သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်နဲ့ မြန်မာသတင်းသမားများ တွေ့ဆုံ


သမ္မတဦးသိန်းစိန်နဲ့ မြန်မာသတင်းသမားများ နယူူးယောက်မြို့တွင် တွေ့ဆုံစဉ်
သမ္မတဦးသိန်းစိန်နဲ့ မြန်မာသတင်းသမားများ နယူူးယောက်မြို့တွင် တွေ့ဆုံစဉ်
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မကြာသေးခင် အချိန်ပိုင်းအတွင်းကတော့ သတင်းထောက်တွေနဲ့ အဲဒီမှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီက အခြေအနေတွေကို သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ ဦးသန်းလွင်ထွန်းရေ- အခု နယူးယောက်မြို့မှာ သမ္မတဦးသိန်းစိန်က ဒီကနေ့ သူ့ရဲ့အစီအစဉ် ဘာတွေများ ရှိသေးလဲ ခင်ဗျ။

ဖြေ။ ။ ဒီနေ့မနက်အစောပိုင်းမှာတော့ သမ္မတကြီးက နယူးယောက်မြို့မှာ ရှိနေတုန်းမှာ သတင်းလာယူကြတဲ့ မြန်မာပိုင်းဆိုင်ရာ အသံလွှင့် ဌာနတွေက လူတွေနဲ့ တွေ့ဆုံပြီးတော့ သူတို့ မေးမြန်းချက်တွေကို ဖြေကြားတယ်လေ။ အထူးသဖြင့် VOA ရှိတယ်၊ RFA ရှိတယ်၊ DVB နောက်ပြီးတော့ နောက်ပြီးတော့ သမ္မတကြီးနဲ့အတူပါလာတဲ့ Skynet က အဖွဲ့တွေလည်း ဝင်ပြီးတော့ မေးမြန်းခွင့် ပေးတယ်။ စုစုပေါင်းတော့ တစ်နာရီလောက်ကြာအောင် စိတ်ရှည်လက်ရှည် ဖြေသွားတာ တွေ့ရပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အဓိက ဆွေးနွေးမေးမြန်းတဲ့အထဲမှာ ဘယ်အကြောင်းအရာတွေကို ဦးစားပေးပြီးတော့ သမ္မတက ဖြေသွားလဲ ခင်ဗျ။

ဖြေ။ ။ အကြောင်းအရာကတော့ တော်တော်စုံတယ်။ အထူးသဖြင့် တိုင်းရင်းသားကိစ္စတွေရော၊ နောက်ပြီးတော့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ကိစ္စတို့ - ဒါမျိုးကိစ္စတွေကိုလည်း မေးတဲ့သူ ရှိတယ်လေ။ နောက်ပြီးတော့ အမေရိကန်နဲ့ မြန်မာ အခု ဆက်ဆံရေး နီးစပ်လာတယ်ဆိုတော့ ဒီလို နီးစပ်မှုတွေထဲမှာ တပ်မတော်ချင်း ဆက်ဆံမှုတွေရော ဘယ်လို ရှိလာနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးက အစပေါ့။ အဲဒါမျိုးတွေလည်း ပါပါတယ်။ နောက် စီးပွားရေး ပိတ်ဆို့မှုတွေ တဖြည်းဖြည်းနဲ့ လျော့လာပြီးတဲ့နောက်ပိုင်းမှာ ဘယ်လောက်အထိ မျှော်မှန်းလို့ ရမလဲ၊ ဘယ်လောက်အထိ အခြေအနေတိုးတက်လာနေပြီလဲ - ဆိုတဲ့ မေးခွန်းမျိုးတွေလည်း ပါပါတယ်။

မေး။ ။ ဟုတ်ကဲ့။ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ရော သူ့ဘက်က ထူးထူးခြားခြား ဘာများပြောသွားတာ ရှိပါလဲ။

ဖြေ။ ။ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ကတော့ - အခုဆိုလို့ရှိရင် ဒီခရီးစဉ်ထဲမှာလည်း တော်တော်လေး ကောင်းမွန်လာနေပြီ၊ အထူးသဖြင့် တပ်မတော်ပိုင်းနဲ့ ဆက်ဆံရေး ကိစ္စတွေမှာဆိုရင်တော့ ဟိုတလောတွေတုန်းက သူတို့ သတင်းတွေမှာ ဖော်ပြနေသလိုပေါ့နော်။ အမေရိကန်နဲ့ မြန်မာတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ရေးသင်တန်းပေးမှုတွေ၊ လေ့ကျင့်မှုတွေလုပ်မယ်ဆိုတဲ့ တချို့သတင်းစကားတွေက အခြေအမြစ်မရှိပါဘူးဆိုတဲ့အကြောင်း ပြောသွားတဲ့ ဒါပေမဲ့လည်း တကယ်တန်း မြန်မာနိုင်ငံမှာရှိနေတဲ့ တပ်မတော်ကို ခေတ်မီတဲ့ တပ်မတော်ဖြစ်ဖို့ ဆိုလို့ရှိရင်တော့ အမေရိကန်တင်မကဘူး၊ အတုယူသင့်တဲ့၊ နည်းပညာယူသင့်တဲ့ နေရာတွေမှာ အကုန်လုံး သင်တန်းတက်တာတို့၊ ပူးပေါင်းဆောင်ရွက်တာတို့ လုပ်ရမှာပဲ ဆိုတဲ့ သဘောမျိုးတော့ ပြောသွားပါတယ်။

မေး။ ။ မကြာခင်မှာ အမေရိကန်ကလည်း အရေးယူမှုတွေ ပိုပြီးတော့ လျှော့ပေါ့ပေးတော့မယ့်သဘော တွေ့ရပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း အဲဒီလို ပြောခဲ့ပါတယ်။ ဒီအပေါ်မှာရော သမ္မတအနေနဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထား ဘာများပြောလဲခင်ဗျ။

ဖြေ။ ။ အဲဒါတွေကတော့ သူလည်း ပြောပါတယ်။ အထူးသဖြင့် အခြေအနေတွေက အခုမှ လျှော့နေတုန်းပဲဆိုတော့ လက်တွေ့အားဖြင့် တော့ တကယ်တန်းက လက်တွေ့အားဖြင့် များများစားစား အကောင်အထည်ပေါ်မလာသေးတာတော့ ရှိနေတာပေါ့နော်။ အထူးသဖြင့် သွင်းကုန် တင်ပို့မှုတွေကို ပိတ်ဆို့မှုကို ပယ်ဖျက်ပေးလိုက်တဲ့ ကိစ္စမျိုးဆိုလို့ရှိရင် မကြာသေးခင်ကမှ ဖြစ်တဲ့ကိစ္စ၊ နောက်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေ လျှော့ချပေးတယ်ဆိုတဲ့ ကိစ္စမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေက လက်တွေ့အားဖြင့်တော့ ချက်ခြင်းကြီး သိသာထင်ရှားစွာ ဝင်လာတယ်ဆိုတာ မတွေ့ရသေးဘူးပေါ့နော်။ ဒါပေမဲ့လည်း သူ့ရဲ့ခရီးစဉ်အတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ လိုချင်တဲ့သူတွေ သူနဲ့လာပြီးဆွေးနွေးတယ်၊ သူနဲ့ တွေ့ဆုံတယ်ဆိုတဲ့အကြောင်းကိုတော့ သူပြောပါတယ်။

မေး။ ။ ရင်းနှီးမြှုပ်နှံမှုဆိုတော့ တလောက မြန်မာနိုင်ငံမှာ လက်ပန်းတောင်းကိစ္စလည်း မေးကြတယ်လို့ သိရပါတယ်။ အဲဒီတော့ ခုနက လက်ပန်းတောင်းကိစ္စနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုကိစ္စနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထား ဘာများ ပြောပါလဲ။

ဖြေ။ ။ လက်ပန်းတောင် ကိစ္စကတော့ အရင်ပိုင်း အစိုးရလက်ထက်မှာ လျော်ကြေးတွေလည်း ပေးထားတဲ့ ကိစ္စပေါ့နော်။ ဒါပေမဲ့လည်း ဒီကိစ္စမျိုးမှာ သူပြောသွားတဲ့အထဲ ကျနော် မှတ်မိသလောက်ကတော့ မြစ်ဆုံစီမံကိန်းလိုမျိုး အခြေအနေက မတူပါဘူးဆိုတဲ့ ပုံစံမျိုးကိုတော့ ရှင်းပြတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ ပြည်သူတွေရဲ့ အသံကို နားဆင်မယ်ဆိုတဲ့ ပုံစံမျိုးတော့ ရှိပါတယ်။ အမေရိကန်နဲ့ နီးစပ်လာလို့ တရုတ်နဲ့များ အခြေအနေ ဘယ်လိုရှိမလဲဆိုတာကိုလည်း သူ့အနေနဲ့ ရှင်းပြပါတယ်။ ဒါက အမေရိကန်နဲ့နီးစပ်လို့ တရုတ်နဲ့ ခွာပြဲရမယ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ နိုင်ငံတကာ ဆက်ဆံရေးပုံစံမျိုးကို သူ့အနေနဲ့ ရှင်းပြပါတယ်။
မေး။ ။ ဟုတ်ကဲ့၊ ကိုသန်းလွင်ထွန်းရေ ကျေးဇူးပါခင်ဗျ။

ဒါကတော့ မကြာသေးခင် အချိန်ပိုင်းအတွင်းကပဲ နယူးယောက်မြို့မှာ မြန်မာသမ္မတဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းကို ကိုသားညွန့်ဦးက မေးမြန်းခဲ့တာပါ။

သမ္မတဦးသိန်းစိန်နဲ့ သတင်းထောက်တွေ မေးမြန်းချက်တွေကို ဗွီအိုအေရဲ့ ရေဒီယိုရော ရုပ်မြင်သံကြားကပါ မကြာခင်ရက်ပိုင်းတွေအတွင်း ထုတ်လွှင့်ပေးသွားဖို့ ကြိုးပမ်းနေပါတယ်။ ဒါ့အပြင် ဝန်ကြီးအဖွဲ့ တချို့နဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့်တွေ့ဆုံမှုတွေကိုလည်း နောက်နေ့တွေမှာ ထုတ်လွှင့်သွားဖို့ ရှိပါတယ်။
XS
SM
MD
LG