သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Genocide Gems မြန်မာကျောက်မျက်ရတနာ မဝယ်ယူရေး လှုပ်ရှားမှုစတင်


မြန်မာတွင်းထွက် sapphire ကို စိန်နဲ့ကွတ်ထားတဲ့ Bulgari လက်ရာ လည်ဆွဲကို ဝတ်ဆင်ထားတဲ့ နာမည်ကျော် မော်ဒယ်လ် အနုပညာရှင် Bell Hadid
မြန်မာတွင်းထွက် sapphire ကို စိန်နဲ့ကွတ်ထားတဲ့ Bulgari လက်ရာ လည်ဆွဲကို ဝတ်ဆင်ထားတဲ့ နာမည်ကျော် မော်ဒယ်လ် အနုပညာရှင် Bell Hadid

Cartier လို နာမည်ကျော် နိုင်ငံတကာကျောက်မျက်ရတနာ ကုမ္ပဏီက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာနိုင်ငံကထွက်တဲ့ အဖိုးတန် ကျောက်စိမ်းနဲ့ တွင်းထွက် ကျောက်မျက်ရတနာတွေကို ဝယ်ယူတော့မှာ မဟုတ်ဘူးလို့ ကြေညာပြီးနောက် Bulgari (Bvlgari) လို နာမည်ကျော် နိုင်ငံတကာ ကျောက်မျက်ရတနာကုမ္ပဏီကြီးတွေ အနေနဲ့လည်း ဝယ်ယူခြင်းမပြုဖို့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဖိအားပေးလှုပ်ရှားနေကြပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်တွေအတွက် အဓိကတာဝန်ရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ဖိအားပေးနိုင်ဖို့ရည်ရွယ်ချက်နဲ့ အခုလို နိုင်ငံတကာ ပြည်သူတွေကိုယ်တိုင်ပါဝင်တဲ့ လှုပ်ရှားမှုတွေဆောင်ရွက်ရတာဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားတဲ့အဖွဲ့က ဗွီအိုအေကိုပြောပါတယ်။ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်နေတဲ့ ကျောက်မျက်ရတနာများ ဆိုပြီး အမည်ပေးထားတဲ့ နိုင်ငံတကာလှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် ICR ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ကဦးဆောင်နေတာပါ။

မကြာခင် ကျရောက်တော့မယ့် ခရစ်စမတ် အားလပ်ရက်အချိန်နဲ့ တိုက်ပြီး မြန်မာနိုင်ငံက ကျောက်စိမ်းတုန်းတွေကို အဓိက ဝယ်ယူနေတဲ့ အီတလီအခြေစိုက် Bulgari လို နာမည်ကျော် နိုင်ငံတကာ ကျောက်မျက်ရတနာကုမ္ပဏီအပါအဝင် အခြား ကျောက်မျက်ရတနာ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး မြန်မာ စစ်ဗိုလ်ချုပ် ကုမ္ပဏီတွေပိုင်တဲ့ ကျောက်မျက်ရတနာကုမ္ပဏီတွေက ရောင်းချတဲ့ ကျောက်စိမ်းနဲ့ ပတ္တမြားတွေကို မဝယ်ယူကြဖို့ စည်းရုံးလှုပ်ရှားနေကြောင်း ICR အမှုဆောင်ညွန်ကြားရေးမှူး Simon Billenness က ဗွီအိုအေကိုပြောပါတယ်။

"မြန်မာစစ်တပ်ကို ဝင်ငွေနဲ့ အကျိုးအမြတ်တွေရအောင်လုပ်ပေးနေတဲ့ မြန်မာကျောက်စိမ်း၊ ပတ္တမြား စတဲ့ ကျောက်မျက်ရတနာတွေကို Bulgari ကုမ္ပဏီက မဝယ်တော့ဘူးဆိုတာ သေချာအောင် ကျနော်တို့လုပ်ဆောင်ချင်တာပါ။ ကျနော်တို့ Campign လှုပ်ရှားမှုအဓိကရည်ရွယ်ချက်က မြန်မာစစ်တပ်နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံကထွက်တဲ့ ကျောက်စိမ်းနဲ့ ပတ္တမြားတွင်းထွက်လုပ်ငန်းတွေကို မြန်မာစစ်တပ်နဲ့ သူ့တို့ရဲ့ ကုမ္ပဏီတွေက လွှမ်းမိုး ချုပ်ကိုင်ထားတာပါ။ ပြီးတော့လဲ ဒီလုပ်ငန်းတွေကနေရလာတဲ့ ဝင်ငွေပိုက်ဆံတွေနဲ့ မြန်မာစစ်တပ်ဟာ လက်နက်တွေဝယ်ယူပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုအပါအဝင် ကချင်၊ ရှမ်းနဲ့ အခြား တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့စစ်ပွဲတွေအတွက် အသုံးပြုနေပါတယ်။"

Bulgari ကုမ္ပဏီဟာ အရင် ၂၀၀၇ ရွှေဝါရောင် သံဃာ့ တော်လှန်ရေးကာလက ရဟန်းသံဃာတော်တွေကို မြန်မာစစ်တပ်က အကြမ်းဖက်ဖိနှိပ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ မဝယ်ယူရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပါတယ်။

နိုင်ငံတကာကျောက်မျက်ရတနာ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံက တိုက်ရိုက်ဝယ်ယူတာမျိုးမလုပ်ပေမယ့် အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံတွေကနေ တဆင့် မြန်မာ ကျောက်မျက်ရတနာ တွင်းထွက်တွေကို ဝယ်ယူနိုင်ပါတယ်။ ဒီအတွက်အခုလို မြန်မာကျောက်မျက်ရတနာတွေ ဝယ်မယူရေး လှုပ်ရှားမှု ထိရောက်မှုရှိပါ့မလား။ Simon Billenness က အခုလို တုန့်ပြန်ပါတယ်။

"Bulgari အပါအဝင် အခြားကျောက်မျက်ရတနာကုမ္ပဏီတွေကို ကျနော်တို့ အတိအကျ ပြောတာကတော့ မြန်မာစစ်တပ်ကို အကျိုးအမြတ်ရှိစေမယ့် ဘယ်လို ကျောက်မျက်ရတနာ တွင်းထွက်မျိုးမဆို ဝယ်ယူခြင်းမပြုဖို့ဖြစ်ပါတယ်။ တကယ်လို့ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံက ပတ္တာမြားဝယ်ယူတဲ့အခါမှာလည်း မြန်မာစစ်တပ်က ပိုင်တဲ့ ကျောက်မျက်ရတနာတွင်းတွေက မဟုတ်ပါဘူး၊ သူတို့လုပ်တဲ့ အချောထည်တွေ မဟုတ်ပါဘူး၊ မြန်မာစစ်တပ်နဲ့ မဆိုင်ပါဘူးလို့ သက်သေပြရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့လည်း အဓိကအချက်ကတော့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာလုပ်ငန်းမှာ မြန်မာစစ်တပ်လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။"

ဒါကြောင့် အဓိကကတော့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို မဝယ်ခြင်းအားဖြင့် စစ်တပ်ရဲ့ အကျိုးအမြတ်တွေကို ပိတ်ပင်တားဆီးနိုင်မှာဖြစ်ကြောင်း Simon Billenness ကပြောပါတယ်။

မြန်မာတွင်းထွက် ပတ္တမြားနဲ့ ပြုလုပ်ထားတဲ့ စိန်လည်ဆွဲ
မြန်မာတွင်းထွက် ပတ္တမြားနဲ့ ပြုလုပ်ထားတဲ့ စိန်လည်ဆွဲ

ဒါအပြင် အမေရိကန်အခြေစိုက် Tiffany ကျောက်မျက်ရတနာကုမ္ပဏီကြီးကလည်း သူတို့အဖွဲ့ နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို ဝယ်ယူဖို့ မရှိကြောင်း ပြောဆိုခဲ့တယ်လို့ Simon Billenness ကဆိုပါတယ်။

"Tiffany ကုမ္ပဏီရဲ့ လက်ရှိပေါ်လစီကတော့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို မဝယ်ယူရေးဖြစ်ပါတယ်။ ဒါအပြင် Tiffany ကို လာရောင်းတဲ့ ကုန်သည်တွေအားလုံးဟာ ကျောက်မျက်ရတနာတွေကို ဘယ်နေရာက ယူသလဲ၊ ဘယ်မှာ အချောကိုင်သလဲ စတဲ့ သက်သေအထားအထားစာရွက်စာတမ်းပြသဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက လာမလာဆိုတာကို သိနိုင်ပြီး ကုမ္ပဏီအနေနဲ့လည်း ရှောင်ရှားနိုင်ပါတယ်။"

Cartier လို ကမ္ဘာ့နာမည်ကျော် ကျောက်မျက်ရတနာကုမ္ပဏီကလည်း မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို ဝယ်ယူမှာ မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သမိုင်းအစဉ်အလာအရ ပဋိပက္ခတွေရှိခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တဲ့ အာဖရိကနိုင်ငံတချို့ဖြစ်တဲ့ အန်ဂိုလာ၊ ဆီရီယာလီရုံး ဒါမှမဟုတ် ကွန်ဂိုနိုင်ငံတွေက ထွက်တဲ့ စိန်တွေကို Blood dimond သွေးစွန်နေတဲ့ စိန်တွေအဖြစ် သတ်မှတ်ပြီး ဝယ်ယူခြင်းမပြုဖို့ နိုင်ငံတကာလှုပ်ရှားမှုမှာတော့ စိန်တုံးတွေကို ကြည့်ရာမှာ ဘယ်ကထွက်သလဲဆိုတဲ့ မူရင်းဒေသကို ကြည့်နိုင်တဲ့ နည်းပညာပြုလုပ်ထားတဲ့အတွက် အဲဒီနိုင်ငံတွေကထွက်တဲ့ စိန်တွေကို ဝယ်ယူခြင်းမပြုတာကြောင့် ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့တွေလက်ထဲ ဝင်ငွေတွေ မရောက်အောင် တားဆီးနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်မှုတွေရှိခဲ့တဲ့ စွဲချက်တွေနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ကိုင်တွယ်စစ်ဆေးသင့်ကြောင်း ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ကလည်း အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG