ကမ္ဘောဒီးယားနိုင်ငံမှာ မနေ့က လူအုပ်ပိ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းဖွယ် ဆုတောင်းပွဲ တရပ်ကို ဒီနေ့ ကျင်းပခဲ့တဲ့ အချိန်မှာပဲ သေဆုံးသူ ဦးရေဟာ ပိုပြီး များလာနေပါတယ်။ ကမ္ဘောဒီးယား အစိုးရက အခုချိန်ထိ သေဆုံးရသူ အရေအတွက်ဟာ ၃၇၈ ယောက် ရှိသွားပြီလို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေဟာလည်း ရာနဲ့ချီပြီး ရှိနေတယ်လို့ ဆိုပါတယ်။ အခုလို ဝမ်းနည်း ကြေကွဲမှုကြီး ဖြစ်ရတာကတော့ ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်စဉ် ပျော်ပွဲရွှင်ပွဲအဖြစ် ကျင်းပတဲ့ ရေကစားပွဲကြီး အပြီး လူအုပ်ကြီးက ဝရုန်းသုန်းကားနဲ့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရင်းနဲ့ တယောက်ကို တယောက် ပိပြီး အခုလို လူ ရာနဲ့ချီ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်က ဗွီအိုအေ သတင်းထောက် ရောဘတ် ကာမစ်ကယ်လ် (Robert Carmichael) ပေးပို့ထားတဲ့ သတင်းကို ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။
ဖနွမ်းပင်မြို့က တံတားတခုပေါ်မှာ လူအုပ်ပိ သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းဖွယ် ဆုတောင်းပွဲတခုကို ဒီနေ့ နေ့လယ် လုပ်နေရာမှာ ဗုဒ္ဓဘာသာ သံဃာတော် အပါး ၅၀၀ က ဝတ်ရွတ်ခဲ့ကြပါတယ်။ ဒီကြေကွဲမှုကြီး ဖြစ်အပြီး ၂၄ နာရီအတွင်းမှာပဲ ကမ္ဘောဒီးယား အစိုးရက တိုင်းပြည်ရဲ့ အပျော်ရွှင်ရဆုံး ပွဲတော်တခုမှာ လူအများအပြား ဘယ်လိုဘယ်ပုံ သေဆုံးခဲ့ရတယ် ဆိုတာကို စုံစမ်းစစ်ဆေးဖို့ ကော်မတီတခု ဖွဲ့လိုက်ပါတယ်။
ဒီဖြစ်ရပ်ဟာ ဆယ်စုနှစ် များစွာအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တခု ဖြစ်ပါတယ်။ သေဆုံးခဲ့ရသူ အများစုဟာ လူငယ်တွေ ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေနဲ့ အသက် ၂၀ ကျော် အရွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဖနွမ်းပင်က ရေကစားပွဲကို လာကြတဲ့ လူပေါင်း ၂,၀၀၀,၀၀၀ ထဲက ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ မိုးရာသီ အဆုံးသတ်အဖြစ် လုပ်တဲ့ပွဲတော် ဖြစ်ပါတယ်။
၁၉ နှစ်သာ ရှိသေးတဲ့ ဘူဝပ် ပန်ညာ (Buot Panha) က ဖနွမ်းပင်မြို့မှာ လူတွေ အများအပြား တင်ထားတဲ့ ကာလ်မက်တ် (Calmette) ဆေးရုံကို ရောက်နေပါတယ်။ သူ့သူငယ်ချင်း ၂ ယောက် ပြန်ဆင်းလာမှာကို စောင့်နေတာ ဖြစ်ပါတယ်။ တနင်္လာနေ့က ည ၉ နာရီ ပြီးတာနဲ့ ဒီတံတားပေါ်က လူအုပ်ကြီးကြားမှာ သူနဲ့ သူ့သူငယ်ချင်းတွေ ပိတ်မိသွားပါတယ်။ သူ့ဘေးမှာ ကြောက်လန့်နေတဲ့ လူအုပ်ကြီးဟာ လွတ်ထွက်နိုင်ဖို့ ကြိုးစား အော်ဟစ်နေချိန်မှာ အသက်ကိုတောင် ဝအောင် သူတို့ မနည်းရှူခဲ့ရတယ်လို့ ဆိုပါတယ်။
သူကတော့ အရပ်ရှည်တော့ တခြားလူတွေထက် ခေါင်းထောင်ထွက်နိုင်ပြီး အသက်ရှူနိုင်ခဲ့တဲ့အတွက် အခုလို အသက်ရှင်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ အရပ်ပုတဲ့လူတွေ အတွက်ကတော့ အခုလို မရှူနိုင်ခဲ့ပါဘူး။ သူပြောတာက ဒါကြောင့်မို့ သေဆုံးသူခဲ့ရသူရဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ ဆက်ပြောတာက အခုလို ဖြစ်ရတာ ဖနွမ်းပင်က ရေကစားပွဲမှာ ပထမဆုံး ဖြစ်တာပါ၊ အခုလိုဖြစ်မယ်လို့ သူ လုံး၀ မထင်ခဲ့ကြောင်း ပြောပါတယ်။ လူတွေ အခုလို အများအပြား သေဆုံးခဲ့ရတာ မယုံနိုင်စရာပဲလို့ သူက ဝမ်းနည်းကြေကွဲဖွယ် ပြောပါတယ်။
ဘူဝပ်ဟာ ကလေး ၂ ဦးနဲ့ ပိတ်မိနေတဲ့ အမျိုးသမီးတဦးကို ကယ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူမက ကယ်ပါ၊ ကူပါလို့ တစာစာ အော်နေခဲ့ပါတယ်။ ဘူဝပ်ကတော့ အရပ်ရှည်တော့ ကလေးတဦးကို ဆွဲပွေ့ယူပြီး လူအုပ်ရဲ့ အပေါ်ကို မတင်လိုက်ပါတယ်။ ကလေး အသက်ရှူနိုင်အောင် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တချို့လူတွေက တခြားလူတွေအတွက် တံတားပေါ်မှာ နေရာရနိုင်ဖို့၊ နေရာချဲ့ပေးနိုင်ဖို့အတွက် တံတားပေါ်ကနေ တချို့ ရေထဲ ခုန်ချဖို့ ပြောလာပါတယ်။ ဒါကြောင့် သူက ကလေးကို မိခင်ထံ ပြန်ပေးခဲ့ပြီး ရေထဲကို ခုန်ချခဲ့ရပါတယ်။
ဘူဝပ်လိုပဲ တချို့လူတွေကတော့ ကံကောင်းသွားခဲ့ပါတယ်။ ရေထဲကို ခုန်ချရာကနေ ကမ်းကိုကူးပြီး အသက်ရှင်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အများစုကတော့ မလှုပ်နိုင်တော့ဘဲ ပိတ်မိပြီး သေဆုံးခဲ့ကြရပါတယ်။ ဘူဝပ်က ခုနက မိခင်နဲ့ ကလေး ၂ ဦး သေဆုံးသွားခဲ့မယ်လို့ စိုးရိမ်နေပါတယ်။
“ကလေးရော မိခင်တွေပါ သေဆုံးသွားမယ်။” လို့ သူက ပြောခဲ့ပါတယ်။
အစိုးရ အရာရှိတွေကတော့ ရွက်ဖျင်တဲကြီး ၂ ခုကို ဆေးရုံနားမှာ ထိုးထားပါတယ်။ ရွက်ဖျင်တဲကြီး တခုမှာတော့ အမည်မသိသေးတဲ့ အလောင်း ၅၀ ကို ပုံပြီး အဝတ်ဖြူတွေနဲ့ အုပ်ထားပါတယ်။ ရဲတွေက သေသူတွေရဲ့ လက်ဗွေတွေကို ယူနေပါတယ်။ အနားမှာတော့ ရာနဲ့ချီတဲ့ မိသားစု အဖွဲ့ဝင်တွေက ထိုင်ပြီး ငိုကြွေးနေကြပါတယ်။
ဘူဝပ်က အခုလို ရေကစားပွဲမှာ ဖြစ်ရတာဟာ သူ့ဘဝမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး နောက်ဆုံးလည်း ဖြစ်မှာပါလို့ ဆိုပါတယ်။ သူ့အနေနဲ့ နောက်တခေါက် ရေကစားပွဲကို ထပ်သွားတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။