သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ကိစ္စ ကမ္ဘောဒီးယား ရပ်တည်ချျက်


ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhon။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhon။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အဖွဲ့ဝင် နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံတို့ကြား တောင်တရုတ်ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတာတွေကို တရုတ်နိုင်ငံနဲ့ မဟာမိတ်ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက ကြားဝင်စေ့စပ်နိုင်အောင် နောက်ကွယ်ကနေ ကြိုးပမ်းနေတဲ့အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhon ကပြောဆိုလိုက်ပါတယ်။

အငြင်းပွားမှုတွေမှာ တရုတ်နိုင်ငံဘက်က ရပ်တည်ပြီး၊ ဒီလဆန်းပိုင်းမှာ အာဆီယံက နောက်ထပ် ပူးတွဲကြေညာချက်တစောင် မထုတ်ပြန်နိုင်အောင်လည်း ဟန့်တားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ကမ္ဘောဒီးယားနိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။ ကမ္ဘောဒီးယား နိုင်ငံအနေနဲ့ ဘယ်သူ့ဘက်မှ ဘက်မလိုက်တဲ့ မူဝါဒအတိုင်း ကျင့်သုံးခဲ့သလို၊ တောင်တရုတ်ပင်လယ်ပြင်အရေးနဲ့ ပတ်သက်လို့ အခြေအနေတွေ ပိုဆိုးမလာအောင် ကြိုးပမ်းနေတယ်လို့လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ဖနွမ်းပင်မြို့တော်မှာ သောကြာနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

နယ်မြေပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားမှုမှာ နိုင်ငံတကာ ခုံသမာဓိရုံးက မကြာသေးခင်ကပဲ အနိုင်ပေးလိုက်တဲ့ ဖိလစ်ပိုင်နိုင်ငံ ကိုယ်တိုင်က ဆုံးဖြတ်ချက်ကို ရည်ညွှန်းထားတဲ့ အသုံးအနှုန်းတွေကို ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြခြင်း မလုပ်ဖို့ သဘောတူခဲ့တယ် လို့လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကတော့ အာဆီယံရဲ့ ကြေညာချက် ထုတ်ပြန်မယ့် အစီအစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံက မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် တနင်္လာနေ့တုန်းကပဲ ချီးကျုးစကား ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံက ချေးငွေအကူအညီ ဒေါ်လာသန်း ၆၀၀ လက်ခံမယ့်အကြောင်း ဇူလိုင်လဆန်းတုန်းက ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းက ကြေညာခဲ့ ရာမှာတော့၊ တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာ အငြင်းပွားမှုမှာ သံတမန်ရေးအရ ထောက်ခံမှုရအောင် အပေးအယူ လုပ်ခဲ့တာလို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG