သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးလုပ်သား အသုံးပြူမှု ပပျောက်ရေး ကမ္ဘောဒီးယား စတင်


အုတ်စီနေသည့် ကမ္ဘောဒီးယား ကလေးလုပ်သားတဦး။ (ဇူလိုင် ၂၃၊ ၂၀၁၉)
အုတ်စီနေသည့် ကမ္ဘောဒီးယား ကလေးလုပ်သားတဦး။ (ဇူလိုင် ၂၃၊ ၂၀၁၉)

ကမ္ဘောဒီးယားနိုင်ငံတွင်း အုတ်ဖုတ်တဲ့လုပ်ငန်းတွေမှာ ကလေးအလုပ်သမားတွေ အသုံးပြုမှုကို ၂၀၂၀ ပြည့်နှစ် အရောက်မှာ အဆုံးသတ်နိုင်ရေး လှုပ်ရှားမှုတခုကို စတင်လိုက်တဲ့အပေါ် လေ့လာသူတွေက သတိထားပြီး ကြိုဆိုကြပါတယ်။ ဒီရည်မှန်းချက် အောင်မြင်ရေးအပေါ် သံသယရှိကြောင်း ပြောဆိုကြပြီး အခြေခံကျတဲ့ အပြောင်းအလဲတွေ ပိုပြီးလုပ်ဖို့လည်း တိုက်တွန်းလိုက်ကြပါတယ်။

Blood Bricks: Untold Stories of Modern Slavery and Climate Change from Cambodia ဆိုတဲ့ အစီရင်ခံစာ ပြီးခဲ့တဲ့နှစ်က ထွက်ပေါ်လာပြီးနောက် နိုင်ငံတကာက ကမ္ဘောဒီးယားရဲ့ အုတ်ဖုတ်လုပ်ငန်းအပေါ်မှာ အာရုံစိုက်ခဲ့ကြတာပါ။

ဆင်းရဲမွဲတေမှု၊ ရာသီဥတုပြောင်းလဲမှု၊ အုတ်ဖုတ်လုပ်ငန်းတွေမှာ ထောင်နဲ့ချီတဲ့ ကမ္ဘောဒီးယားပြည်သူတွေ အကြွေးထောင်ချောက်ထဲ ပိတ်မိ ခိုင်းစေခံရတဲ့ အခြေအနေတွေ ဖော်ပြထားတဲ့ အစီရင်ခံစာအပြင် ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တဦး အုတ်ဖုတ်လုပ်ငန်းတခုမှာ အလုပ်လုပ်ရင်း လက်ပြတ်သွားခဲ့ပြီးနောက်မှာ နိုင်ငံတကာက ပိုပြီး အာရုံစိုက်လာကြတာ ဖြစ်ပါတယ်။

အဲဒီအုတ်စက်ရုံကို အစိုးရက ဒဏ်ကြေးချမှတ်ခဲ့ပြီး အုတ်ဖုတ်လုပ်ငန်း အလုပ်သမားတန်းလျားတွေမှာ ကလေးငယ်တွေ မနေရဆိုပြီး အစိုးရက တားမြစ်မိန့် ထုတ်ခဲ့ပါတယ်။ အုတ်စက်ရုံတွေက ပေးထားတဲ့ တန်းလျားတွေမှာ ကလေးတွေက မိဘတွေနဲ့အတူ နေထိုင်ကြလေ့ရှိပြီး ဒီတန်းလျားတွေက အုတ်ဖုတ်တဲ့လုပ်ငန်းတွေ အနီးမှာလည်း ရှိတတ်ပါတယ်။

အုတ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ကလေးအလုပ်သမားတွေ အသုံးမပြုရေး လှုပ်ရှားမှုကို သြဂုတ်လ ၂၆ ရက်နေ့မှာ အလုပ်သမားဝန်ကြီးဌာနရဲ့ ကလေးအလုပ်သမားရေးရာဌာန ညွှန်ကြားရေးမှူးက စတင်ဆောင်ရွက်နေပြီလို့ အစိုးရက သြဂုတ်လ ၃၁ ရက်နေ့မှာ ကြေညာပါတယ်။

အုတ်ဖုတ်တဲ့လုပ်ငန်းတွေမှာ ဘယ်လိုအကြောင်းပြချက်နဲ့မှ ကလေးအလုပ်သမားတွေ ထားခွင့်မရှိဘဲ တွေ့ခဲ့ရင် ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်မယ်လို့ ဌာန ညွှန်ကြားရေးမှူးကို ကိုးကားပြီး နိုင်ငံပိုင်သတင်းက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG