သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ဆွေးနွေးပွဲ ပြန်စဖို့ အစိုးရကမ်းလှမ်း


တရုတ်-မြန်မာနယ်စပ် ရွှေလီမှာ အစိုးရငြိမ်းချမ်းရေးကော်မတီအဖွဲ့နဲ့ ကေအိုင်အိုတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်စဉ် မတ် ၈၊ ၂၀၁၂။
တရုတ်-မြန်မာနယ်စပ် ရွှေလီမှာ အစိုးရငြိမ်းချမ်းရေးကော်မတီအဖွဲ့နဲ့ ကေအိုင်အိုတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်စဉ် မတ် ၈၊ ၂၀၁၂။
ကချင်လွတ်လပ်ရေးအဖွဲ့ KIOနဲ့ အပစ်အခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးဖို့အတွက် ဒီရက်ပိုင်းတွေအတွင်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဘက်က ထပ်မံကမ်းလှမ်းထားပြီး ဒီတကြိမ်မှာတော့ KIO ဖက်က တောင်းဆိုထားတဲ့ တရုတ်နိုင်ငံရွှေလီမြို့မှာ တွေ့ဆုံဖို့ရှိနေပါတယ်။ KIOဘက်ကတော့ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးကော်မတီရဲ့ ကမ်းလှမ်းချက်ကို ဗဟိုကော်မတီအစည်းအဝေး ထိုင်ပြီးတဲ့နောက်မှာ ဆွေးနွေးမယ့် နေရာနဲ့ ရက်ကို အကြောင်းပြန်ဖို့ ရှိနေပါတယ်။ ဒီတကြိမ်တွေ့ဆုံမှုမှာတော့ မပြေလည်သေးတဲ့ တပ်နေရာချထားရေး ကိစ္စတွေကို အလေးထားဆွေးနွေးမယ့်အလားအလာရှိကြောင်းလည်း KIO ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

KIO နဲ့အစိုးရအကြားမှာ ဇွန်လအတွင်းက နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ပြီးတဲ့နောက် အပစ်အခတ် ရပ်စဲရေးတွက် နှစ်ဖက်အကြား ဆွေးနွေးတာတွေဟာ ၃လကျော်လောက် ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ ဒီလိုရပ်တန့်နေခဲ့တဲ့ အကြောင်းအချက်တွေထဲမှာ ဆွေးနွေးမယ့်နေရာ မသတ်မှတ်နိုင်တာကလည်း အကြောင်းရင်း တခုဖြစ်ခဲ့ပါတယ်။ ဒီရက်ပိုင်းမှာတော့ KIOဘက်က တင်ပြထားတဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ထပ်မံဆွေးနွေးဖို့ အစိုးရဘက်က ကမ်းလှမ်းထားတယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးဆန်အောင်က ပြောပါတယ်။

“ဒီရက်ပိုင်းတော့ ဖြစ်လာမှာပါ။ အခု အစိုးရဖက်က အဆိုပြုထားတာရှိပါတယ်။ ၁၀ရက်နေ့ ညနေ ပို့တာပါ။ အရင်တုံးက KIO က အဆိုပြုထားတဲ့ ရွှေလီကိုပဲ အစိုးရက သဘောတူပေးလိုက်တာပါ။"

တွေ့ဆုံမယ့်ရက်ကိုတော့ KIOဗဟိုကော်မတီအစည်းအဝေးက ဆုံးဖြတ်ပြီးတဲ့နောက်မှ အတိအကျ သိရမှာဖြစ်ကြောင်း ဦးဆန်အောင်က ဆက်ပြောပါတယ်။

“၁၁ရက်နေ့ကျ KIO က စာလက်ခံရပြီး ဒီကိစ္စကို နေရာ၊ အချိန်၊ ရက်တွေကို ကျနော်တို့ KIO ဗဟိုမှာ ဆွေးနွေးပြီးမှ ပြန်လည် အကြောင်းကြားပါမည်ဆိုပြီးမှ KIO ကလည်း အကြောင်းပြန်ပြီးပါပြီ။ ဆိုတော့ သူတို့ အစည်းအဝေး ထိုင်ပြီးတာနဲ့တော့ ရက်ကို သိရပါမယ်။ နေရာတော့ ပြဿနာမရှိတော့ဘူး ထင်ပါတယ်။”

KIO နဲ့ အစိုးရအကြားပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းက တိုက်ပွဲတွေ ပြန်လည် စတင်ပြီး တဲ့နောက် ပြည်နယ်အဆင့်နဲ့ ၃ကြိမ်၊ ဦးအောင်သောင်းခေါင်းဆောင်တဲ့ ပြည်ထောင်စု အဆင့်နဲ့ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၃ကြိမ် ဆွေးနွေး ခဲ့ပါတယ်။ ဒီနှစ် မေလဆန်းက အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအသစ်ပြန်လည် ဖွဲ့စည်းပြီးနောက်မှာ လက်ရှိ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ကချင်ပြည်နယ်အတွင်းက KIOထိန်းချုပ်ရာ မိုင်ဂျာယန်မှာ အလွတ်သဘော ၃ကြိမ်တွေ့ဆုံခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက တရားဝင်ဆွေးနွေးပွဲကို မူဆယ်သို့မဟုတ် ဗန်းမော်မှာ ကျင်းပဖို့ အစိုးရဘက်က ကမ်းလှမ်းရာမှာတော့ KIO က တိုက်ပွဲတွေပြင်းထန်နေချိန်မှာ အစိုးရနယ်မြေအတွင်း မဆွေးနွေးလိုကြောင်းနဲ့ တရုတ်နိုင်ငံ ရွှေလီမှာ တွေ့ဆုံလိုကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ သြဂုတ်လ၂၅ရက်နေ့က အစိုးရဘက်က နေပြည်တော် ဒါမှမဟုတ် မူဆယ်မှာ တွေ့ဆုံဖို့ ထပ်မံအကြောင်းကြားခဲ့ပေမဲ့ KIO ဖက်က လက်မခံခဲ့ပါဘူး။

ဒီတခေါက်မှာတော့ ရွှေလီမှာ တွေ့ဆုံဖို့ အစိုးရဖက်က ကမ်းလှမ်းထားတာကြောင့် ၃လကျော် ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖွယ်ရှိတယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်တဲ့ ဦးဆန်အောင်က သုံးသပ်ထားပါတယ်။ တွေ့ဆုံဆွေးနွေးမယ့် ရက်ကို သိနိုင်ဖို့ KIO ဗဟိုဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ တယ်လီဖုန်းဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြည်ပမှာ ရောက်ရှိနေတဲ့ KIO ရဲ့ အထွေထွေအတွင်းရေးမှုး ဒေါက်တာလဂျာကတော့ တကယ်လို့ ဆွေးနွေး ဖြစ်မယ်ဆိုရင် တပ်နေရာချထားရေးကိစ္စတွေကို အဓိက ဆွေးနွေးဖြစ်နိုင်ကြောင်းပြောပါတယ်။

“ဆွေးနွေးမယ် ဆိုရင်တော့ တပ်ပိုင်းပဲ ရှိမှာပဲ။ တပ်ပိုင်းသဘောပဲ။ အချင်းချင်း ယုံကြည်မှုတည်ဆောက်ဖို့က အဲဒီ တပ်ပိုင်းကိစက အခုထိ ဘာမှ မဖြစ်သေးတာ။”

မြန်မာအစိုးရနဲ့ KIOနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ ဒီရက်ပိုင်းအတွင်းမှာတော့ ကချင်ပြည်နယ် ဖားကန့်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဖက်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။ နှစ်ဘက်တပ်တွေအကြား ဖြစ်ပွားတဲ့ တနှစ်ကျော်ကြာ စစ်ပွဲကာလအတွင်းမှာတော့ စစ်ပြေးဒုက္ခသည် ၁သိန်းလောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG