သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားပြန်လည်သင့်မြတ်မှ မြန်မာ့ဒုက္ခသည်အရေး ပြေလည်မည်


အိမ်နီးချင်းနိုင်ငံတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ လိုအပ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ကမ္ဘာ့ဒုက္ခသည်များနေ့ကို ဇွန်လ ၂၀ ရက်နေ့အဖြစ် သက္ကရာဇ် ၂၀၀၀ မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကနေ ပြဌာန်းခဲ့တာပါ။ မြန်မာနိုင်ငံဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပေမဲ့ မြန်မာနိုင်ငံကနေ လူ့အခွင့်အရေး ချိုးဖောက်ခံရပြီး ပြည်ပကို ထွက်ပြေးခိုလုံနေကြတဲ့ ဒုက္ခသည်က သန်းနဲ့ချီ ရှိနေတဲ့နိုင်ငံတနိုင်ငံ ဖြစ်နေပါတယ်။

လူဦးရေ ၅၇.၆ သန်း ဝန်းကျင်ရှိတဲ့ မြန်မာနိုင်ငံက နိုင်ငံသား အများအပြားဟာ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ့်၊ စင်ကာပူနဲ့ မလေးရှား အိမ်နီးချင်းနိုင်ငံတွေအပြင် တခြားနိုင်ငံတွေကို အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးခိုလုံနေကြတာ တွေ့ရပါတယ်။ မကြာခင်ကမှ ထိုင်း-မြန်မာနယ်စပ်ဒေသကို သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံ လူဦးရေး၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး အဲရစ် ရှဝက်ဒ် ကတော့ ဒီမြန်မာဒုက္ခသည်တွေရဲ့ ပြဿနာဟာ မြန်မာပြည်တွင်းမှာသာ အဖြေရှာလို့ရနိုင်တယ်လို့ ပြောပါတယ်။

“ကျနော် ထိုင်း-မြန်မာနယ်စပ် ဒေသကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ဒေသတွင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံထဲကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ သိန်းနဲ့ချီ ရှိနေပြီးတော့ ထိုင်းအစိုးရက အိမ်ရှင်အဖြစ်နဲ့ လက်ခံထားရတာကို တွေ့ခဲ့ရပါတယ်။ ဒီမြန်မာ ဒုက္ခသည် ပြဿနာကို ဖြေရှင်းဖို့ ထိုင်းအစိုးရ အနေနဲ့ ကြိုးစားလို့မရပါဘူး။ ဒါဟာ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး ရရှိပြီး အမျိုးသား ပြန်လည် သင့်မြတ်မှ စစ်မှန်တဲ့ ဒီမိုကရေစီရမှ ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလဲ ဒုက္ခသည်တွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် လူသားချင်းစာနာမှုနဲ့ ထောက်ပံ့ကူညီပေးနေတာမျိုးထက် အစိုးရကောင်းတရပ် ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“နောက်ဆုံးမှာတော့ အဲရစ် ပြောသွားသလိုပါပဲ။ ဒုက္ခသည်ပြဿနာ အတော်များများအတွက် လူလူချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးပြီး ဖြေရှင်းလို့ ပြေလည်သွားမှာမဟုတ်ပါဘူး။ စီမံကွက်ကဲမှုစနစ် ကောင်းကောင်းနဲ့ အုပ်ချုပ်တဲ့အစိုးရကောင်း ရှိဖို့က ပိုပြီး အရေးကြီးတာပါ။ နိုင်ငံရေးနဲ့ သံတမန်ရေးအရ ကြိုးပမ်းတာတွေ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးအတွက် တာဝန်သိသိနဲ့ တာဝန်ပိုပြီးယူနိုင်မယ့် အစိုးရမျိုး ရှိဖို့လိုအပ်ပါတယ်။”

ဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ကောင်းမွန်တဲ့အစိုးရတရပ် လိုအပ်သလို ကောင်းမွန်တဲ့ အစိုးရမရခင်စပ်ကြား ဒီဒုက္ခသည်တွေရဲ့ နေ့တဓူ၀ လိုအပ်ချက်တွေကို ပစ်မထားဖို့ လိုအပ်တယ်လို့လဲ ဝန်ကြီး ကလင်တန်က ပြောပါတယ်။

အမေရိကန်နိုင်ငံက ၁၉၈၀ ခုနှစ်ကစပြီး အခုချိန်ထိ ဒုက္ခသည်ပေါင်း ၂ သန်းခွဲကို လက်ခံထားခဲ့ပြီး ဒီအထဲမှာ မြန်မာဒုက္ခသည်က သောင်းနဲ့ချီ ရှိနေပါတယ်။ နယူးယောက်ပြည်နယ်ထဲမှာတော့ မြန်မာ ဒုက္ခသည် အပါအဝင် ဒုက္ခသည်တွေ အခြေကျနေထိုင်မှုဟာ လျင်မြန်တယ်လို့ မစ္စ် ကလင်တန်က ပြောပါတယ်။

အမေရိကန်နိုင်ငံအပြင် ကနေဒါနိုင်ငံမှာလဲ မြန်မာဒုက္ခသည်တွေ ထောင်နဲ့ချီပြီး အချေချနေထိုင်နေ ကြပါတယ်။ ဒီဒုက္ခသည်တွေ အတွက် အကူအညီတွေ ပေးနေတဲ့ မြန်မာ့မိတ်ဆွေ ကနေဒါအဖွဲ့ တာဝန်ခံ ဦးတင်မောင်ထူးကတော့ မြန်မာနိုင်ငံမှာ ဒီဒုက္ခသည်တွေကို ပြန်ပြီး လက်ခံနိုင်ဖို့အတွက် လက်ရှိအခြေအနေနဲ့ သိပ်မလွယ်လှဘဲ ဒီနှစ်ထဲမှာ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲ နောက်ပိုင်းမှာတော့ နိုင်ငံရေးလှုပ်ရှားတဲ့ ဒုက္ခသည်တွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ တွက်ပါတယ်။

“ကနေဒါကနေပြီးတော့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို စပြီးတော့ လက်ခံခဲ့တာ ၁၉၉၀ အစောပိုင်း လောက်ကတည်းကပါ။ အခုချိန်ထိ ၄,၀၀၀ ကျော်လောက် ရှိသွားပြီ။ မကြာသေးခင်ကပဲ ထိုင်း-မြန်မာနယ်စပ်ကို ကျနော် ရောက်ခဲ့တယ်။ အဲဒီမှာ ဒုက္ခသည်စခန်း အတော်များများကို ကျနော် သွားခဲ့တယ်။ နို့ဘိုး တို့၊ အုန်းဖျံ တို့ပေါ့နော်။ အဲဒီဒုက္ခသည်စခန်းတွေမှာ လူပေါင်း ထောင်နဲ့သောင်းနဲ့ ချီပြီးတော့ ဆက်ရှိနေကြတယ်။ သူတို့တွေရဲ့ အခြေအနေက ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေ ဆိုတာကို တွေ့ခဲ့ရပါတယ်။

ဒီ ဒုက္ခသည် ပြဿနာကို နိုင်ငံတကာတွေက လက်ခံနိုင်တဲ့ အတိုင်းအတာ တခုပဲရှိတယ်။ ကျနော်တို့က တခုလုံး အတိုင်းအတာနဲ့ ဖြေရှင်းနိုင်မယ့် အနေအထား မရှိပါဘူး။ မြန်မာပြည်မှာ အပြောင်းအလဲတခု၊ ဒီလူတွေ ပြန်ပြီး လက်ခံနိုင်တဲ့ နိုင်ငံရေး အခြေအနေ၊ အနေအထားတခု မဖြစ်ပေါ်ဘဲနဲ့ကတော့ ဒီဒုက္ခသည် ပြဿနာကို ဖြေရှင်းနိုင်မယ့် အနေအထားမှာ မရှိပါဘူး။ အာဆီယံနိုင်ငံတွေ အများစုရဲ့ မြင်တဲ့ပုံစံက ရွေးကောက်ပွဲက မြန်မာပြည်ရဲ့ ပြဿနာရဲ့ အဖြေတခုလို့ သူတို့က မြင်ထားတယ်။ အဲဒီနေရာမှာ သူတို့က ထိုင်းအစိုးရက ပိုပြီးတော့ ရှေ့ဆုံးက ပါတယ်လို့ ကျနော် မြင်ပါတယ်။

ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်မှာ ဒီဒုက္ခသည်တွေကို ပြန်ပို့ဖို့ စဉ်းစားနိုင်တဲ့ အခြေအနေ တခု ရှိတယ်လို့ ကျနော် ထင်ပါတယ်။ အကယ်၍ အဲဒီလိုမျိုး ဖြစ်လာခဲ့မယ်ဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်ခဲ့တဲ့သူတွေ အထူးသဖြင့် ထောင်ကျခဲ့တဲ့သူတွေက ဒီအစိုးရကို တိုက်ရိုက်ပေါ့နော် စိန်ခေါ်ပြီးတော့ ဆန့်ကျင်ထားတဲ့သူတွေဖြစ်တယ်။ နောက်ပြီးတော့ ကြီးကြီးမားမား ပြစ်ဒဏ်တွေ ချထားခံခဲ့ရသူတွေ ဖြစ်တဲ့အခါမှာ အကယ်၍ သူတို့ကို ရောပြီး ပြန်ပို့တဲ့အခါမှာ နအဖ က သူတို့ကို သာမန် ဒုက္ခသည်အဖြစ် ဆက်ဆံလိမ့်မယ်လို့ ကျနော် မထင်ဘူး။ ရင်ဆိုင်ရမယ့် အခြေအနေချင်းက မတူဘူးလို့ ကျနော် ထင်ပါတယ်။”

ဦးတင်မောင်ထူးက ပြောသွားတာပါ။ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ၂၀၀၇ ခုနှစ်မှာ ဒုက္ခသည်ပေါင်း ၁ သိန်းနီးပါးကို ပြန်လည် နေရာချထား ပေးခဲ့ပြီး ဒီအထဲမှာ မြန်မာဒုက္ခသည်က ၃ သောင်းလောက် ရှိနေပါတယ်။

XS
SM
MD
LG