သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ မြန်မာတချို့ ပုန်းအောင်းနေရဆဲ


မလေးရှားနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းခွင်။
မလေးရှားနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းခွင်။
မလေးရှားနိုင်ငံ SABAH,SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်မှာ ရှိတဲ့ မြန်မာနိုင်ငံသား တွေဟာ အင်ဒိုနီးရှားလူမျိုးတွေနဲ့ စကားများ ရန်ဖြစ်ရာကနေ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် စက်ရုံမှာရှိတဲ့မြန်မာ ၉၇ ယောက်ဟာ ပုန်းရှောင်နေကြရပြီး အကူအညီမဲ့နေကြပါတယ်။ အခုချိန်ထိ မြန်မာလူမျိုးအေးဂျင့်တဦး သာ လာရောက်မေးမြန်းမှုတွေရှိပြိး အကူအညီပေးမယ့် အခြေအနေတွေကို သေချာ မသိရသေးဘူးလို့ ဆိုပါတယ် ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှား နဲ့ ဘရူနိုင်းနယ်စပ်မှာရှိတဲ့ SABAH,SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်က သင်္ဘောကျင်းမှာအလုပ်လုပ်နေကြတဲ့
မြန်မာနိုင်ငံသားတွေဟာ မြန်မာအလုပ်သမားတစ်ဦးနဲ့ အင်ဒိုနီးရှား အလုပ်သမားတွေနဲ့ စကားများရန်ဖြစ်ရာကနေ စခဲ့တဲ့ ပြသနာကြောင့် ရာနဲ့ချီရှိတဲ့ အင်ဒိုလူမျိုးတွေရဲ့ ရန်ပြုခြင်းကို ခံခဲ့ကြရပါတယ်။ ဒီ့အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေထိုင်နေကြ ရတာပါ။

ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံက သမ္မတရုံးညွန်ကြားရေးမှုး ဦးဇော်ဌေးက မြန်မာ သံရုံးက တာဝန်ယူမှုရှိသူတွေဟာ စက်ရုံရှိရာကို သွားရောက်နေကြပြီလို့ဆိုပါတယ်။ သူပြောသွားတဲ့ အထဲမှာတော့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ဦးဝင်းမောင်မောင်လွင်ရယ် မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမား သံအရာရှိရယ် မနက်ကမှ လေဆိပ်ရောက်လို့ သတင်းပို့တဲ့ အကြောင်းနဲ့ မလေးရှားက အလုပ်သမား အေဂျင်စီကတော့ သူတို့ကို မလေးရှားလေဆိပ်မှာ လာကြိုမှာဖြစ်ကြောင်း ပြီးရင် စက်ရုံကိုသွားမယ်ဆိုပြီးပြောတဲ့အကြောင်း ညနေ၆နာရီခန့်က ဗွီအိုအေက ဆက်သွယ်မေးမြန်းစဉ်မှာ ပြောပါတယ်။

အလုပ်သမားတွေကတော့ ဒီဇင်ဘာလ ၂၇ ရက် ညနေပိုင်းအထိတော့ မလေးရှားနိုင်ငံက အေးဂျင့်တစ်ဦးကလွဲရင် အကူအညီပေးမယ့် သူများ ရောက်ရှိ မလာသေးဘူးလို့ ဆိုပါတယ်။

"အေးဂျင့် တစ်ယောက်ပဲလာ တာရှိပါတယ်။ ကျန်တဲ့သူ ဘယ်သူမှ မလာသေးပါဘူး။ ကုမ္ပဏီကတော့ အခု သူတို့နဲ့မဆိုင်တော့ဘူးပေါ့။ အခု ကျနော်တို့ဖြစ်တဲ့ ပြဿနာကတော့ အေးဂျင့်တွေနဲ့ မြန်မာသံရုံးကလူတွေနဲ့ပဲ
ပြောဖို့ရှိတော့တယ်ခင်ဗျ။ ကုမ္ပဏီစက်ရုံထဲမှာတော့ အလုပ်သမားတွေ ချည်းနေတာ တာဝန်ယူမှုကတော့ ဒီလောက်ကြီးတော့ မရှိပါဘူး။ စက်ရုံထဲမှာတော့ လွတ်လွတ်လပ်လပ်သွားပိုင်ခွင့်ပြုတယ်ပေါ့။ အပြင်ကိုတော့ မထွက်ခိုင်းဘူး။ အခုဒီမှာရှိတဲ့ ၉၇ ယောက်လုံးကတော့ အယောက် ၆၀ ကျော်ကျော်လောက် က မြန်မာနိုင်ငံ အာပါဒီးက လွှတ်တာများပါတယ်။ အခု ဒီ ဂိုဒေါင်ထဲမှာနေဖို့ဆိုတာ ဒီကုမ္ပဏီစက်ရုံကပဲ တာဝန်ယူထားတာပါ။ အာပါဒီးက တာဝန်ယူထားတာ မဟုတ်ပါဘူး။ ကျနော်တို့စဖြစ်တဲ့နေ့ကတော့ ဒီမှာ ရုံးကလူတွေနဲ့ပြောတော့ ဒီနိုင်ငံက အေးဂျင့်က အာပါဒီးကို ဖုန်းခေါ်ပြီးတော့ပြောတော့ ကျနော်တို့ဖြစ်တဲ့ပြဿနာက ပြန်ချင်တယ် လို့ ပြောတယ်ပေါ့။ အဲဒီ ပြဿနာလောက် နဲ့တော့ ပြန်လို့ မရဘူးပေါ့။ သူတို့ ပြန်ဖို့တာဝန်မယူဘူးပေါ့။ အဲဒီလိုပြော ပါတယ်ခင်ဗျ။ အခုနောက်ပိုင်း ကျနော်တို့ အာပါဒီး ကုမ္ပဏီနဲ့ အဆက်အသွယ် မလုပ်တော့ပါဘူး။ အကာအကွယ်တော့မရှိပါဘူး။ ကျနော်တို့က စက်ရုံထဲမှာနေတယ်ဆိုတော့ ပြဿနာတော့မရှိပါဘူး။ စားတာကတော့ ဒီအတိုင်း ရှိတာလေးနဲ့စားတယ်။ မနက်ကတော့ မြို့ထဲက မြန်မာတွေကတော့ ဆန်ရယ် ခေါက်ဆွဲခြောက်ရယ် ကြက်သွန်လေးတွေရယ် လာပြီးတော့ လှူသွားပါတယ်ခင်ဗျ"

အကူညီမဲ့နေတဲ့ မြန်မာနိုင်ငံသားတွေဟာမလေးရှားနိုင်ငံကို
တရားဝင်နိုင်ငံကူး လက်မှတ်တွေနဲ့ လာရောက်ကြသူများဖြစ်ပြီး သူတိုကို အကူညီပေးဖို့အတွက် မြန်မာသံရုံး နဲ့ လူမူရေးအသင်းအဖွဲတွေဆီကို အကူအညီတောင်းခံမူတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာ အလုပ်သမားတွေဟာမေလေးရှားနိုင်ငံကိုရောက်လာဖို့အတွက် အနည်းဆုံး မြန်မာကျပ်ငွေ ၁၄ သိန်းလောက်အကုန်ခံပြီး လာခဲ့ကြကြောင်း သူတိုအနေနဲ့ လက်ရှိနေရာမှာတော့ အလုပ်လုပ်ဖို့အတွက် မဖြစ်နိုင်တော့ကြောင်းတွေကိုလည်းပြောပြပါတယ်။

"ဒီကျွန်းမှာတော့ တစ်ယောက်မှ မနေချင်ဘူး။ အဲလို ကွာလာလမ်ပူဘက် ကို ပြောင်းပေးမယ်ဆိုရင်တော့ လက်ခံမယ့်သူ ရှိပါတယ်ခင်ဗျ"

မလေးရှားနိုင်ငံရှိ ဆာဘား ၊ ဆာရာဝပ်ပြည်နယ်ဟာ မလေးရှား ဘရူနိုင်းနိုင်ငံရဲ့ နယ်စပ်မှာရှိပြီး မလေးရှားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ကွာလာလမ်ပူမြို့တော်နဲ့ အတော်ခရီးကွာဝေးတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်အပြီးမှာတော့ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားများအတွက် အန္တရာယ်တွေပိုများလာတာပါ။ မကြာသေးခင်တုန်းကလည်း မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးများ သတ်ဖြတ်ခံရမူတွေ ရှိခဲ့သလို နေရပ်ရင်းကိုပြန်ကြသူတွေလည်း အများအပြားရှိခဲ့တာပါ။

အခုအခြေအနေမှာလည်း အလုပ်သမားတွေဖက်က စိုးရိန်ပူပန်မှုတွေရှိနေတဲ့ အတွက် တစ်ချို့ကလည်း နေရပ်ရင်းကို ပြန်လိုနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG