မလေးရှားနိုင်ငံ၊ နဂရီဆာဘီလန် ပြည်နယ်က လင်ဂန်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ မနေ့ညက မီးရှို့ ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး စခန်းထဲမှာ ထိန်းသိမ်းထားတဲ့ မြန်မာလူမျိုးတွေ အပါအဝင် တရားမဝင် နေထိုင်ကြသူတွေ ထွက်ပြေး လွတ်မြောက်သွားပါတယ်။ အဲဒီနောက်မှာတော့ စခန်းတွင်း သောက်သုံးရေ ဖြတ်တောက်တာတွေ၊ လုံခြုံရေး တင်းကျပ်တာတွေ ရှိလာပါတယ်။ ထွက်ပြေး လွတ်မြောက်သွားသူ အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြတာကြောင့် တရားမဝင် မြန်မာတွေရှိတဲ့ ရပ်ကွက်တွေမှာ လုံခြုံရေး တင်းကျပ်လာနိုင်တယ်လို့ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။
နဂရီဆာဘီလန်ပြည်နယ်၊ လင်ဂန်း လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းမှာ မီးရှို့ ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး လူ ၁၀၉ ဦး ထွက်ပြေးလွတ်မြောက်ခဲ့ရာမှာ ထက်ဝက်ကျော်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီစခန်းမှာ မြန်မာနိုင်ငံသား ၄၅၀ အပါအဝင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်နဲ့ ဗီယက်နမ် စုစုပေါင်း အကျဉ်းသား ၁,၁၀၀ ကျော် ရှိပါတယ်။
ဆူပူမှု ဖြစ်ခဲ့တာကြောင့် ဒီကနေ့မှာ သောက်သုံးရေ ဖြတ်တောက်ပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ လင်ဂန်းစခန်းမှာ ထိမ်းသိမ်းခံနေရတဲ့ ကိုဇူလိုင်က ပြောပါတယ်။
“အခုလောလောဆယ် ရေဖြတ်တာက ဒီနေ့ပေါ့၊ ဒီနေ့ကစတာ။ ဟိုရက်တွေက ပြတ်တော့ပြတ်တယ်၊ ဒါပေမဲ့ အချိန်ပိုင်းလေး လာတာရှိတယ်။ ခုက လုံးဝကို ဖြတ်ထားတာ။ သောက်ရေလည်း မလာဘူး၊ သုံးရေလည်း မလာဘူး။ အစားအသောက်တွေကတော့ ဒီတိုင်းပဲ၊ ထမင်းနဲ့၊ ငါးနဲ့ ဒီတိုင်းပဲ စားရတာပဲ၊ တခြား ဘာမှမပါဘူး။”
ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ထွက်ပြေးသွားသူတွေထဲက အယောက် ၃၀ ကို ပြန်ဖမ်းမိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ထွက်ပြေးသူ အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့လည်း အစိုးရထုတ် ဘနားမား အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
စခန်းရဲ့ နေထိုင်စားသောက်မှု ညံ့တာရယ်၊ ကာလရှည် ထိန်းသိမ်းခံရတာတွေအပေါ် မကျေနပ်တာကြောင့် အခုလို ဆန္ဒပြကြတာလို့ ကိုဇူလိုင်က ဆိုပါတယ်။
“ထောင်ထဲမှာ လူတွေက ပြည့်ကျပ်ပြီး ချောင်းဆိုးတာတို့၊ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ဖြစ်တာတို့ တော်တော်များများ ဖြစ်နေတယ်။ ကျနော်တို့ တောင်းဆိုတာ သောက်သုံးရေလည်း မရဘူးဗျာ၊ တခြား စားသောက်ရတာလည်း အဆင်မပြေဘူး၊ ကျန်းမာရေး စောင့်ရှောက်မှုကလည်း မကောင်းဘူး။ အဲဒါတွေ တောင်းဆိုတာပါ။ နောက် UN နဲ့ပတ်သက်လို့ UN ကတ် ကိုင်ထားသူတွေကလည်း ၁ နှစ်သမားတွေ၊ ၂ နှစ်သမားတွေ၊ အများကြီးရှိတယ်၊ UN စောင့်နေတာ။ အဲဒါတွေ တောင်းဆိုတာ၊ သူတို့က လုံး၀ ထုတ်မပေးဘူး၊ ဒီအထဲထဲမှာပဲ ထည့်ထားတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ပေါက်ကွဲတာပေါ့။”
ထွက်ပြေး လွတ်မြောက်သွားသူတွေကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ အာဏာပိုင်တွေဘက်က စခန်းအနီးနား တဝိုက်မှာ လုံခြုံရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ထဲမှာလည်း ကွာလာလမ်ပူအနားက စမုန်ညှင်း ထိန်းသိမ်းရေးစခန်းမှာ ဆူပူ ဆန္ဒပြမှုတွေဖြစ်ပြီး မြန်မာနိုင်ငံသားတချို့ လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီတုန်းကလည်း ထွက်ပြေးသူတွေကို ပြန်ဖမ်းမိအောင် တရားမဝင် နေထိုင်တဲ့ မြန်မာအသိုင်းအဝိုင်းကို လုံခြုံရေး တင်းကျပ်ခဲ့ပါတယ်။ အခုတကြိမ်လည်း အလားတူ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မကင်း ဖြစ်မှုတွေလည်း ရှိနေပါတယ်။
NLD မလေးရှားဌာနခွဲက ကိုအောင်ကျော်ဆန်းက ဒီကိစ္စကြောင့် အော်ပရာစီလို့ခေါ်တဲ့ တရားမဝင် နိုင်ငံခြားသား ဖမ်းဆီးရေး စီမံချက်တွေ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
“အခု အော်ပရာစီ ငြိမ်နေတာက ဒီ တလနှစ်လအတွင်း တော်တော်ငြိမ်တယ်။ ဒါပေမဲ့ အခု ဒီလိုဖြစ်သွားတယ်ဆိုရင် နောက်ပိုင်း ပိုက်စိတ်တိုက်ပြီးတော့ လုပ်ရင်လုပ်လိမ့်မယ်၊ အကြီးအကျယ် လုပ်လိမ့်မယ်၊ အော်ပရာစီ။ ကျနော်ထင်တယ်၊ လုံခြုံရေး ပိုတင်းကျပ်လာနိုင်တယ်။”
မလေးရှားမှာ တရားဝင်ရော တရားမဝင်ပါ စုစုပေါင်း မြန်မာနိုင်ငံသား ၈၀၀,၀၀၀ နီးပါးရှိပြီး တရားမဝင်ကတော့ ၅၀၀,၀၀၀ နီးပါး ရှိမယ်လို့ အလုပ်သမားအရေး လုပ်သူတွေက ခန့်မှန်းကြပါတယ်။