သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ် အငြင်းအခုံဖြစ်


ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲအတွင်း အနိုင်အရှုံး ထွက်ပေါ်ခဲ့ပြီးတဲ့နောက် မသမာမှုတွေနဲ့ ရှိခဲ့တဲ့ အထောက်အထားတွေကို စုဆောင်းဖို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ လူထုနဲ့ တွေ့ဆုံမယ်လို့ အတိုက်အခံပါတီက ပြောလိုက်ပါတယ်။

ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ရဲ့ခေါင်းဆောင် စမ် ရင်စီ (Sam Rainsy) ကတော့ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ရတာတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ အကဲခတ်တွေကို တင်ပြဖို့ အထောက်အထားတွေ စုဆောင်းသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲ မှတ်ပုံတင်စာရင်း သွင်းရာမှာ မဲဆန္ဒရှင် ၁ သန်း ၂ သိန်းရဲ့ အမည်စာရင်းတွေ ပါမလာကြသလို၊ ၂ သိန်းလောက်ကတော့ စာရင်းထပ် နေသူတွေ ဖြစ်တယ်လို့လည်း အတိုက်အခံခေါင်းဆောင်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

အစိုးရကတော့ ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်တွေအပေါ် နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်ကို လက်မခံတဲ့ အကြောင်းနဲ့ အတိုက်အခံတွေ အနေနဲ့ အထောက်အထားရှိတယ်ဆိုရင် ရှင်းရှင်းလင်းလင်း ပြသဖို့ တောင်းဆိုခဲ့တဲ့ အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး Reuters သတင်းတပုဒ်က ဖော်ပြခဲ့တာပါ။

ဝန်ကြီးချုပ် Hun Sen ရဲ့ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ကတော့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၈ နေရာနဲ့ အနိုင်ရခဲ့တာ ဖြစ်တဲ့အကြောင်းနဲ့ ဝန်ကြီးချုပ်အဖြစ် ဟွန်ဆန် ကိုပဲ ဆက်လက် တင်မြှောက်သွားမှာ ဖြစ်တဲ့အကြောင်း ကြေညာထားပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တို့ကတော့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲ အတွင်း မဲမသမာမှု စွပ်စွဲချက်တွေအပေါ် စိုးရိမ်မကင်းတဲ့အကြောင်း ပြောဆို ထားပါတယ်။
XS
SM
MD
LG