သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားရွေးကောက်ပွဲမတိုင်ခင် တရုတ်ကိုမှီခိုမှုကြီးလာ


In this photo released by Agence Kampuchea Press (AKP), Chinese Foreign Minister Wang Yi, right, arrives at Phnom Penh International Airport in Phnom Penh, Cambodia, Tuesday, Aug. 2, 2022.
In this photo released by Agence Kampuchea Press (AKP), Chinese Foreign Minister Wang Yi, right, arrives at Phnom Penh International Airport in Phnom Penh, Cambodia, Tuesday, Aug. 2, 2022.

ကမ္ဘောဒီးယားနိုင်ငံတွင်း တရုတ် ငွေကြေးမတည်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေဟာ နိုင်ငံ အတွက် အကောင်းအဆိုး ရောထွေးနေပါတယ်။ ဒီစီမံကိန်းတွေဟာ နိုင်ငံမှာအားနည်းနေတဲ့ အခြေခံ အဆောက်အအုံပိုင်း တိုးတက်လာစေမယ့် အခွင့်အလမ်းလို့ တချို့က ရှုမြင်ကြပြီး တဖက်မှာလည်း ကမ္ဘောဒီးယားရဲ့ စီးပွားရေးအရ တရုတ်အပေါ် မှီခိုမှုကြီးလာမှာ စိုးရိမ်ကြသူတွေလည်း ရှိနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ကမ္ဘောဒီးယား အထွေထွေ ရွေးကောက်ပွဲတွေ မတိုင်ခင် တလ အလိုမှာဘဲ တရုတ်အစိုးရ ရံပုံငွေ မတည်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းကြီးတခုကို ဝန်ကြီးချုပ်ဟွန်ဆန်က ကြေညာခဲ့ပါတယ်။ အဲဒီ စီမံကိန်းကတော့ ဖနွမ်းပင်မြို့တော်ကနေ နိုင်ငံအရှေ့ပိုင်း ဗီယက်နမ်နဲ့ နယ်စပ် Bavet ကို ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကြီး ဖြစ်ပါတယ်။ မြို့တော်ဖနွမ်းပင်ကနေ ကမ္ဘောဒီးယားရဲ့ အဓိကပင်လယ်ဆိပ်ကမ်းမြို့ Sihanoukville ကိုဆက်သွယ်တဲ့ တရုတ်ငွေကြေးမတည်တဲ့ ဒေါ်လာ ၂ ဘီလျံတန် အဝေးပြေး လမ်းမကြီးကို ပြီးခဲ့တဲ့နှစ်က ဖွင့်လှစ်ခဲ့ပြီးနောက် အခု စီမံကိန်းသစ်ကိုကြေညာတာပါ။ ကြေညာလိုက်တဲ့ ၁၃၅ ကီလိုမီတာ လမ်းမကြီဟာ ခန့်မှန်းခြေ ဒေါ်လာ ၁ ဒသမ ၃၇ ဘီလျံ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

ဖနွမ်ပင် - Bavet အဝေးပြေးလမ်းမကြီးအတွက် ဇွန်လလယ်ပိုင်း ပန္နက်ရိုက် အခမ်းအနားမှာတော့ ဝန်ကြီးချုပ်ဟွန်ဆန်က ဒီအဝေးပြေးလမ်းမကြီးဟာ သူ မသေခင်မှာ အပြီးသတ်မှာပါလို့ ပြောဆိုခဲ့ပါတယ်။ အခုလို အချိန်ကိုက်ထွက်လာတဲ့ ကြေညာချက်ကိုကြည့်ရင် ဆယ်စုနှစ်လေးခုနီးပါး အာဏာချုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ စီးပွားရေးတိုးတက်မှုအတွက် တရုတ်ကို အားထားနေတယ်ဆိုတာ ပေါ်လွင်စေပါတယ်။

ဖနွမ်းပင်တော်ဝင်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးစင်တာက ဧည့်ပညာရှင် Chhay Lim ကတော့ ဒီ တရုတ်ငွေကြေးမတည်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေဟာဆိုရင် အများပြည်သူ အကျိုးစီးပွားအတွက်တင်မဟုတ်ဘဲ အာဏာရ အစိုးရရဲ့ တရားဝင်မှုကို မြှင့်တင်ပေးတဲ့ နေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အသစ်ကြေညာလိုက်တဲ့ တရုတ်ရဲ့ အမြန်လမ်း စီမံကိန်းတွေကြောင့် ကမ္ဘောဒီးယား အစိုးရဲ့ ပုံရိပ်ကို ပိုပြီး ကောင်းမွန်စေမယ်လို့လည်း သူက ဗွီအိုအေ ခမာဌာနကို ပြောပါတယ်။

အာဏာရကမ္ဘောဒီးယား ပြည်သူ့ပါတီဟာဆိုရင် ဒီတကြိမ် ရွေးကောက်ပွဲမှာလည်း အဓိကအတိုက်အခံ မရှိပြန်ပါဘူး။ ပြီးခဲ့တဲ့ မေလ အတွင်းမှာဘဲ Candlelight ပါတီကို စာရွက်စာတမ်း မပြည့်စုံဘူးဆိုပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကို အစိုးရကပိတ်ပင်ခဲ့တာပါ။ မဲဆန္ဒရှင်တွေ ပါဝင်မှုနဲ့ ပယ်မဲ လို ကိစ္စတွေကိုလည်း မတည်မငြိမ် ဖြစ်စေနိုင်မှုတွေ အဖြစ် အသေအချာ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဟွန်ဆန်က သူ့ရဲ့သားကြီး ဖြစ်သူ ဗိုလ်ချုပ်ကြီး Hun Manet ကို သူ့ကို ဆက်ခံသူအဖြစ် လျာထားပေမဲ့ အချိန်ကာလကိုတော့ တိတိကျကျ မပြောသေးပါဘူး။

အနောက်နိုင်ငံတွေလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာလိုအပ်ချက်တွေမရှိဘဲ စီးဝင်လာတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကိုကြိုဆိုတဲ့ ကိစ္စကိုတော့ ဟွန်ဆန်က ဝန်ချ ပြောဆိုတာမျိုး မရှိပါဘူး။
ပြီးခဲ့တဲ့ဆယ်စုနှစ် အတွင်း ကမ္ဘောဒီးယားမှာ တရုတ်ငွေကြေးမတည်တဲ့ တည်ဆောက်ရေးတွေကြောင့် ကမ္ဘောဒီးယားအနေနဲ့ အကြွေးမဆပ်နိုင်ဘဲ တရုတ်အစိုးရအလိုကျ ဖြစ်သွားမယ့်အရေး စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

အမြန်လမ်း စီမံကိန်းတွေဟာဆိုရင် ချေးငွေ စနစ်နဲ့ မဟုတ်ပါဘူး။ တည်ဆောက်- စီမံခန့်ခွဲ- လွှဲပြောင်း BOT စနစ်နဲ့ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားကို အပြည့်အ၀ မလွှဲပြောင်းခင်မှာ တရုတ် ကုမ္ပဏီက ငွေရင်းပြန်ရတဲ့ အထိ ဝင်ငွေကိုရယူမှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားမှာ အများပြည်သူဆိုင်ရာ စီမံကိန်းတွေ ဖော်ဆောင်ရေးအတွက် တရုတ် ရင်းနှီးမြှုပ်နှံသူတွေမှာ တကယ်တန်း ဦးစီးသူတွေက ကမ္ဘောဒီးယား ပြည်သူတွေ မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံသူတွေနဲ့ သူတို့ရဲ့နိုင်ငံရင်း အထူးသဖြင့် တရုတ်ဖြစ်ပါတယ်လို့ အာရီဇိုးနား ပြည်နယ် တက္ကသိုလ် Thunderbird ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ဌာနက တွဲဖက် ပါမောက္ခ Sophal Ear က ပြောပါတယ်။ ကမ္ဘောဒီးယားအနေနဲ့ တရုတ်ရင်းနှီးမြှုုပ်နှံသူတွေနဲ့ အဝေးပြေးလမ်းမတွေ ထပ်ပြီး ဖော်ဆောင်တာကို အလျင်စလို မလုပ်သင့်ကြောင်း၊ အကြောင်းကတော့ အတတ်နိုင်ဆုံး အကောင်းဆုံး သဘောတူညီချက်ကို ရွေးချယ်သင့်တယ်လို့ ပြောပါတယ်။ အခုတော့ ဒီရင်းနှီးမြှုပ်နှံသူတွေကို လမ်းတည်ဆောက်ခွင့်ပေး နှစ်ပေါင်းများစွာ စီမံခန့်ခွဲခွင့်ပြုလိုက်ပြီး၊ စီးပွားရေးအရ တန်ဖိုးမရှိဖြစ်သွားချိန်မှ ကမ္ဘောဒီးယားကို လွှဲပြောင်းပေးမှာလို့ သူက ထပ်လောင်း ပြောပါတယ်။

BOT သဘောတူညီချက် အရ တရုတ် နိုင်ငံပိုင် လုပ်ငန်းကြီး CRBC က အဝေးပြေးလမ်းမကြီး ဖွင့်လှစ်ပြီးနောက် နှစ် ၅၀ ကြာ လမ်းကြေး ကောက်ခံမှာ ဖြစ်ကြောင်း ကမ္ဘောဒီးယား ပို့ဆောင်ရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

Sihanoukville နဲ့ Bavet အဝေးပြေး လမ်းမကြီးတွေဟာ ပိုပြီးကြီးမား ကျယ်ပြန့်တဲ့ ကွန်ရက်ရဲ့ အစိတ်အပိုင်း ဖြစ်လာနိုင်ပါတယ်။ တရုတ်နဲ့ အာဖရိက၊ ဥရောပတို့ကို ကုန်းလမ်း၊ ရေလမ်း ကွန်ရက်တွေနဲ့ ဆက်သွယ်ဖို့ ရည်ရွယ်တဲ့ တရုတ်သမ္မတ Xi Jinping ရဲ့ အထူး နိုင်ငံခြားရေး မူဝါဒ "ခါးပတ်လမ်း စီမံကိန်း" ကနေ တဆင့် ကမ္ဘာလုံးဆိုင်ရာ သြဇာချဲ့ထွင်ဖို့ တရုတ်အစိုးရက ကြိုးစားနေတာပါ။

Siem Reap ကနေ ထိုင်းနယ်စပ်က Poipet မြို့ကို ချိတ်ဆက်မယ့် ဒေါ်လာ ၄ ဘီလျံလောက် ကုန်ကျမယ့် အဝေးပြေး လမ်းမတွေ ဖြစ်နိုင်ခြေကိုလည်း တရုတ်လမ်းနဲ့ တံတား လုပ်ငန်းကြီး CRBC က လေ့လာနေကြောင်း ဟွန်ဆန်က ပြီးခဲ့တဲ့လအတွင်း ပြောဆိုထားပါတယ်။

ကမ္ဘောဒီးယားရဲ့ အရှေ့တောင်အာရှလေ့လာရေးဌာနက Chhay Lim ကတော့ လက်ရှိမှာ ဒေါ်လာ ၁၀ ဘီလျံလောက်ရှိလာပြီ ဖြစ်တဲ့ အကြွေးဒဏ် သက်သာစေမှာကြောင့် BOT ပုံစံက အံဝင်ခွင်ကျ ဆောင်ရွက်မှုလို့ သူထင်မြင်တဲ့ အကြောင်းပြောပါတယ်။ စီမံကိန်းကိုချမှတ် အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်အတွင်း အစိုးရအနေနဲ့ ထိရောက်ကောင်းမွန်တဲ့ မူဝါဒရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာမှုတို့ကို အသေအချာဆောင်ရွက်ရမှာ ဖြစ်သလို အရေးအကြီးဆုံးကတော့ ဒေသခံ လူမှု အသိုင်းအဝိုင်းအပေါ် သက်ရောက်လာနိုင်ခြေရှိတဲ့ ဆိုးကျိုးတွေကို လျော့ပါးသက်သာရေး အသေအချာ ဆောင်ရွက်ဖို့ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အဝေးပြေး လမ်းမကြီးတွေ အားလုံးကို ငွေကြေးမတည် တည်ဆောက်နေတဲ့ တရုတ် လမ်းနဲ့ တံတား လုပ်ငန်းကြီးကတော့ ဘေဂျင်းမြို့တော်မှာ ရုံးစိုက်ပြီး နိုင်ငံနဲ့ နယ်မြေ ၆၀ လောက်မှာ ရုံးတွေ ဖွင့်လှစ်ထားတာပါ။ CRBC ရဲ့ ဝင်ငွေကို ထုတ်ပြန်တာ မရှိပေမယ့် သူ့ရဲ့ ပင်မ လုပ်ငန်းကြီး ဖြစ်တဲ့ China Communications Construction Group-CCCG ရဲ့ ၂၀၂၁ ခုနှစ်အတွင်း အရောင်းက ဒေါ်လာ ၁၁၉ ဒသမ ၉ ဘီလျံထိ ရောက်ရှိခဲ့ကြောင်း Nikkei Asia က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ သတင်းမှာ ဖော်ပြပါတယ်။ CCCG ဟာ ပြည်ပဝင်ငွေအရ ကမ္ဘာ့ တတိယအဆင့် ကွန်ထရက်တာ ဖြစ်တယ်လို့လည်း အမေရိကန် ဆောက်လုပ်ရေး ကဏ္ဍ ဆိုင်ရာ စာစောင် Engineering News-Record က ဖော်ပြပါတယ်။

အာရှ၊ ဥရောပနဲ့ အာဖရိကနိုင်ငံတွေကို အဝေးပြေးလမ်းမကြီးတွေ၊ ရထားလမ်းတွေ၊ ဓာတ်အားပေး စက်ရုံတွေနဲ့ ချိတ်ဆက်မယ့် ခါးပတ်လမ်း စီမံကိန်းကို တရုတ်သမ္မတ Xi က ၂၀၁၃ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ပထဝီနိုင်ငံရေးအရ တရုတ်ရဲ့ ယှဉ်ပြိုင်မှုမှာလည်း အခရာကျပြီး ကမ္ဘာတလွှား တရုတ်အစိုးရရဲ့ စီးပွားရေးနဲ့ သံတမန်ရေးကို ဖြန့်ကျက်မှု ပိုတိုးလာစေပါတယ်။

မေလအတွင်းလုပ်တဲ့ အခမ်းအနားတခု အတွင်းမှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က BRI စီမံကိန်းကြောင့် ကမ္ဘောဒီးယားအတွက် ၁၀ နှစ်တာ အကျိုးအမြတ်ရှိစေတယ်လို့ ပြောဆိုပြီး တရုတ် သမ္မတ Xi ရဲ့ စီမံကိန်းကို နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ငြိမ်းချမ်းမှု အဖြစ် ချီးကျူးပါတယ်။ ဇွန်လအစောပိုင်းက အဝေးပြေးလမ်းမကြီး ပန္နက်တင်တဲ့ အခမ်းအနားအတွင်းမှာလည်း ဒီစီမံကိန်းဟာဆိုရင် တရုတ်နဲ့ ကမ္ဘောဒီးယားကြား ပူးပေါင်းဆောင်ရွက်မှု သင်္ကေတ ဖြစ်သလို BRI ရဲ့ အသီးအပွင့်လို့လည်း ကမ္ဘောဒီးယားဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wentian က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတွေအနေနဲ့ တရုတ်ရဲ့ BRI အခြေခံ အဆောက်အအုံ မဟာဗျူဟာအောက်က စီမံကိန်းကြီးတွေ ရယူနေကြတာကို အမေရိကန်က သတိပေးထားပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Janet Yellen က သူမရဲ့ စိုးရိမ်မှုကို လွှတ်တော် အမတ်တွေထံ မကြာသေးခင်က တင်ပြခဲ့ပါတယ်။ "ကမ္ဘာတဝန်းလုံးမှာ တရုတ်ရဲ့ဆောင်ရွက်ချက်တချို့ကို အလွန်မှ စိုးရိမ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုကို မြှင့်တင်တာ မဟုတ်ဘဲ အကြွေးထောင်ချောက်ထဲ ရောက်သွားစေတဲ့ နည်းလမ်းတွေနဲ့ နိုင်ငံတွေမှာ ဆောင်ရွက်နေတာပါ"လို့ မတ်လအတွင်း လွှတ်တော် ကြားနာပွဲမှာ သူမက ပြောဆိုခဲ့ပါတယ်။ သီရိလင်္ကာရဲ့ အဓိက ဆိပ်ကမ်းကြီးကိုအကြွေးဆပ်တဲ့အနေနဲ့ တရုတ်ကထိန်းချုပ်တာခံလိုက်ရတဲ့ သီရိလင်္ကာနိုင်ငံကို အမေရိကန်အစိုးရက ထောက်ပြပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အစိုးရကတော့ ငွေချေးယူမှုကို ကိုင်တွယ်ဆောင်ရွက်နိုင်ဆဲ ဖြစ်ပြီး BOT စီမံကိန်းတွေကြောင့် အကြွေးထောင်ချောက်အရေးကိုလည်း ရှောင်လွှဲနိုင်တယ်ဆိုပြီး ပြောဆိုပါတယ်။ ကမ္ဘောဒီးယား စီးပွားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ နိုင်ငံရဲ့ အကြွေးက ပြီးခဲ့တဲ့နှစ် ဒေါ်လာ ၉ ဒသမ ၄၇ ဘီလျံ ကနေ ၂၀၂၃ ခုနှစ် အတွင်း ဒေါ်လာ ၁၂ ဒသမ ၆၂ ဘီလျံ လောက်ထိ တိုးယူနိုင်တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့လည်း ဂျာမနီက Kiel အင်စတီကျူက ၂၀၁၉ ခုနှစ် အတွင်းထုတ်တဲ့ အစီရင်ခံစာမှာတော့ တရုတ် အစိုးရထံကနေ ချေးငွေနဲ့ တသီးပုဂ္ဂလ အကြွေး ရယူထားသူ နိုင်ငံ ၅၀ ထဲမှာ၊ ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP အရ ဆိုရင် ကမ္ဘောဒီးယားဟာ အကြွေးတင်ရှိမှု အများဆုံး နံပတ် ၆ အဆင့်မှာ ရှိနေကြောင်း ဖော်ပြပါတယ်။

သံတမန်ရေးအပေးအယူဆိုတဲ့ ပြောဆိုချက်တွေအပေါ်မှာတော့ တရုတ်နဲ့ ကမ္ဘောဒီးယား နှစ်ဘက်စလုံးက ပယ်ချထားပါတယ်။ ဒေသတွင်း ထိုင်ဝမ်နဲ့တောင်တရုတ် ပင်လယ်ပြင်အရေး တင်းမာမှုတွေ တိုးလာနေတဲ့အတောအတွင်း ဟွန်ဆန်ဟာ ကမ္ဘာ့စင်မြင့်မှာ တရုတ်ရဲ့ အကျိုးစီးပွားကို ခိုင်ခိုင်မာမာ ထောက်ခံသူ အဖြစ် သုံးသပ်သူတွေက ပြောပါတယ်။ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN က ဒေသတွင်း စစ်ရေးလေ့ကျင့်မှုလုပ်မယ့် အစီအစဉ်ကိုလည်း ကမ္ဘောဒီးယားက ပြီးခဲ့တဲ့ လအတွင်း ဆိုင်းငံ့ထားပါတယ်။ တရုတ်ဘက်က မကျေမနပ် ဖြစ်လာနိုင်တဲ့ အင်ဒိုနီးရှား အဆိုပြုတဲ့ ဒီအစီအစဉ်ကို ပြန်လည် သုံးသပ်ဖို့ အချိန်ယူရမယ်လို့ ကမ္ဘောဒီးယားက ပြောဆိုထားတာပါ။

သဘောထား ကွဲပြားသူတွေကို ဖြိုခွဲမှု၊ နိုင်ငံရေးအတိုက်အခံတွေကို ဥပဒေကြောင်းအရ ထိုးနှက် တိုက်ခိုက်မှုတွေကြောင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ယိုယွင်းလာတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ တရုတ်ရဲ့ "နှောင်ကြိုးမဲ့ သံတမန်ရေး" ဆိုပြီး ထပ်ခါတလဲလဲ အမွှမ်းတင်နေတယ်လို့လည်း ကမ္ဘောဒီးယား နိုင်ငံတွင်း နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။

XS
SM
MD
LG