သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ နှစ်ချီ ပိတ်လှောင် ခိုင်းစေခံရသူ မြန်မာရေလုပ်သားသုံးဦး လွတ်မြောက်လာ


လွတ်မြာက်လာသော မြန်မာရေလုပ်သား သုံးဦး။ ဓါတ်ပုံ- ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)
လွတ်မြာက်လာသော မြန်မာရေလုပ်သား သုံးဦး။ ဓါတ်ပုံ- ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)

ထိုင်းနိုင်ငံ ချုံဘူရီခရိုင်၊ ချောင်းစမေးစံ လှေဆိပ် နှစ်ခွတံတား လို့ ခေါ်တဲ့ လှေဆိပ် မှာ နှစ်ချီ ပိတ်လှောင်ခိုင်းစေ ခံထားရတဲ့ မြန်မာ ရေလုပ်သား ၃ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က တနင်္ဂၤနွေနေ့က သွားရောက် ကယ်ဆယ်ခဲ့ပါတယ်။ မအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ချုံဘူရီခရိုင် ချောင်းစမေးစံ လှေဆိပ်မှာ ရောင်းစားခံရတဲ့ လှေလုပ်သား များစွာကို ကယ်ဆယ်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ဟာ ဒီတခါမှာတော့ ၃လကနေ ၃နှစ်ကျော် ကြာတဲ့အထိ အဲဒီလှေဆိပ်မှာပဲ အခကြေးငွေ အနည်းငယ်သာပေးပြီး၊ ပိတ်လှောင် ခိုင်းစေခံထားရတဲ့ မြန်မာရေလုပ်သား ၃ဦးကို တနင်္ဂနွေနေ့က သွားရောက် ကယ်ဆယ်ခဲ့တာပါ။

သူတို့တွေဟာ လူကုန်ကူး ခံရမူဥပဒေနဲ့ ညှိစွန်းနေသူများ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားများ အဖွဲရဲ့ အမူဆောင် ဒါရိုက်တာ ဦးကျော်သောင်းက ဆိုပါတယ်။

“လူကုန်ကူးခြင်းကို ထိုင်း မှာ ပြဒါန်းထားတဲ့ ဥပဒေက အလုပ်သမားတွေကို ပိတ်လှောင်ထားတာမျိုးတို့၊ ကြိုးတဲ့ ချည်ထားတာမျိုးတို့၊ နှိပ်စက် ညှင်းပန်းတာမျိုးတို့၊ လုပ်အားခ မပေးတာမျိုးတို့ဆိုရင် လူကုန်ကူးမှု ဥပဒေထဲမှာ အကျုံးဝင်တယ်။”

လှေလုပ်သား တဦးကတော့ အဲဒီနေရာတွေမှာ နေထိုင်ရစဉ်မှာ ပိတ်လှောင် ခိုင်းစေခံရတဲ့ သူတို့ အခြေအနေကို ရှင်းပြပါတယ်။

“ဟုတ်ကဲ့ ခင်ဗျ။ ဒီနေရာမှာ ဘယ်လို လူမျိုးတွေ ရှိသလဲ ဆိုတော့ ဒီနေရာမှာ ကျွန်တော်တို့ ဗမာပြည်က လူတွေကို ခေါ်တင်လာပါတယ်။ ခေါ်တင်လာပြီးရင် သူတို့ အခန်းတံခါးကို ပိတ်လှောင်ထားပြီးတော့ ဒီနေရာမှာ ပွဲစားတွေ ရှိပါတယ် ခင်ဗျာ။ အဲဒီလူတွေက လူတွေကို ပိတ်လှောင်ထားတယ်။ အခန်းတစ်ခန်း ထဲမှာ ၁၅ယောက် အယောက်၂၀ကို သော့ခတ်ထားတယ်။ သော့ခတ်ထားပြီးလို့ ရှိရင် လှေ ထွက်မယ့် နေ့မှာမှ၊ လှေ ဘယ်အချိန် ဘယ်အချိန် ထွက်မယ်ဆိုမှ လှေထဲကို သွားချပါတယ်။ ၁၅ရက် ကြာမယ်ဆိုရင် ၁၅ရက်ပြီးတာနဲ့ ပြန်ဝင်လာရင် ပြန်ပြီးတော့ အခန်းထဲမှာ သော့ခတ်ထားပါတယ် ခင်ဗျာ။ သော့ခတ်ထားပြီးမှ သူတို့အလုပ်ချိန်ပြီး၊ ပြန်ထွက်ရမယ့် အချိန်မှ ပြန်ပေး ထွက်ပါတယ်။ ပြီးတော့ နောက်တစ်ချက် လှေသားတွေကို အခကြေးငွေ မပေးပဲ၊ မူးယစ်ဆေးပဲ ပေးပြီးတော့၊ သူတို့က သုံးစွဲခိုင်းနေပါတယ် ခင်ဗျာ။ ”

နောက်ထပ် လှေလုပ်သား တဦးကတော့ ကျန်းမာရေး မကောင်းတာတောင် ထွက်လို့မရတဲ့ လှေလုပ်သားတွေရဲ့ အခြေအနေကိုရှင်းပြပါတယ်။

“ကျွန်တော်က ဘယ်လိုလဲ ဆိုတော့ ရှမ်းစကားလည်း မတတ်ဘူးပေါ့။ ဗမာသား ဆိုတော့ ရိုးရိုးဆိုတော့ သူတို့ အချုပ်ကလွတ် သွားလို့လဲ မရဘူး။ ဘယ်မှ သွားလာလို့ မရဘူးပေါ့။ မူးယစ်ဆေးဝါး သုံးစွဲ၊ အလုပ်လုပ်၊ အချိန်တန်နေ၊ အိပ်၊ လှေပြန်ထွက် အဲလို။ ကျွန်တော် ဘယ်လို ပဲဖြစ်ဖြစ် ကျန်းမာရေး မကောင်းလို့ တောင်မှ ထွက်မရဘူးပေါ့။ ”

နောက်တဦးကတော့ သူ မျက်စိရှေ့မှာ ကြုံခဲ့ရတဲ့ ထိတ်လန့် စရာ မြင်ကွင်းတွေကြောင့် မနေထိုင် ရဲတော့ဘူးလို့ ဆိုပါတယ်။

”နှစ်နှစ်ကျော်သွားပါပြီ။ ကျွန်တော် တွေ့မြင်ရတာတင် သူတို့ သတ်ဖြတ်တာ သုံးလေးယောက်ရှိသွားပါပြီ။ ကျွန်တော်လဲ မနေရဲတော့ဘူး။ သူတို့က မူးယစ်ဆေးဝါး တအားသုံးကြတယ်။ နောက်ပြီးရင် လူမိုက်ပေါတယ် ခင်ဗျ။”

သူတို့တွေကို ကယ်ဆယ်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ကတော့ ကယ်ဆယ်ခဲ့ချိန်မှာအလုပ်သမားတွေကို ပိတ်လှောင် ခိုင်းစေထားသူတွေ ကော အလုပ်သမားတွေ ကော တောင်းဆိုချက်အရ ရဲတွေကို ခေါ်မလာပါဘူးဆိုတဲ့ သဘောတူညီချက်နဲ့ သွားရောက် ခေါ်ယူခဲ့ရကြောင်း၊ အလုပ်သမားတွေရဲ့ ဆန္ဒအရ သူတို့အသက် အန္တရယ်ကိုလည်း စိုးရိမ်တာရယ် အမူ ရင်ဆိုင်တာကို မလုပ်ချင်ကြဘူး လိုဆိုပါတယ်။

ဒီနေရာကနေ အမြန်ဆုံး ထွက်ခွာနိုင်ဖို့နဲ့ နောက်ထပ် အလုပ်ရွေ့ပြောင်း လုပ်ချင်တာ ကြောင့် ခေါ်ထုတ်လို့ ရအောင် ကြိုစားခဲ့ရတယ်လို့ သွာရောက် ကယ်ဆယ်ခဲ့တဲ့ ဦးစိုင်းအေးက ပြောပြပါတယ်။

“အခုကိုလည်း သူတို့က ပြန်ပေးလိုက်တာ ဆိုတော့ သူတို့က မခေါ်လာနဲ့။ ခေါ်လာလို့ ရှိလို့ ရှိရင် တာဝန်မယူဘူးပေါ့။ ကျွန်တော်တို့ ရဲတွေ ခေါ်လာလဲ ကျွန်တော်ကတော့ ကြားထဲကတော့ လွတ်မှာ မဟုတ်တောဘူးလို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီဘက်မှာ လူမိုက်တွေများတယ်။ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေ အများပေါနေတယ်။ ကိုယ့်လူကိုယ် ပြန်ထုတ်တဲ့ နည်းလမ်းပဲ ကျွန်တော် ရွေးလာခဲ့ ရတယ်။ နောက်ပြီးတော့ တခြား နေရာမှာလည်း အလုပ်သွားလုပ်လို့ တရားဥပဒေနဲ့ ရင်ဆိုင်ရမယ်ဆိုလို့ ရှိရင်၊ မနည်းဘူးပဲ နှစ်တွေ ကြာသွားမယ်။ အိမ်ကိုလဲ လုပ်အားခနဲ့ ငွေတွေ ပြန်မပို့ နိုင်ပဲ နေမယ်ပေါ့နော်။ ကျွန်တော်တို့ အတွေ့အကြုံတွေထဲမှာ ဆိုရင်လဲ ထိုင်းနိုင်ငံ ဥပဒေနဲ့ ရင်ဆိုင်နေရတာလည်း တအားများခဲ့ပြီ။ အတွေ့အကြုံပေါင်းလည်း များသွားပြီ ဆိုတော့ ကျွန်တော်တို့ ဖြစ်နိုင်တဲ့ နည်းနဲ့ပဲ ကူညီ ကယ်ထုတ်လာပေးခဲ့ရတယ်။ ”

ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်ကိုင် နေရတဲ့မြန်မာ ရေလုပ်သားတွေကတော့ အခုလိုမျိုး အဖြစ်တွေနဲ့ အများဆုံးကြုံ နေရတာပါ။ သူတို့တွေမှာ ရေလုပ်သားအဖြစ် အလုပ်လုပ်ခွင့် ပန်းရောက်ကဒ်တွေ ရှိပေမဲ့ အလုပ်သမားတွေဟာ လွတ်လပ်စွာ သွားလာခွင့်မရပဲ မလုပ်ချင်တဲ့ အလုပ်တွေမှာ ပိတ်လှောင် ခိုင်းစေခံထား ရတာပါ။

မကြာသေးခင် တုန်းကတော့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ် နိုင်ငံတော် အတိုင်ပင်ခံလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ထိုင်းနိုင်ငံ ၃ရက်တာ ခရီးစဉ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ်နဲ့ သဘောတူ စာချုပ်များ ရေးထိုး ခဲ့ပြီး၊ ရေလုပ်သားတွေ ကိုလည်း အများနည်းတူ အကျိုး ခံစားခွင့်တွေ ပေးဖို့ဆိုတဲ့ အချက်၁ ချက်လည်း ပါဝင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG