆိုရင် လျှပ်တပြတ် ဂျာနယ်မှာ ရေးထားတာက အကုန်လုံး ဇုံ (၁)၊ (၂)၊ (၃) ကို လျှော်ကြေးတွေ ပေးပြီးသွားပြီလို့ ရေးထားတော့ တောင်သူ လယ်သမားတွေက လယ်သမား ၁၀၀ ကျော် လက်မှတ်ထိုးပြီးတော့ အဲဒီစာတွေကိုပါ မီဒီယာတွေကို ပေးလိုက်နိုင်ပါတယ်ခင်ဗျ။ မှုခင်းတွေကတော့ ရွှေနံ့သာ ရော၊ မင်္ဂလာဒုံ စက်မှုဇုံ (၁)၊ (၂)၊ (၃)၊ သင်္ကန်းကျွန်းကြီး ရွာသားတွေ အမှုရော၊ ဝါးတရာ အမှုရော၊ ဝါးတရာမှာဆိုရင်လည်း အဲဒီလိုပေါ့ဗျာ၊ မူလပိုင်တဲ့ လယ်သမားရဲ့နေရာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးတော့ တခြားသူတွေက ဝင် ရောင်းစားလိုက်တဲ့ ဟာမျိုးပေါ့။ နောက်တခါ တပ်မတော်က သိမ်းပြီးတော့ သူဌေးတယောက်ကို ပြန်ရောင်းစားလိုက်တဲ့ စာမျိုးပေါ့။ နောက် ရဲတပ်ရင်းက သိမ်းပြီးတော့ ကုလားသူဌေးကို ရောင်းစားလိုက်တဲ့ ဟာမျိုးပေါ့။ အဲဒီလို မှုခင်းတွေကို ကျနော်တို့က တခုချင်းစီ ဖော်ထုတ်ပါတယ်ခင်ဗျ။”
ဆန္ဒပြ လယ်သမားတွေဟာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ရုံးချုပ်ရှိရာ လမ်းသစ်လမ်းကနေ စတင် ချီတက်ခဲ့ကြပြီး အဲဒီကနေ ထောက်ကြံ့လမ်းဆုံကို ဆက်လက် ချီတက်ခဲ့ပြီးတဲ့နောက် ရန်ကုန်-ပဲခူး လမ်းမကြီးပေါ်မှာရှိတဲ့ မြနန္ဒာပန်းခြံမှာ သွားရောက် စုဝေးကြပြီး သူတို့ဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြတာပါ။ မိရိုးဖလာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ခဲ့တဲ့လယ်မြေတွေမှာ ပြန်လည် လုပ်ကိုင်ခွင့် ရဖို့အတွက် ဆန္ဒပြ လယ်သမားတွေက တောင်းဆိုနေခဲ့တာပါ။ သူတို့လယ်တွေ ပြန်ရဖို့အတွက် လုပ်ဆောင်ရာမှာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ မြေယာမှုခင်း အယူခံကို လက်ခံမပေးတဲ့အတွက် သူတို့အနေနဲ့ ဆန္ဒပြရတာလို့လည်း ပြောပါတယ်။

“မြေကမ္ဘာ ကုမ္ပဏီနဲ့ တောင်သူ လယ်သမားတွေက အငြင်းအခုံ ဖြစ်နေတယ်။ ပြည်သူ ပြည်သူချင်း အငြင်းအခုံ ဖြစ်တဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းကို ကျနော်တို့က ငှားရမ်းထားတာ။ ကျနော်တို့က ပြည်သူလူထုက လစာပေးပြီးတော့ ခန့်ထားတာ။ အဲဒါသည် ဒိုင်လူကြီးသဖွယ် ပြည်သူပြည်သူချင်း အငြင်းပွားမှုမှာ တရားသဖြင့် ဖြစ်အောင် လုပ်ပေးဖို့ အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက မြေယာမှုခင်း အယူခံကို လက်မခံဘူး။ အဲဒီအတွက်ကို ကျနော်တို့က ဆန္ဒပြတာဗျ၊ လက်မခံဘဲ အိုးအိမ်ကို သွားပါ။ စည်ပင်ကို သွားပါဆိုတဲ့စာကို ထုတ်တယ်။ အဲဒီတော့ အိုးအိမ်မှာလဲ သီးစား ချထားရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ မရှိဘူး။ သီးစားချထားပိုင်ခွင့် မရှိဘူး။ စည်ပင်မှာလည်း လယ်ယာမြေကို သီးစားချထားပိုင်ခွင့် မရှိဘူး။ မြို့နယ် မြေယာကော်မတီက နည်းဥပဒေ (၁၅) အရ သီးစားချထားတဲ့ အယူခံတွေ လက်ခံစစ်ဆေးလို့ ရတယ်ဗျ။ အဲဒါကို လက်မခံတဲ့အတွက် ကျနော်တို့က ဆန္ဒပြတာပါ။”

မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ လယ်သမားတွေ ဖြစ်ပါတယ်။ လယ်သမားအမျိုးစုကတော့ လက်ရှိ အခြေအနေမှာ လယ်သိမ်း ယာသိမ်းခံရတာတွေကြောင့် အခက်အခဲတွေကို ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့လတွေကစပြီး လယ်သမားတွေဟာ အိုးအိမ်ဦးစီးဌာန ရုံးရှေ့တွေမှာ ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေကိုလည်း လယ်တွေကို အတင်းအကျပ် သိမ်းယူတယ်ဆိုပြီး တရားစွဲဆို ခဲ့သလို ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတွေမှာလည်း ထွန်တုံး တိုက်ပွဲဆိုပြီး လယ်တွေကို ကိုယ့်ဖာသာပြန်ပြီး ထွန်ယက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက် အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်ခြင်း၊ ခေါ်ယူသတိပေးခြင်း၊ တရားစွဲဆိုခြင်းတွေ ကိုလည်း ခံနေရတာတွေလည်း ရှိပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ လယ်သမာတွေအနေနဲ့ တရားဝင်အရ ပထမဦးဆုံးအကြိမ် အဖြစ် ဆန္ဒထုတ်ဖော်ခွင့် ရတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG