၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင် ထားပေမဲ့လည်း ပြည်ထောင်စု လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ဖို့ အခွင့်အလမ်းတွေ ရှိနေတယ် လို့ ထင်ရှားတဲ့ ဥပဒေ ပညာရှင်တဦးက သုံးသပ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)ကို ယာယီ ဆိုင်းငံ့တဲ့ အဆိုကို လာမယ့် ပြည်ထောင်စု လွှတ်တော် အသစ်မှာ တင်သွင်း အတည်ပြုမယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ တာဝန် ထမ်းဆောင်ခွင့် ရနိုင်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ က ထိပ်တန်းခေါင်းဆောင် တဦးကလည်း ပြောကြားခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။
၂၀၁၆ခုနှစ် ဧပြီလ အစိုးရသစ်တက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် ခန့်အပ်နိုင်မယ့် အခြေအနေ အခွင့်အလမ်းအများကြီး ဖန်တီးလာနေပြီလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နာယက ဦးတင်ဦးက ပြောဆို လိုက်ချိန်မှာပဲ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် ရှိနေတယ်လို့ လက်ရှိ တရားစီရင်ရေး ဥပဒေရေးရာနဲ့ တိုင်ကြားစာနဲ့ အသနားခံစာများ စီစစ် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ် ကြံခိုင်ဖွံဖြိုးရေး ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုက သတင်းထောက်တွေကို ဒီဇင်ဘာလ (၁၀)ရက်နေ့က ပြောဆိုလိုက်တာပါ။
အခုလို ၅၉ (စ) ဥပဒေကို ပြင်ဆင်မယ့် အစား "ယာယီဆိုင်းငံ့ "ဆိုတဲ့ အဆိုပြုချက်ကို လွှတ်တော် အသစ်မှာ အမတ်ဦးရေ ၅၀ ရာခိုင်နှုန်း ကျော်ရဲ့ ထောက်ခံမဲနဲ့ အတည်ပြုနိုင် တယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ဖို့ အခွင့်အလမ်း ပွင့်သွားပြီလို့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက သူ့ရဲ့အမြင်ကို ဗွီအိုအေကိုပြောပါတယ်။
" ၅၉ (စ)ကို ယာယီအားဖြင့် ဆိုင်းငံ့လိုက်တာနဲ့ ၅၉ (စ) အသက်ဝင်ဖို့ မရှိတော့ဘူးပေါ့။ အဲဒါဆိုရင် သမ္မတဖြစ်ဖို့ လမ်းပွင့်သွားတာပေါ့။ အဲဒါဆိုရင် ကန့်သတ်ချက်တွေ မရှိတော့တဲ့အတွက် သမ္မတ ဖြစ်ဖို့ လမ်းပွင့်သွားတာပေါ့။ ယာယီဆိုင်းငံ့တယ် ဆိုတဲ့ အသုံးကို သူသုံးထားပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ဆိုရင် သူက အတော်လေး အချိန်လိုတယ်။ သူ့ကို လွှတ်တော်မှာ ၇၆ ရာခိုင်နှုန်းက ထောက်ခံသည့်တိုင် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျွန်တော်တို့ လုပ်ရဦးမယ်။
ဒီအကြောင်းတွေကြောင့် အချိန်လည်း တော်တော်လည်း ကြာမယ်။ အချိန်လည်း တော်တော်ပေးရမယ်။ အဲဒီအတွက် အစိုးရအဖွဲ့ ဖွဲ့မယ့် အချိန်အမီ လုပ်ဖို့ အတော်လေး ခဲယဉ်းတယ်။ အဲဒီတော့ ဥပဒေ ပြင်မယ့် အနေနဲ့ မသွားဘူး။ ဥပဒေကြမ်း မပြင်ပဲနဲ့ အဆိုတင်လိုက်တာ။ အဆို ဆိုတဲ့အခါကျတော့ အဆိုကို ဆုံးဖြတ်တာက Simple majority လို့ ခေါ်တဲ့ ၅၁ ရာခိုင်နှုန်း သဘောတူညီချက်နဲ့ ဆုံးဖြတ်လို့ရတယ်။"
အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုကို ယာယီအားဖြင့် ဆိုင်းငံ့ ထားလို့ရတယ် ဆိုတဲ့အချက်ဟာ ဖွဲ့စည်းပုံမှာ မပါတဲ့အတွက် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ဖို့ အခွင့်အလမ်းမရှိဘူးလို့ သုံးသပ်နေကြသူတွေရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ ဦးကိုနီရဲ့ သုံးသပ်ချက်ကတော့
"ဆိုင်းငံ့ဖို့ မပါဘူးဆိုရင် မဆိုင်းငံရဘူးလို့ကော ပါသလား။ အဲဒီလိုလဲ မပါပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ တိုင်းသူပြည်သားတွေရဲ့ ဆန္ဒကို မှီပြီးတော့ လုပ်ရတာပါ။ တိုင်းသူပြည်သားတွေက ဒီဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလုံးကို မကြိုက်ဘူးဆိုရင် ပယ်ဖျက်ပြီး အသစ်ရေးလည်း ရပါတယ်။
ဒီ ၂၀၀၈ဥပဒေဆိုတာ အစက ရှိတာလည်း မဟုတ်ပါဘူး။ တပ်မတော် ခေါင်းဆောင်တွေ က သူတို့ အုပ်ချုပ်တဲ့အချိန်မှာ သူတို့ စိတ်တိုင်းကျ ရေးထားတာပါ။ လက်ရှိ လွှတ်တော် ခုလောလောဆယ် ပြည်သူ့ လွှတ်တော် အနေနဲ့ တကယ်လို့ တိုင်းပြည်ရဲ့ လိုအပ်ချက်အရပေါ့လေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅၉ (စ)ကို ပြင်ဆင်ဖို့ အကြောင်းရှိတဲ့အတွက် ယာယီအားဖြင့် suspend ဆိုင်းငံ့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးကို ချနိုင်ရင်၊ ၅၁ ရာခိုင်နှုန်း သဘောတူရင်ကို ချလို့ရတယ်။
ဒါဥပဒေကို ပြင်တာ မဟုတ်ဘူး။ အဆိုတင်ပြီးတော့ ခေတ္တ ဆိုင်းငံ့တာ။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်မယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်က ပြည်သူ လူထုက ရွေးထားတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ပဲ။ဒါပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်။ ပြည်သူ လူထုက မကြိုက်ဖူးဆိုတဲ့ အဓိပ္ပါယ်၊ ပြည်သူလူထုက ဆိုင်းငံ့မယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်သွားတယ်။ ရပ်လို့ရပါတယ်။"
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလာမယ့် လွှတ်တော်သက်တမ်း အတွက် သမ္မတဖြစ်ဖို့ အခြားအခွင့်အလမ်းတွေလည်းရှိနေတယ်လို့ ဦးကိုနီကပြောပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အတွက်ဆိုရင် ကျွန်တော်တို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နံပါတ် ၁ကတော့ဗျာ သူ့သားနှစ်ယောက် နိုင်ငံခြားသားဖြစ်နေ လို့ အခု ဒုက္ခဖြစ်နေတာ။ သားနှစ်ယောက်ဟာ မူလက နိုင်ငံသားတွေပဲ၊။ အဲဒီ နိုင်ငံသားတွေ ကို ပေးထားတဲ့ အခွင့်အရေးတွေကို ၁၉၈၉ခုနှစ် မှာ ပြန်ရုတ်သိမ်း လိုက်လို့ ဖြစ်တာ။ အခုသာ သူ့သားနှစ်ယောက် ကမြန်မာ နိုင်ငံသားဖြစ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် လူဝင်မှုကြီးကြပ်ရေးကနေ ဒီကလေးနှစ်ယောက် ကို နိုင်ငံသားပေးလိုက်လို့ ရှိရင် သမ္မတ ဖြစ်ဖို့ လမ်းပွင့်သွားတာပေါ့။
သို့သော်လည်းပဲ ကလေးနှစ်ယောက်ကတော့ ပထမ သဘောတူဖို့ လိုတာပေါ့လေ။ ပထမနည်းပေါ့လေ။ ဒုတိယနည်းကတော့ စောစောက ကျွန်တော်တို့ ပြောတဲ့ ဒီ ၅၉(စ)ရဲ့ အာဏာသက်ရောက်မှုကို ပြည်ထောင်စု လွှတ်တော်ကနေ အထူး အစည်းအဝေး သို့မဟုတ် ပုံမှန် အစည်းအဝေးတစ်ခုခုကနေ ယာယီ ဆိုင်းငံ့လိုက် ရင်လဲ လမ်းပွင့်သွားတာပဲ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်လဲ စောစောကလိုပဲ သူ့မှာ ပါတဲ့အတိုင်း ပြင်ဆင်တဲ့ နည်းလမ်းကို သုံးမယ်ဆိုရင်လည်း ရတာပဲ လုပ်လို့ရတယ်။"
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိကရေးဆွဲခဲ့သူတဦးဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ (အငြိမ်းစား)နဲ့ ဒီဇင်ဘာလ (၄)ရက်နေ့က သူရဲ့နေပြည်တော် အိမ်မှာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။
နှစ်နာရီခွဲ ကြာ ဆွေးနွေးပွဲ ရလဒ်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှုးကြီး ရဲ့ မြေးဖြစ်သူ နေရွှေသွေးအောင် က သူရဲ့လူမှုကွန်ယက်ဖေ့စ်ဘုတ်ခ် စာမျက်နှာမှာ ဖေါ်ပြရာမှာတော့-" ရွေးကောက်ပွဲတွင် တရားဝင် အနိုင် ရရှိခဲ့ပြီးနောက် မြန်မာပြည်၏ အနာဂတ်ခေါင်းဆောင် သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ် လာမည်မှာ အားလုံးလက်ခံရမည့် အမှန် တရားပင်ဖြစ်တယ်။ သူမအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက် မည် ဆိုပါက မိမိအနေဖြင့်တတ်နိုင်သည့်ဘက်မှ အစွမ်းကုန် ပံ့ပိုးကူညီမည် လို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ပြောဆို ခဲ့ကြောင်းဖေါ်ပြထားပါတယ်။