သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bush လူငယ်ခေါင်းဆောင် သင်တန်းဆင်း လွှတ်တော် အမတ် အရွေးခံရ


ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် မထုမေ နဲ့ သမ္မတ George Bush၊ ဇနီး Laura Bush။
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် မထုမေ နဲ့ သမ္မတ George Bush၊ ဇနီး Laura Bush။

မြန်မာနိုင်ငံက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ်နဲ့ အနိုင်ရ လိုက်တာကို ကမ္ဘာ့နိုင်ငံကြီးတွေက ချီးကျူး ဂုဏ်ပြုနေချိန်မှာပဲ အမေရိကန် သမ္မတဟောင်း George W. Bush နဲ့ သမ္မတကတော် Laura Bush တို့ကလဲ ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။ တချိန်ထဲမှာပဲ Bush Institute ကဖွင့်လှစ်တဲ့ Liberty and Leadership သင်တန်းမှာ တက်ရောက်ခဲ့သူ ရခိုင်တိုင်းရင်းသူတဦးကလဲ ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာ (၈) ရက်နေ့ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အတိုက်အခံ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာကြောင့် ဒီရွေးကောက်ပွဲ ဟာ ပြည်သူတွေ မျှော်လင့်နေတဲ့ အပြောင်းအလဲဆီကို ဦးတည်နေပြီဖြစ်တယ်လို့ သမ္မတဟောင်း George W.Bush နဲ့ သမ္မတကတော် Laura Bush တို့က ပြီးခဲ့တဲ့ရက် အတွင်း ထုတ်ပြန်လိုက်တဲ့ ကြေညာချက် အစမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ရရှိရေးအတွက် ဆယ်စုနှစ် ပေါင်းများစွာ မမှိတ်မသုန် ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ကိုလဲ ချီးကျူးထားပါတယ်။

သမ္မတဟောင်း George W.Bush ကသူ့ရဲ့ Bush Institute မှာဖွင့်ထားတဲ့ Liberty and Leadership သင်တန်းမှာ မြန်မာနိုင်ငံက လူငယ် ခေါင်းဆောင် ၁၈ ဦးကိုခေါ်ယူပြီး ပထမဦးဆုံး အသုတ်အနေနဲ့ ၂၀၁၄ ခုနှစ်ဇွန်လမှာ ခေါင်းဆောင်မှု သင်တန်း ပေးခဲ့ပါတယ်။

အဲဒီသင်တန်းကို တက်ရောက်ခဲ့တဲ့အထဲ ၂၀၁၅ ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရတဲ့ မထုမေလဲ ပါဝင်ပါတယ်။

သူဟာ (ရခိုင်ပြည်နယ်) ရမ်းဗြဲနဲ့ အမ်းမြို့နယ်တွေ အတွက် ကိုယ်စားလှယ်ဖြစ် ပါတယ်။ မြန်မာ့နိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သမ္မတဟောင်း George W.Bush က ချီးကျူး ဂုဏ်ပြုတဲ့အပေါ် မထူးမေက ကြိုဆိုလိုက်ပါတယ်။ Bush Institute မှာ သင်ပေးလိုက်တဲ့ Liberty and Leadership သင်တန်းတွေက သူ့ရဲ့နိုင်ငံရေးဘဝမှာ တိုက်ရိုက် အသုံးဝင်ပြီး အကျုးိပြုတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မထုမေက ဆိုပါတယ်။

“သမ္မတဟောင်းကိုယ်တိုင်ကပေးတဲ့ Scholarship ဖြစ်တဲ့အခါမှာ တကယ့်ကို Credit မြင့်တယ်။ နောက်တခုက နိုင်ငံရေးမှာ ပါဝင်ဖို့ လျှောက်လှမ်းဖို့ လူတွေကျလို့ရှိရင် ၊ ကိုယ်သာ နိုင်ငံရေးသမားဖြစ်လာမယ် (ဒါမှမဟုတ်) ကိုယ်သာ နိုင်ငံရေးထဲမှာ ပါဝင်လာလို့ရှိရင် အဲဒီက ပေးလိုက်တဲ့ ဘာသာရပ်တွေ အကုန်လုံးက ကျမတို့ အလုပ်လုပ်တဲ့ အခါမှာ တကယ့်ကို အသုံးဝင်တယ်။ အထူးသဖြင့် ကျမဆိုလို့ရှိရင် နိုင်ငံရေး ထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာအောင် ဒီကရလာတဲ့ ဗဟုသုတတွေ အတတ်ပညာတွေကို အသုံးပြုတတ်အောင် သင်ပေးတဲ့ ဖိုရမ်ကြီးတခု ဖြစ်တယ်ပေါ့နော်။”

ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ပညာရေးဥပဒေ ပြင်ဆင်ဖို့ ဆန္ဒထုတ်ဖေါ် တောင်းဆို တဲ့ ကျောင်းသား ခေါင်းဆောင်တွေ ကို အစိုးရက ဖမ်းဆီး တရားစွဲထားဆဲ ဖြစ်ပါတယ်။

အဲဒီထဲမှာ မထုမေတို့နဲ့အတူ Bush Institute က ဖွင့်တဲ့ခေါင်းဆောင် သင်တန်းကို တက်သွားတဲ့ ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းစ်တို့လဲ ပါဝင်တာပါ။ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့ကို လွှတ်ပေးသင့်တယ်လို့ သမ္မတဟောင်း George W.Bush က သူ့ရဲ့ကြေညာချက် ထဲမှာ တောင်းဆိုထားပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ အခုလိုကာလမှာ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ မရှိသင့်တော့ဘူးလို့ မထုမေက သုံးသပ်ပါတယ်။

“နိုင်ငံတနိုင်ငံမှာ များသောအားဖြင့် အပြောင်းအလဲတွေနဲ့ လက်ရှိနိုင်ငံ အခြေအနေကို ပညာတတ်လို့ခေါ်တဲ့ ကျောင်းသားတွေက ပိုသိတယ်။ ဒီလိုမျိုးပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ လုပ်တဲ့အခါမှာလည်း ကျမတို့သူငယ်ချင်း ဖြိုးဖြိုးအောင်တို့သည် ဒီမိုကရေစီ ပညာရေး မဟုတ်မှန်းကို သိထားတဲ့အတွက် မြန်မာနိုင်ငံ အပြောင်းအလဲနဲ့အတူ ပညာရေး စနစ်ကိုပါ ပြောင်းလဲဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေ ဖြစ်တဲ့ အတွက်ကြောင့်၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီကို ဦးတည်နေပြီဆိုလို့ရှိရင် ဒီကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိသင့်ဘူး။”

မြန်မာနိုင်ငံဟာ ဒီမိုကရေစီပန်းတိုင်နဲ့ အလှမ်းကွာဝေးနေဆဲ ဖြစ်တာကြောင့် ဒီမိုကရေစီရင့်သန်ဖို့ ဆက်လက်လုပ်ဆောင်စရာတွေ ကျန်နေ သေးတယ်လို့ သမ္မတဟောင်း Bush ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ANP ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေ ကတော့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုနဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် ခိုင်မာဖို့လိုတယ်လို့ ပြော ပါတယ်။

“နိုင်ငံတနိုင်ငံက ဒီမိုကရေစီနိုင်ငံအဖြစ် ရှေ့ဆက်သွားမယ်လို့ ကြေညာပြီးထားရင် အဓိက အရေးအကြီးဆုံးက အဲဒီနိုင်ငံမှာ နေကြ တဲ့လူတွေ လုံခြုံဖို့အရေးကြီးတယ်။ ဒါကြောင့်မို့လို့ တရားဥပဒေ စိုးမိုးရေး မဏ္ဍိုင်က ပဓာနအကျဆုံးပဲ။ တချိန်ထဲမှာ နောက်တခုက တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာတဲ့ တောင်းဆိုလာတဲ့ ဒီဖယ်ဒရယ်ဆိုတဲ့ စနစ်တခုကို ချမှတ်ဖို့လိုအပ်တယ်။ လက်တွေ့ ကျတဲ့ ဖယ်ဒရယ်စနစ်၊ တိုင်းရင်းသားများကနေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ဒါတွေဟာ ဒီမိုကရေနိုင်ငံလို့ ပြောပြီဆိုရင် ဖြစ်ရတော့မယ်။”

၂၀၁၄ မှာ Bush Institute က စတင်ခဲ့တဲ့ Liberty and Leadership သင်တန်းကို ၂၀၁၅ခုနှစ် အတွက် မြန်မာနိုင်ငံက လူငယ်တချို့ကိုခေါ်ယူ ပြီး တက်ရောက်စေခဲ့ပါတယ်။

XS
SM
MD
LG