အာဆီယံခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီးညီလာခံကို လာမယ့် ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီထိပ်သီးညီလာခံ မတိုင်ခင် အာဆီယံ လူငယ်များ ညီလာခံကို မလေးရှားနိုင်ငံမှာ လတ်တလော ကျင်းပနေပါတယ်။ အာဆီယံထိပ်သီးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံ လူငယ်များ ညီလာခံကနေ နိုင်ငံအလိုက် လူငယ် ကိုယ်စားလှယ်တွေ ကို ရွေးချယ်တဲ့အခါမှာ မြန်မာနိုင်ငံအတွက် လူငယ်ခေါင်းဆောင် ၂ဦးကိုရွေးချယ် ခဲ့ပါတယ်။ အဲဒီထဲက ခေါင်းဆောင်တဦးကို မြန်မာအစိုးရက ကန့်ကွက် ပယ်ချ လိုက်ပြီး အစိုးရစိတ်ကြိုက် ရွေးချယ်တဲ့ လူငယ်ခေါင်းဆောင်တဦးနဲ့ အစားထိုး လိုက်ပါတယ်။ ဒီအကြောင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင် က ပြောပြ ပါမယ်။
နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ မတိုင်ခင် အာဆီယံ လူငယ်များ ညီလာခံနဲ့ လူထု အခြေပြု အာဆီယံလူမှုအဖွဲ့စည်းများ ညီလာခံကို ကျင်းပလေ့ရှိတာပါ။ လာမယ့် ရက်ပိုင်းအတွင်း မလေးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံခေါင်းဆောင်တွေ နဲ့ ဆွေးနွေးကြမယ့် လူငယ်ခေါင်းဆောင်တွေကို အာဆီယံလူငယ်များ ညီလာခံကနေ ရွေးချယ်ကြ တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူငယ်ခေါင်းဆောင် ကိုယ်စားလှယ် ၂ဦး အဖြစ် ကိုမော်စီ(ခေါ်) ကိုဖုန်းပြည့်ကျော် နဲ့ မဖွေးယုမွန်တို့ကို ရွေးချယ်ခဲ့ပေမယ့် ကိုဖုန်းပြည့်ကျော်ကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် မပြုဖို့ မြန်မာအစိုးရက ကန့်ကွက်ခဲ့ တာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အမျိုးသားလူငယ်ကွန်ဂရက် အဖွဲ့ ပြောခွင့်ရသူ မသင်ဇာရွှန်းလဲ့ရည်က VOAကို ပြောပါတယ်။
" ကျောင်းသားတွေကို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျမတို့ ဒီအမျိုးသား လူငယ် ကွန်ဂရက်က သူတို့ ပြန်မလွတ်မချင်းကို အစိုးရနဲ့ အဆက်အဆံ မလုပ်ဘူး ဆိုတဲ့ သပိတ်ကို ကျမတို့ မှောက်ထားတယ်။ အဲ့တာ အတွက်ကြောင့်မို့လို့ ကျမတို့ ဘက်က လူငယ်တွေကို လွှတ်ဖို့ မဖြစ်ဘူးပေါ့နော်။ လွှတ်လို့မရဘူး။ မလွှတ်သင့်ဘူး ဆိုတဲ့ အခါကျတော့ အာဆီယံရေးရာ တက်ကြွ လှုပ်ရှားသူတွေ ပါသင့်တယ် ဆိုတဲ့ဟာမျိုး စဉ်းစားပြီးတော့ သူတို့နာမည်တွေကို ကိုယ်စား တင်ပေးတယ်။ ကျမတို့ ကွန်ရက်ထဲကတော့ မဟုတ်ဘူး။ ဆိုတော့ အဲဒီ့အထဲက ကျမတို့ ရွေးချယ် လိုက်တာက ကျောင်းသားတွေဘက်က ကိုမော်စီ၊ နောက် ကိုဇေယျာလွင်ကလည်း ဖိုရမ် တက်ဖို့အတွက် မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အနေနဲ့ ရသင့်တယ်ဆိုတဲ့ အားလုံး သဘောတူညီမှုနဲ့ပေါ့နော်။ ကျမတို့ကွန်ရက်ထဲက လူငယ်တချို့လည်း ကျမတို့ ရွေးချယ်တယ်။ ဒါပေမဲ့ အဲ့တာက ဆန်းမစ်ကို တက်ဖို့ မဟုတ်ဘူး။ အာဆီယံ လူငယ်ဖိုရမ်တက်ဖို့ ။ ဆန်းမစ်ကိုတော့ ကျမတို့ လူငယ်နှစ်ယောက် ရွေးတယ်။ မိန်းကလေးတယောက်၊ ယောကျ်ာလေးတယောက် ဆိုတော့ ယောကျ်ားလေး တယောက် ကတော့ ကိုမော်စီရယ်၊ မဖွေးယုကတော့ မနှစ်က တက်ခဲ့တဲ့သူပေါ့ အစိုးရက မဖွေးယုကိုတော့ လက်ခံတယ်။ ဒီ ကိုမော်စီ ကိုကျတော့ လက်မခံ ဘူးပေါ့နော်။ နောက်တယောက်ကို အစားထိုး လိုက်တယ်ပေါ့။ သူတို့ အစားထိုး လိုက်တဲ့သူက အနုပညာ ယဉ်ကျေးမှုတက္ကသိုလ်က တယောက်ပေါ့နော်။ လူငယ်တယောက်ကို သူတို့ဘက်က ရွေးချယ်ထားတယ်ပေါ့နော်။"
ကိုဖုန်းပြည့်ကျော်ကို အခုလို ပယ်ချရတာဟာ NNER အဖွဲ့ဝင်တဦး လည်းဖြစ် ကျောင်းသားလှုပ်ရှားမှုမှာ အဖမ်းမခံရပဲ ကျန်နေသေးတဲ့ ဗကသ ဗဟို အလုပ် အမှုဆောင်ကော်မတီဝင် တဦးလည်းဖြစ်ပြီး ၊ လက်ပံတန်းကျောင်းသား လှုပ်ရှားမှု ဖြိုခွင်း အဖမ်းဆီးခံနေရတဲ့ ကိစ္စတွေ ဆွေးနွေး ပြောဆိုမှာကိုမြန်မာ အစိုးရက စိုးရိမ်နေတာကြောင့် ဖြစ်နိုင်ကြောင်း မသင်ဇာရွှန်းလဲ့ရည်က သုံးသပ်ပါတယ်။
" ကိုဖုန်းပြည့်ကျော်က ကိုမော်စီက NNER အဖွဲ့ဝင် တယောက်ဖြစ် တယ်။ ကျောင်းသား အရေးအခင်းမှာ ကျောင်းသားကိစ္စတွေမှာလည်း တက်တက်ကြွကြွ လှုပ်ရှားနေတဲ့ လူငယ်တယောက်ဖြစ်တယ်။ ဆိုတော့ ဘာကြောင့် ဘာကြောင့် မရွေးချယ်ရသလဲဆိုတာ အတိအကျကြီး ကျမ မသိရဘူး။ ခန့်မှန်းရတာတော့ သေချာတယ်။ အစိုးရက ဒါကို လက်ပံတန်းမှာ ကျောင်းသား အကြမ်းဖက်ဖြိုခွင်းနိုင်တဲ့ ကိစ္စတွေကို မပြောစေချင်ဘူးဆိုတာလည်း ကျမတို့ ကြားနေရတယ်ပေါ့နော်။ တဘက်မှာ ကျမတို့ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေကိုလည်း မပြောဖို့ တားမြစ် ပိတ်ပင်တာတွေ ရှိတယ်လို့လည်း ကျမတို့ ပြန်ကြားရတာတွေရှိတယ်။ "
ဒီပြောဆိုမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာ တာဝန်ရှိသူတွေကို မေးမြန်းဖို့ VOAက ဆက်သွယ်ခဲ့ပေမယ့် ဖြေကြားမယ့်သူ မရှိခဲ့ပါဘူး။ နိုင်ငံအလိုက် အရွေးချယ်ခံရတဲ့ လူငယ်ကိုယ်စားလှယ်တွေဟာ ဧပြီလ(၂၇)ရက်နေ့ကျရင် အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။