သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အနိုင်ရမှု မြန်မာကြိုဆို


A Ukrainian soldier stands behind a fence while unidentified armed men block the headquarters of the Ukrainian Navy in Sevastopol.
A Ukrainian soldier stands behind a fence while unidentified armed men block the headquarters of the Ukrainian Navy in Sevastopol.
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama ပြန်ပြီး အနိုင်ရတဲ့အတွက် မြန်မာနိုင်ငံနဲ့ အမေရိကန်ဆက်ဆံရေး အရှိန်ကို ပိုပြီးတိုးမြှင့်သွားမယ်လို့ ယုံကြည်ကြောင်း သမ္မတရုံးပြောခွင့်ရသူက VOA မြန်မာပိုင်းကို ပြောပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ သမ္မတအိုဘားမား အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေ လမ်းမလွဲအောင် ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုလို မစ္စတာအိုဘားမား သမ္မတ အဖြစ် ပြန်လည် အရွေးခံရတဲ့အပေါ် မြန်မာနိုင်ငံ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်က တုံ့ပြန်မှုတွေကို ဘန်ကောက်ရုံးက မစုမြတ်မွန်က စုစည်းတင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Barack Obama က ဒုတိယသက်တမ်းအနိုင်ရရှိခဲ့တာကို မြန်မာနိုင်ငံ သမ္မတရုံးက ကြိုဆိုပါတယ်။ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုပြီးကောင်းမွန်တိုးတက်လာဖို့ မျှော်လင့်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက VOA မြန်မာပိုင်းကို ပြောပါတယ်။

“အိုဘားမားရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ၊ သူတို့ ပါတီနှစ်ရပ်လုံးရဲ့ ထောက်ခံမှုကို ရယူပြီး ဆောင်ရွက်နေ တာ ဖြစ်တဲ့အတွက်ကြောင့် တကြောင်း၊ အခခု မြင်တွေ့ရတဲ့ အခင်းအကျင်း အရပေါ့။ House မှာရော၊ ဆီးနိတ်မှာရော အနေအထားတွေကို ကြည့်ရင်တော့ ကျနော်တို့ နှစ်နိုင်ငံ ပူးပေါင်းမှု၊ မြှင့်တင် ဆောင်ရွက်မှုက အိုဘားမား ပြန်အနိုင်ရတဲ့အတွက် မူလရရှိထားပြီး အခြေအနေကောင်းတွေပေါ် မူတည်ပြီး အရှိန်အဟုန် ပိုပြီး မြင့်မားလာဖို့တော့ သေချာပါတယ်။”

အိုဘားမားအစိုးရနဲ့ တည်ဆောက်ထားနိုင်တဲ့ နားလည်မှုတွေကြောင့် မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲ မှုတွေမှာ အမေရိကန်က ဆက်ပြီး ကူညီအားပေးသွားလိမ့်မယ်လို့လည်း ယုံကြည်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျနော်တို့ဘက်ကတော့ လွှတ်တော်ရောပေါ့နော်-အစိုးရရော၊ ကျန်တဲ့ ဒီမိုကရက်တစ် အင်အားစု တွေနဲ့ရော ထိတွေ့ဆက်ဆံနေတဲ့အချိန်မှာ လောလောဆယ် ကျနော်တို့ အပြန်အလှန် နားလည်မှုတွေ အတော်များများ တည်ဆောက်ထားနိုင်ပါပြီ။ အဲဒီလိုပဲ အပြန်အလှန် ယုံကြည်မှုတွေ ခိုင်မာလာပြီး တော့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီးတော့ မြင့်မားလာဖို့ မှန်းပြီးတော့ ဆက်ဆံရေး အခြေအနေ မြှင့်တင်ဖို့ ရည်မှန်းထားပါတယ်။ ဒီအချိန်မှာ အမေရိကန် အစိုးရဘက်မှာ အုပ်ချုပ်ရေးက သမ္မတ အိုဘားမားအစား တခြားတယောက် မစ်ရော်မနီပေါ့- တက်လာမယ်ဆိုရင် တည်ဆောက် ထားတဲ့ နားလည်မှုတွေက ဘယ်လိုပဲ ပြောပြော နဂိုရ်လို ဆက်ပြီးတော့ မြှင့်ဖို့ မမြှင့်ဖို့ ဆိုတာ သေချာပေါက် တော့ အခုလောက်တော့ မသေချာဘူးပေါ့နော်။ အဲဒီအခါကျရင် နှစ်ဦးနှစ်ဘက် အပြန်အလှန် ထိတွေ့ ဆက်ဆံပြီးတော့ နားလည်မှု၊ ယုံကြည်မှုတွေ အသစ်တဖန် ထပ်ပြီးတော့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။”

သမ္မတ Obama ထပ်မံ အနိုင်ရမှုကြောင့် မြန်မာနိုင်ငံ နိုင်ငံရေးအတွက်လည်း အထောက်အပံ့ ဖြစ်နိုင်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။

“အိုဘားမားအစိုးရက အခု ဒုတိယအကြိမ် ပြန်ပြီးတော့ ရွေးကောက်ပွဲကို နိုင်လိုက်တယ်။ နိုင်တဲ့နေရာ မှာလည်း တော်တော်လေး ကောင်းကောင်းမွန်မွန် နိုင်တဲ့အခါကျတော့ ကျနော်ထင်တယ်။ ကျနော်တို့ ဗမာပြည်ရဲ့ နိုင်ငံရေးကိစ္စတွေ၊ အပြောင်းအလဲ ကိစ္စတွေမှာ အများကြီး အထောက်အပံ့ဖြစ်မယ်လို့ ထင်ပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ အပြောင်းအလဲတွေ လမ်းလွဲမသွားရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးအတွက် နောက်ထပ် တွန်းအားပေးနိုင်ဖို့ကိုလည်း ဦးဝင်းတင်က မျှော်လင့်ပါတယ်။

“မစ္စတာ အိုဘားမားတို့အနေနဲ့ လက်ရှိပေါ့ဗျာ။ ဘာပဲပြောပြော အာဏာရှင်တွေရဲ့ အကြွင်းအကျန် တွေနဲ့ အမွေခံပြီး လုပ်နေရတဲ့ ဒီအစိုးရကိုလည်း ဒီလမ်းကြောင်းကို ဆက်ပြီး ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်ဖို့၊ တွန့်ခြင်း၊ ဆုတ်ခြင်း၊ ကွေ့ခြင်း၊ ချော်ခြင်း မရှိအောင်လုပ်ဖို့ သူ အများကြီး ကူညီထိန်းမ နိုင်မယ်လို့ ယူဆပါတယ်။ နောက်တခုက ဒီမိုကရေစီကို အစိုးရကပဲ လုပ်နိုင်မယ်လို့ဆိုတာ ကျနော်တို့ မယုံကြည်ပါဘူး။ ဒီမိုကရေစီရေး ပြောင်းလဲဖို့ ကိစ္စ အောင်မြင်ဖို့ ဆိုရင် တိုင်းရင်းသားအင်အားစုတွေ၊ လက်နက်ကိုင်အင်အားစုတွေ၊ နိုင်ငံရေးအင်အား စုတွေ၊ နောက်ပြီးတော့ ကျောင်းသားလူငယ် စသည့်အဖွဲ့အစည်းတွေ ဒါတွေ အများကြီးရှိပါတယ်။ ဒီအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ အားလုံးရဲ့အင်အားတွေ တိုးမြှင့်အောင်၊ လုပ်ဆောင်ရည်၊ စွမ်းဆောင်ရည် တိုးမြင့်အောင်လည်း ကူညီပါ။ အဲလို ကူညီပြီးတော့ ဒီအစိုးရကိုလည်း ထိန်းကျောင်းပြီးတော့ ၊ ကြပ်မတ်ပြီးတော့ နောက်ကြောင်းပြန်မလှည့်အောင်လို့၊ တိမ်းချော်မသွားအောင် လို့ လုပ်ခြင်းအားဖြင့် ဗမာပြည်ရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို မစ္စတာ အိုဘားမား အစိုးရသစ်အနေနဲ့ အများကြီး အကူအညီပေးနိုင်မယ်လို့ ထောက်ပံ့ပေးနိုင်မယ်လို့ ကျနော် အများကြီး မျှော်လင့်ပါတယ်။ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့ မူဝါဒကို ကျင့်သုံးတဲ့ အိုဘားမားအစိုးရ အနေနဲ့ ဒုတိယ သမ္မတသက်တမ်းကာလမှာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ ကိစ္စတွေမှာ ပိုပြီးအာရုံစိုက် အကူအညီပေးဖို့ မျှော်လင့်သူကတော့ မြန်မာ့နိုင်ငံရေးကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားသူ ကိုအောင်ထွန်းဦး ဖြစ်ပါတယ်။

“တကယ်တန်း ပိုပြီးဖြစ်သင့်တာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ်ကို တကယ်ပေါ့လေ -နောက်ပြန်မလှည့်အောင်၊ သေသေချာချာ ပြောင်းလဲဖြစ်တဲ့ဟာမျိုးပေါ့လေ၊ ခိုင်ခိုင်မာမာဖြစ်အောင် သူ့အနေနဲ့က ပိုပြီး တိုက်တွန်းအားပေးသွားပြီးတော့ အဓိက-ကတော့ နောက်ကျကျန်နေခဲ့တဲ့ အရေးကြီးတဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးပေါ့- အဲဒီလို ကဏ္ဍတွေမှာ အမေရိကန်နိုင်ငံအနေနဲ့ ပိုပြီးတော့ ဦးဆောင်ပြီးတော့ တခြားနိုင်ငံတွေ အနေနဲ့အတူတူ တတ်နိုင်သရွေ့ မြန်မာနိုင်ငံကို အကူအညီတွေ ပိုပြီးတော့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌလည်းဖြစ် တဲ့ ဒေါက်တာစိုးထွန်းကတော့ အိုဘားမားအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြဖို့ တွန်းအားပေးဖို့ လိုလားပါတယ်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အပိုင်းရော၊ နောက်တပိုင်းကကျတော့ အကူအညီပေးတဲ့ဟာပေါ့နော်။ USAId က အကူအညီပေးတဲ့ဟာမျိုး။ ဖြစ်နိုင်ရင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ပိုပြီးတော့ ဦးစားပေး ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့အနေနဲ့ မျှော်လင့်ပါတယ်။”

အဲဒီလို မျှော်လင့်တဲ့နေရာမှာပေါ့လေ- စောစောကပြောသလို လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၊ နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပိုင်းတွေမှာ တကယ်ပဲ အောက်ခြေ လူတန်းစားတွေ၊ အောက်ခြေ ပြည်သူတွေအတွက် ထိရောက်တဲ့ အကူအညီပေးမှုတွေ ဖြစ်အောင်ကော အမေရိကန် အစိုးရအနေနဲ့ အကူအညီပေးဆိုရင် ဘာတွေ ကူညီသင့်တယ်လို့ရော အကြံပြုချင်ပါလဲရှင့်။

“ကျေးလက်အထိ ဆင်းပြီးတော့မှ ကျနော်တို့ ကျေးလက်မှာရှိတဲ့လူတွေ၊ လယ်သမားတွေ၊ သက်ဆိုင် ရာ လူတွေနဲ့ထိတွေ့ပြီးတော့မှ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖော်ထုတ်ပြီးတော့မှ အကူအညီပေး ရင်တော့ ပိုပြီးထိရောက်မယ်လို့ ထင်တာပေါ့နော်။ လက်ရှိ အနေအထားအရ လာတဲ့သူ အများစု ဟာ နေပြည်တော်ကို သွားတယ်။ လူကြီးတွေနဲ့ တွေ့တယ်။ လက်တွေ့ အောက်ခြေ အထိ ရောက်တဲ့ သူတော့ နည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။”

သမ္မတဦးသိန်းစိန်အစိုးရရဲ့ဆောင်ရွက်ချက်တွေကြောင့် အိုဘားမားအစိုးရ လက်ထက်မှာ မြန်မာနိုင်ငံ နဲ့ ဖြတ်တောက်ထားတဲ့ သံတမန် အဆက်အသွယ်တွေကို ပြန်လည်ဆက်ခဲ့တဲ့အပြင် ပိတ်ဆို့ ဒဏ်ခတ် မှုတွေကိုလည်း ဖယ်ရှားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားတဲ့ အမေရိကန်အစိုးရရဲ့ သဘော ထား ပြောင်းလဲလာမှု နောက်ဆက်တွဲအဖြစ်နဲ့ မြန်မာအစိုးရအပေါ် ကမ္ဘာ့နိုင်ငံ တော်တော်များများ ကလည်း ပြန်လည် အဆက်အဆံလုပ်လာရုံမက မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့အထိကို ပါ ဆောင်ရွက် လာကြတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG