သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ ကနေဒါရောက်မြန်မာတွေ တောင်းဆို


၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ကနေဒါရောက် မြန်မာများ ဆန္ဒဖော်ထုတ်နေစဉ်။ (ဓာတ်ပုံ-ရဲရင့်ငယ်/မတ်လ ၁၅၊ ၂၀၁၄)
၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ကနေဒါရောက် မြန်မာများ ဆန္ဒဖော်ထုတ်နေစဉ်။ (ဓာတ်ပုံ-ရဲရင့်ငယ်/မတ်လ ၁၅၊ ၂၀၁၄)
မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ပြင်ဆင်စရာအများကြီးရှိနေတဲ့၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ ကနေဒါရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေက မတ်လ ၁၅ ရက်နေ့ စနေနေ့မှာ တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြပေးထားပါတယ်။

မတ်လ ၁၃ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၂၆ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးအခြေအနေတွေ မကောင်းမွန်သေးတာကို မမေ့ကြဖို့ ကနေဒါနိုင်ငံ Toronto မြို့က မြို့တော်ခန်းမရှေ့မှာ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

…ကြွေးကြော်သံများ…

“အဓိက-ကတော့ လူ့အခွင့်အရေးနေ့မှာ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဓိကတောင်းဆိုချင်တယ်လေ။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တာတွေလည်း ကျနော်တို့အများကြီး ပြင်ရမယ်ဆိုတာကို ကျနော်တို့ တွေ့နေတယ်ပေါ့နော်။ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အရင်တုန်းကနဲ့စာရင်တော့ နည်းနည်းတော့ တိုးတက်တယ်လို့ ကျနော်တို့ သဘောတူပါတယ်။ သို့သော်လည်းပဲ အခုချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိနေသေးတယ်။ တချို့ နေရာတွေမှာ ပါတီတွေ အင်အားပြိုင်မှုတွေမှာ အစိုးရရဲ့ဘက်လိုက်မှုတွေ အများကြီး ရှိတယ်လို့ ကျနော်တို့မြင်တယ်။ လူ့အခွင့်အရေးဘက်မှာတော့ သိသိသာသာတိုးတက်မှု မရှိသေးဘူးလို့ ထင်ပါတယ်ခင်ဗျာ။”

တိုရမ်တိုမြို့တော်ခမ်းမရှေ့က ဆန္ဒပြပွဲဦးဆောင်သူ မြန်မာကျောင်းသားများဒီမိုကရက်တစ်အဖွဲ့ (ကနေဒါ) က အမှုဆောင်ဒါရိုက်တာ တင်မိုသီဇော်ဇော်က ဗွီအိုအေကို ပြောသွားတာပါ။ ဒီလိုလူ့အခွင့်အရေး တိုးတက်မှုရှိလာအောင် ဒီမိုကရေစီနည်းကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် ပြောင်းလဲအောင် ကြိုးပမ်းနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တွင်းအင်အားစုတွေကို ကနေဒါရောက်မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကလည်း ထောက်ခံဆိုတဲ့အကြောင်း ဆန္ဒထုတ်ဖော်နေကြတာဖြစ်တယ်လို့ ဦးတင်မိုသီဇော်ဇော်က ဆက်ပြောပါတယ်။

“အဓိက-ကတော့ ပြည်တွင်းမှာရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံပါတီတွေ အားလုံးကကြိုးစားနေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဓိက ဦးတည်ပြီးကျင်းပတာပေါ့နော။ ပြည်တွင်းထဲမှာရှိတဲ့ အတိုက်အခံအင်အားစု အများစုရဲ့အသံကို ကျနော်တို့ နံပါတ် (၁) နားထောင်ပါတယ်။ တချို့ကလည်း ပြင်ဆင်ချင်တယ်၊ တချို့ကလည်း အသစ်ရေးဆွဲချင်တယ်။ ဒါပေမယ့် အရေးအကြီးဆုံး အချက်က တချိန်မှာ အဖြစ်နိုင်ဆုံးနဲ့ အနီးစပ်ဆုံးအရာကို တူညီနိုင်တာကို စုပေါင်းပြီးတော့ တောင်းဆိုရမယ်ဆိုတာကို ပထမအချက်အနေနဲ့ နားလည်တယ်လေ။ ပြင်ဆင်ရုံတစ်ခုတည်းနဲ့ အရာအားလုံးကို ခြုံငုံမိမှာမဟုတ်ဘူးဆိုတာကို ကျနော်တို့နားလည်ပါတယ်။ သို့သော်လည်းပဲ တဆင့်ပြီးတဆင့် သွားရမယ်ဆိုတာကို ကျနော်တို့အနေနဲ့ ခံယူတယ်လေ။”

အခုထိ ချိုးဖောက်ခံနေရဆဲဖြစ်တဲ့ လူ့အခွင့်အရေးအခြေအနေတွေ နောက် လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပံုံအခြေခံ ဥပဒေနဲ့ပတ်သက်ပြီး ကနေဒါအစိုးရနဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ကနေဒါနိုင်ငံသားတွေ သိရှိနိုင်အောင် ရည်ရွယ်ပြီးတော့ ကနေဒါရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။

“မြန်မာကျောင်းသားများ ဒီမိုကရက်တစ်အဖွဲ့က အဓိကဦးစီးလုပ်တာဖြစ်တယ်။ သို့သော်ငြားလည်း ဒီမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံပေါ့နော်-ကိုယ်စားလှယ်တွေ အားလုံးလာကြပါတယ်။ အထူးသဖြင့်တော့ ဒီမှာရှိတဲ့ Burmese Community ကို Base ခံပြီးတော့ လုပ်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ ကနေဒါမှာရှိနေတဲ့ Native Canadians တွေကိုပေါ့နော်- ကျနော်တို့က Message ပေးချင်တယ်။ သူတို့ကမှတဆင့် ကနေဒါ Government ကို သူတို့ရဲ့ Legislation တွေကို ပြောင်းဖို့အတွက်ကို ကျနော်တို့ ကနေဒါမှာရှိနေတဲ့ မြန်မာ-ကနေဒီယံတွေပေါ့နော်- ဒီလူတွေရဲ့ Voice က ဘယ်လိုရှိတယ်၊ Concern က ဘယ်လိုရှိတယ်ဆိုတာကို Government ကို ပြသချင်တဲ့သဘောပါပဲ။”


၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီ အခွင့်အရေးတွေ တိုင်းရင်းသားလူမျိုးစုအခွင့်အရေးတွေအတွက် အာမခံချက်မရှိသလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကာအကွယ်ပေးသလိုဖြစ်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင်ဒီဥပဒေကို ဆက်ပြီး ကျင့်သုံးနေမယ်ဆိုရင် အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ကနေဒါရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေကပြောပါတယ်။
XS
SM
MD
LG