သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် အလုပ်သမား စာရင်းကွာ


စာရင်းဇယားတွေအရ တရားဝင်ရော တရားမဝင်ရော မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းမှာ လာရောက် အလုပ်လုပ်ကိုင်နေကြသူ ၃ သန်းထက်မနည်း ရှိနေပါတယ်။
စာရင်းဇယားတွေအရ တရားဝင်ရော တရားမဝင်ရော မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းမှာ လာရောက် အလုပ်လုပ်ကိုင်နေကြသူ ၃ သန်းထက်မနည်း ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင် ဝင်ရောက် အလုပ်လုပ်နေကြတဲ့ အလုပ်သမား အရေအတွက်က တစ်လအတွင်းမှာ ရှစ်သိန်းလောက် လျော့သွားတဲ့ အကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းတွေက ဖော်ပြပါတယ်။ ဒါပေမယ့်လို့လည်း ဒါက တကယ်တမ်းမှာ အလုပ်သမားတွေ လျော့နည်း သွားတာမျိုး မဟုတ်ဘဲ စာရင်းအင်းလွဲချော်တာ ဖြစ်နေတာမို့လို့ စနစ်တကျရှိအောင် ဒီ့ထက်ပိုပြီးတော့ ဆောင်ရွက် သင့်တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ထောက်ပြနေကြပါတယ်။ ဒီအကြောင်းစုံကိုတော့ ဘန်ကောက် ရောက်နေတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က စုံစမ်းထားပါတယ်ရှင်။

ဟုတ်ကဲ့ပါ။ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သူ့နိုင်ငံထဲမှာ တရားဝင် လာရောက် အလုပ် လုပ်နေကြသူတွေကို အလုပ်သမား မှတ်ပုံတင်ပြီးတော့ စာရင်းဇယားနဲ့ မှတ်တမ်းပြုစုထားတာပါ။ ဒါပေမယ့် အဲဒီ့ စာရင်းဇယားတွေဟာ ပုံမှန် အားဖြင့်တော့ တိကျ မှန်ကန်မှု မရှိဘူးလို့ ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်မှာ ရွေ့ပြောင်းနေထိုင်ကြသူများ အကြောင်း သုတေသန ပြုနေသူ Andy Hall က ပြောပါတယ်။

“သူပြောသွားတာကတော့ အစိုးရရဲ့ စာရင်းဇယားတွေက အရမ်းကို နားလည်ရ ခက်စေပါတယ်တဲ့။ နောက် သောကြာနေ့တုန်းက ဘန်ကောက်မှာ လုပ်သွားတဲ့ အစည်းဝေးတခု မှာလည်း အလုပ်သမား ဝန်ကြီးက အခုလို လူ ရှစ်သိန်းလောက် စာရင်းကွာနေတဲ့ ကိစ္စကို အတည်ပြု ပြောကြား သွားပါတယ်တဲ့။ ဒါကြောင့် အလုပ်သမား ဝန်ကြီးဌာန အနေနဲ့ အဲ့ဒီလို ဘာကြောင့် ဖြစ်ရတယ် ဆိုတာကို ရှင်းလင်းပြဖို့ တာဝန်ရှိတယ်လို့ သူထင်ပါတယ်လို့ ပြောသွားတာပါ။”

တကယ်တော့ ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်ကြတဲ့ တရားဝင် အလုပ်သမားတွေ ကိုယ်တိုင်က အလုပ်ရှင်ရဲ့ ထိန်းချုပ် ထားမှုကို ခံနေရကြရတာကြောင့် အလုပ်သမားကဒ်တွေ ဆင့်ပွား လုပ်လာကြရာက အခုလို စာရင်း ဇယား ကွာဟမှုတွေ ဖြစ်လာတာလို့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေ အရေး အကျိုးဆောင် ပေးနေသူ ဦးကျော်သောင်းက ပြောပါတယ်။

“အဲ့ထိုင်းမှာက ဘာလဲဆိုရင် အလုပ်သမားတယောက်မှာ ဂဏန်းဆယ့်သုံးလုံး နံပါတ် တချို့နှစ်မျိုးရှိတယ်၊ တချို့သုံးမျိုးရှိတယ်။ ဘာ့ကြောင့်ရှိနေလဲ။ ထိုင်းမှာပြဋ္ဌာန်းထားတဲ့ ဒီ ရွှေ့ပြောင်း အလုပ်သမား ဆိုင်ရာဥပဒေမှာက အလုပ်သမားတယောက် အလုပ်ရှင် အသစ် ပြောင်းမယ် ဆိုလို့ ရှိရင် အလုပ်ရှင်အဟောင်းက ခွင့်ပြုမှ ပြောင်းလို့ရတယ်။ နံပါတ်နှစ်က ဘာလည်း ဆိုလို့ ရှိရင် အဲ့ဒီအလုပ်သမား တယောက်ဟာ အလုပ်သမားကို လွယ်လင့်တကူ ပြောင်းလဲလို့ မရအောင် အပြီး ချည်ပြီး တုတ်ပြီး ထိုင်းဥပဒေမှာ ပြဋ္ဌာန်းထား တာဖြစ်တယ်။ ဒါကြောင့်မို့လို့ အလုပ်သမားတွေက ဘာလုပ်လဲ ဆိုရင် အရင်ရှိတဲ့ စာရွက်ကို မသုံးတော့ဘဲ နောက် အလုပ်ရှင် အသစ်နဲ့ အသစ် အပြောင်းအလဲ လုပ်လိုက်တယ်။ ဒါပေမယ့် ထိုင်း အလုပ်သမား ဝန်ကြီးဌာနမှာ စာရင်း ရုံးချုပ်မှာ ကြည့်လိုက်တဲ့ အချိန်အခါမှာ နောက် နာမည်တမျိုးနဲ့ နောက်နံပါတ်တလုံးနဲ့ အလုပ်သမား ဖြစ်နေတယ်။ အမှန်က အဲ့လူတယောက်တည်းပဲ။ အဲ့ဒါမျိုး အဲ့ဒါမျိုး နှစ်ယောက် သုံးယောက် လေးယောက် ပြောင်းသွားတိုင်း ပြောင်းသွားတိုင်း အလုပ်သမား တယောက်ဟာ နံမည်နှစ်ခု သုံးခု နံပါတ် သုံးခုလေးခုနဲ့ ဖြစ်နေတယ်။ နောက်တချက်က အလုပ်သမားတွေသေသွားတယ် အလုပ်သမားတွေ ပြန်သွားတယ်။ ဒီလူတွေဟာ ထိုင်းမှာ အဲ့ဒီ ထောရော့စံပဲ ထပ်နေလို့ခေါ်တဲ့ အလုပ်သမား ဂဏန်းနံပါတ် တစ်သုံးလုံးထဲမှာ ကျန်နေခဲ့တယ်။ ဒါကြောင့်မို့လို့ဒီလူတွေဟာ ပျောက်နေတယ်လို့ ကျနော်ကတော့ သုံးသပ်တယ်ဗျ။ ထိုင်းမှာပြဋ္ဌာန်း ထားတဲ့ ဥပဒေကြောင်း အရက ဒီ အလုပ်သမားတွေအနေနဲ့ ဘယ်လိုမှ မရင်ဆိုင် နိုင်တဲ့ အတွက် အသစ်ပဲ အသစ်ပဲ အသစ်ပဲပြောင်းသွားပြီးတော့ အဲ့ဒီစာရင်းတွေက ရှိနေတယ်။ လူတစ်ယောက်ထဲမှာ သုံးလေးခုလောက်ရှိနေတယ်။ အဲ့ဒါကြောင့် အဲ့ဒီလူတွေ ပျောက်နေတာဖြစ်တယ်။"

ဒီအလုပ်သမားတွေဟာ မိမိသဘောဆန္ဒနဲ့ ထိုင်းနိုင်ငံထဲမှာ လွတ်လပ်စွာ ရွေ့ပြောင်း အလုပ်လုပ်ခွင့် မရတဲ့ အပြင် လုပ်ငန်းရှင်အဟောင်းက အလုပ်သမားအခွင့်အရေး ကာကွယ်တဲ့ရုံးမှာ သွားပြီးဖြစ်ဖြစ်၊ အလုပ်သမား ရှာဖွေရေးရုံးမှာ ဖြစ်ဖြစ် တရားဝင် ပြောင်းလဲ ပေးပြီးမှသာ လုပ်ငန်းရှင်အသစ်ထံကို သွားနိုင်ကြတာပါ။

“အလုပ်သမားတယောက်ဟာ လုပ်အားခ မူလ သတ်မှတ်ထားတဲ့ အတိုင်း မရလို့ပဲဖြစ်ဖြစ် အစိုးရ တရားဝင် ပြဋ္ဌာန်းထားတဲ့ အလုပ်ချိန်ထက် ပိုလွန်လို့ပဲဖြစ်ဖြစ် ပြောင်းချင်တယ် ပြောင်းချင်တာ ရှိတာပေါ့ဗျာ။ ဒါမှမဟုတ် အစတုန်း ကတော့ ရတဲ့နေရာမှာ ဝင်လုပ်လိုက် ပြီးတော့နောက် ကိုယ့်မိတ်ဆွေတွေ ကိုယ့်ရွာသားတွေ ကိုယ့်မိသားစုတွေနဲ့တွေ့တဲ့အခါမှာ အတူတူ သွားချင်တာတွေလည်းရှိတာပေါ့၊ သဘာဝတရားအရ။”

မြန်မာအလုပ်သမားရေး ဆောင်ရွက်နေတဲ့ ဦးကျော်သောင်း ပြောပြခဲ့တာပါ။ ဒါဟာ တရားဝင် အလုပ်သမား လက်မှတ်နဲ့ အလုပ်လာလုပ်ခွင့် ပြည်ဝင်ခွင့် ဗီဇာကိုင်ဆောင်ထားသူတွေဖြစ်ပါတယ်။ တရားမဝင် အလုပ်လုပ်နေကြသူတွေ အဖြစ်ကတော့ ဒီထက် အဆပေါင်းများစွာ ဆိုးရွားပြီး လုပ်ခအနှိမ်ခံရတာ၊ ပွဲစားက ဖြတ်ခုတ်တာ၊ အလုပ်ရှင်က နှိပ်စက်တာတွေ အပြင် လူမသိ သူမသိ အသတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား တွေလည်း မရေမတွက်နိုင်အောင် ရှိနေတာပါ။

ထိုင်းနိုင်ငံရဲ့ ရွေ့ပြောင်းအလုပ်သမား မှတ်ပုံတင်စံနစ်ဟာ ကွန်ပြူတာနဲ့ စံနစ်တကျ ကိုင်တွယ် လုပ်ဆောင်နေတယ် ဆိုပေမယ့်လည်း အခုလို စာရင်းဇယားတွေ အများကြီး ကွာဟနေတဲ့ အဖြစ်ကို ကြည့်ခြင်းအားဖြင့် ဒီ စံနစ်ကို တိကျ မှန်ကန်မှုရှိလာအောင် အများကြီး ပြင်ဆင်ရဦးမယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

မြန်မာအစိုးရ ပြည်ထောင်စု အလုပ်သမားဝန်ကြီး ဦးမောင်မြင့် ထိုင်းနိုင်ငံကို ရောက်နေတဲ့အချိန်မှာ ပြောသွားတဲ့ စာရင်းဇယားတွေအရ ကတော့ တရားဝင်ရော တရားမဝင်ရော မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းမှာ လာရောက် အလုပ်လုပ်ကိုင်နေကြသူ ၃ သန်းထက်မနည်း ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ ယာယီ အလုပ်လုပ်ကိုင်ခွင့် ကဒ်ပြား လုပ်ထားပြီးသူ တစ်သန်းလောက်ရှိပြီး မလုပ်ရသေးသူကတော့ ၆ သိန်းလောက် ရှိတယ်လို့ သိရပါတယ် ခင်ဗျား။
XS
SM
MD
LG