သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရြးေကာက္ပြဲ ေကာ္မရွင္ ၂၀၂၀ ေရြးေကာက္ပြဲ မဲမသမာမွဳ ရွိတယ္ ဆိုတာ သက္ေသျပႏုိင္ျပီလား


ဆႏၵမဲေပးၿပီးသည့္ အမွတ္လကၡဏာ မင္တို႔ထားသည့္ လက္သန္းကို ေထာင္ျပေနသည့္ မဲဆႏၵရွင္တစ္ဦး။ ႏိုဝင္ဘာ ၈၊ ၂၀၂၀
တိုက္႐ိုက္ လင့္ခ္


အာဏာသိမ္း စစ္ေကာင္စီရဲ႕ ေရွ႕လုပ္ငန္းစဥ္ (၅) ရပ္မွာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကို ျပန္လည္ ဖြဲ႕စည္းၿပီး မဲစာရင္းေတြ စစ္ေဆးေရး ဆိုတာကို အမွတ္စဥ္(၁) မွာ ထည့္သြင္းထားတာ ေတြ႕ရပါတယ္။ အာဏာသိမ္းၿပီး သိပ္မၾကာခင္မွာပဲ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အသစ္ဖြဲ႕စည္းခဲ့သလို၊ မဲစာရင္းစစ္ေဆးတာေတြကို ႏိုင္ငံ ေနရာအႏွံ႔မွာ ျပဳလုပ္ေနၿပီး ေန႔စဥ္ သတင္းထုတ္ျပန္မႈေတြလည္း လုပ္ေနတာ ေတြ႕ရပါတယ္။ ပုံမွန္အားျဖင့္ တိုင္းနဲ႔ ျပည္နယ္ ၿမိဳ႕နယ္ေတြက မဲစာရင္း အေျခအေနေတြကို စာရင္းဇယားနဲ႔ ျပသတာမ်ိဳးေလာက္ပဲ ရွိၿပီး ေမလ ၁၄ ရက္ေန႔ မွာေတာ့ ဆုံးျဖတ္ခ်က္ ခ်မွတ္မႈ ပါဝင္တဲ့ အခ်က္(၈) ခ်က္ပါ ထုတ္ျပန္ခ်က္ကို သတင္းစာ အခ်ပ္ပို (၁၆) မ်က္ႏွာအထိ အသုံးျပဳ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ေကာ္မရွင္ အသစ္က ဘာေတြ စစ္ေဆး ေတြ႕ရွိၿပီး ဘယ္လို ေကာက္ခ်က္ခ်ထားသလဲ၊ အဲဒီ ေကာက္ခ်က္ေတြဟာ က်င္းပၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ ဘယ္လိုလူေတြက ဘယ္လို မဲမသမာမႈေတြ လုပ္ခဲ့တယ္ ဆိုတာမ်ိဳး ေဖာ္ထုတ္ႏိုင္ခဲ့ပါရဲ႕လား ဆိုတဲ့ ကိစၥ စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။


ေမလ ၁၃ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဟာ ရန္ကုန္တိုင္းေဒသႀကီး ၄၅ ၿမိဳ႕နယ္ရဲ႕ မဲစာရင္းေတြနဲ႔ မဲေပးမႈ အေျခအေနေတြကို ေလ့လာခဲ့တဲ့အေၾကာင္း၊ အဲလို စစ္ေဆးရာမွာ ေကာ္မရွင္ အဖြဲ႕ဝင္ေတြတင္မက၊ ရဲ၊ လဝက၊ ၿမိဳ႕နယ္ ေထြအုပ္နဲ႔ အျခား သက္ဆိုင္သူေတြ ပါဝင္တဲ့အေၾကာင္း၊ စစ္ေဆးရာမွာ မဲစာရင္းေတြမွာ ႏိုင္ငံသား စိစစ္ေရးကဒ္ မရွိသူေတြ၊ ကဒ္နံပတ္ တစ္ခုတည္းနဲ႔ ၃ ႀကိမ္အထက္ ပါဝင္ေနတဲ့သူေတြ၊ ၂ ႀကိမ္ပါဝင္ေနသူေတြကို ေတြ႕ရတဲ့အေၾကာင္း၊ မဲ႐ုံေတြအလိုက္ မဲလက္မွတ္ ေလ်ာ့နည္း ေပ်ာက္ဆုံးတာ၊ တရားမဝင္ အပိုရွိေနတာေတြကို ေတြ႕ရတဲ့အေၾကာင္း ေဖာ္ျပထားပါတယ္။ စစ္ေဆးေတြ႕ရွိခ်က္အရ မဲစာရင္းေကာက္ယူရာမွာ ဥပေဒနဲ႔ မညီၫြတ္တဲ့ မွားယြင္းမႈေတြ ေတြ႕ရေၾကာင္း၊ မဲလက္မွတ္ ေပ်ာက္ဆုံးတာနဲ႔ အပိုေတြ႕တာေတြဟာ တရားမဝင္ ေဆာင္႐ြက္မႈေတြေၾကာင့္ ျဖစ္ေၾကာင္း၊ အရင္ မဲေပးမႈေတြနဲ႔ ႏႈိင္းယွဥ္ရင္ ႀကိဳတင္မဲေပးမႈ ရာခိုင္ႏႈန္း မ်ားေနတာကလည္း ဥပေဒနဲ႔ မညီတဲ့ ႀကိဳတင္မဲ ေကာက္ခံမႈေၾကာင့္ ျဖစ္ေၾကာင္း၊ မဲေပးရာမွာ ႏိုင္ငံသား စိစစ္ေရးကဒ္ မပါပဲ မဲဆႏၵရွင္ သက္ေသခံလက္မွတ္နဲ႔ မဲေပးမႈကို လက္ခံေဆာင္႐ြက္ခဲ့ေၾကာင္း၊ Covid-19 ေရာဂါကို အေၾကာင္းျပဳၿပီး ဥပေဒနဲ႔ မညီတဲ့ ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ေဆာင္႐ြက္ခဲ့ေၾကာင္း ေတြ႕ရွိရတယ္လို႔ ေဖာ္ျပထားပါတယ္။


ဒါေၾကာင့္ ရန္ကုန္တိုင္း ၄၅ ၿမိဳ႕နယ္ရဲ႕ မဲစာရင္းေတြနဲ႔ မဲေပးခဲ့မႈ အေျခအေန ေတြ႕ရွိခ်က္ေတြဟာ သက္ဆိုင္ရာ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒေတြနဲ႔ ညီၫြတ္မႈ မရွိတာကို စစ္ေဆးေတြ႕ရွိရတယ္ လို႔ ဆိုၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲ အႀကိဳကာလ အရင္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ခဲ့တဲ့ အမိန႔္ေတြ၊ ၫႊန္ၾကားခ်က္ေတြ၊ အသိေပး ေၾကညာခ်က္ေတြကို ျပန္ၿပီး ေဖာ္ျပထားတာ ေတြ႕ၾကရပါတယ္။ ေနာက္ရက္ေတြမွာလည္း အျခားေသာ တိုင္းနဲ႔ ျပည္နယ္ေတြရဲ႕ အခ်က္အလက္ေတြကို ေဖာ္ျပၿပီး အလားတူ ဆက္တိုက္ ထုတ္ျပန္လာတာ ေတြ႕ရပါတယ္။


လက္ရွိ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ စစ္ေဆးေတြ႕ရွိခ်က္၊ ထုတ္ျပန္ခ်က္နဲ႔ ေကာက္ခ်က္ေတြမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ဘယ္သူေတြက ဘယ္နည္းဘယ္ပုံနဲ႔ မဲမသမာမႈေတြ လုပ္ခဲ့တယ္ ဆိုတာမ်ိဳးကိုေတာ့ ရွင္းရွင္းလင္းလင္း ေဖာ္ျပထားတာ မေတြ႕ရပဲ ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒေတြနဲ႔ ညီၫြတ္မႈ မရွိဘူး ဆိုတာေလာက္ ေကာက္ခ်က္ဆြဲ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။
တကယ္ေတာ့ ေ႐ြးေကာက္ပြဲ တစ္ခုမွာ မဲမသမာမႈ ရွိ၊မရွိ ဆိုတာနဲ႔ ပတ္သက္ရင္ ေ႐ြးေကာက္ပြဲ အမ်ိဳးအစား တစ္ခုခုအတြက္ က်င္းပခဲ့တဲ့ မဲဆႏၵနယ္ေျမထဲက မဲ႐ုံတစ္ခုျခင္းစီရဲ႕ အခ်က္အလက္ေတြ၊ အဲဒီ မဲ႐ုံတစ္ခုခ်င္းစီက မဲေပးမႈ၊ မဲေရတြက္မႈမွာ ပါဝင္သူေတြ အားလုံးကို ေခၚယူ စစ္ေဆးတာနဲ႔တင္ ေပၚေပါက္ပါတယ္။
မဲ႐ုံတစ္ခုခ်င္းစီမွာ အဲဒီ မဲ႐ုံရဲ႕ မဲေပးပိုင္ခြင့္ ရွိသူစာရင္း၊ မဲ႐ုံအတြက္ ရတဲ့ မဲလက္မွတ္ အေရအတြက္၊ အသုံးျပဳတဲ့ မဲလက္မွတ္ အေရအတြက္၊ ပိုတဲ့ မဲလက္မွတ္ အေရအတြက္၊ ဘယ္ပါတီက ဘယ္အမတ္ေလာင္း တစ္ေယာက္စီက ရတဲ့ မဲလက္မွတ္ အေရအတြက္၊ ပယ္မဲ အေရအတြက္ စတာေတြ ရွင္းရွင္းလင္းလင္း စာရင္းျပဳစု၊ အမတ္ေလာင္းကိုယ္စားလွယ္ေတြ၊ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္ေတြ ေရွ႕ေမွာက္မွာ မဲစာရင္းေရတြက္၊ မဲလက္မွတ္ေတြကို ထုတ္ပိုး၊ အဲဒါေတြ အားလုံး ၿမိဳ႕နယ္ ေကာ္မရွင္႐ုံးကို ေပးပို႔ရတာမ်ိဳး ျဖစ္ပါတယ္။ ၿမိဳ႕နယ္ေကာ္မရွင္႐ုံးမွာေတာ့ အဲဒီ မဲ႐ုံ အသီးသီးက ေပးပို႔လာတဲ့ စာရင္းေတြ မွန္မွန္ကန္ကန္ ျဖည့္သြင္း၊ မသြင္း စာရင္းေတြ ျပန္တိုက္ၾကည့္႐ုံ၊ ၿမိဳ႕နယ္႐ုံးကို ေရာက္လာတဲ့ ႀကိဳတင္မဲေတြကို ျပန္ေရတြက္႐ုံနဲ႔ မသမာမႈ ရွိမရွိ အလြယ္တကူ သိႏိုင္၊ ေဖာ္ထုတ္ႏိုင္တဲ့ ကိစၥမ်ိဳးပါ။


အခု ၾကည့္ရတာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ခန႔္အပ္တဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ေကာ္မရွင္ အဆင့္ဆင့္ဟာ အဲလို မဲမသမာမႈမ်ိဳးကို တိတိက်က် စိစစ္ေဖာ္ထုတ္ႏိုင္ျခင္း ရွိခဲ့ပုံ မရပါဘူး။ တကယ္ေတာ့ က်င္းပၿပီးသြားတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲကာလဟာ Covid-19 ကပ္ေရာဂါ ကာလ ျဖစ္ေနေပမယ့္ ျပည္တြင္းနဲ႔ ႏိုင္ငံတကာ ေလ့လာေရး အဖြဲ႕ေတြကေတာ့ ေစာင့္ၾကည့္ေလ့လာ၊ အစီရင္ခံစာေတြ ထုတ္ျပန္ခဲ့ၾကၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံအလိုက္ ေစာင့္ၾကည့္ေရး အဖြဲ႕ေတြ ထားရွိခဲ့သလို၊ ဂ်ပန္ႏိုင္ငံဆိုရင္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ ထားၿပီးေတာင္ ေလ့လာ ေစာင့္ၾကည့္ေစခဲ့တာ ျဖစ္ပါတယ္။ အားလုံးရဲ႕ တူညီတဲ့ အကဲျဖတ္ခ်က္ကေတာ့ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈ ႀကီးႀကီးမားမား မေတြ႕ရ၊ ေ႐ြးေကာက္ပြဲ ရလာဒ္ကို ေျပာင္းလဲေစႏိုင္ေလာက္တဲ့ မသမာမႈမ်ိဳး မေတြ႕ရွိ၊ မဲစာရင္း ေကာက္ယူျခင္း အပါအဝင္ လုပ္ထုံးလုပ္နည္း ဆိုင္ရာ အားနည္းခ်ိဳ႕ယြင္းခ်က္တစ္ခ်ိဳ႕ေတာ့ ေတြ႕တယ္ ဆိုၿပီး ထုတ္ျပန္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ျပည္တြင္းကေရာ၊ ႏိုင္ငံတကာကပါ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဘယ္ေလာက္ပဲ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္တယ္လို႔ ေျပာဆိုေနေစကာမူ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ သူ႔ စစ္တပ္ကေတာ့ မဲစာရင္းေတြကို ကိုယ့္ဖာသာကိုယ္ တစ္ဖက္သတ္ စစ္၊ ကိုယ့္ဖာသာကိုယ္ “ မဲမသမာမႈ ျဖစ္ႏိုင္ဖြယ္ရွိတဲ့ မဲစာရင္း ၁၀ သန္းေလာက္” ေတြ႕ရတယ္ ဆိုၿပီး ေၾကညာ၊ မဲစာရင္းေတြ ျပန္စစ္ဖို႔၊ လႊတ္ေတာ္ အသစ္ေခၚတာကို ဆိုင္းငံ့ဖို႔ ေတာင္းဆို၊ အဲဒါကို တည္ဆဲ လႊတ္ေတာ္တာဝန္ရွိသူေတြဘက္က မလိုက္ေလ်ာလို႔ ခုလို အာဏာသိမ္းလိုက္တာပဲ ျဖစ္ပါတယ္။ ဒီအတြက္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနနဲ႔ မဲမသမာမႈျဖစ္ေစႏိုင္တဲ့ မဲစာရင္းေတြကိစၥကေန “မဲမသမာမႈေတြ ရွိခဲ့တယ္” ဆိုတာ သက္ေသျပဖို႔ တာဝန္ ရွိလာပါတယ္။ အဲဒီအတြက္လည္း အာဏာသိမ္းၿပီးတာနဲ႔ ရာနဲ႔ခ်ီရွိတဲ့ ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ နဲ႔ အထက္အဆင့္ အရာရွိေတြကို ဖမ္းဆီး ထိမ္းသိမ္းခဲ့ပါေသးတယ္။

ဒါေပမယ့္လည္း အဲဒီ ေကာ္မရွင္ တာဝန္ရွိသူေတြဆီကေန မဲမသမာမႈ လုပ္ခဲ့တယ္ ဆိုတာမ်ိဳး၊ လုပ္တာကို သိရွိတယ္ ဆိုတာမ်ိဳး ထြက္ဆိုခ်က္နဲ႔ သက္ေသ အေထာက္အထား တစ္စုံတရာ မရခဲ့တာေၾကာင့္ လနဲ႔ခ်ီၾကာတဲ့ ထိမ္းသိမ္းထားမႈကေန ျပန္လႊတ္ေပးခဲ့ၿပီး မဲစာရင္းစစ္တာေတြပဲ လုပ္ခဲ့တာ ဒီကေန႔အခ်ိန္ အထိပါပဲ။ ခုဆိုရင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ခန႔္အပ္တဲ့ ဦးသိန္းစိုး ဦးေဆာင္တဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဟာ ႏိုင္ငံတဝွမ္းက ေ႐ြးေကာက္ပြဲဆိုင္ရာ အခ်က္အလက္ေတြကို ၃ လေက်ာ္ အခ်ိန္ယူၿပီး စစ္ေဆးခဲ့တဲ့တိုင္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိခဲ့တယ္ ဆိုတာ ခိုင္လုံတဲ့ သက္ေသအေထာက္အထား မျပႏိုင္တဲ့အတြက္ မဲစာရင္း ေကာက္ယူမႈ ခ်ိဳ႕ယြင္းခ်က္ေတြနဲ႔ အရင္ ေကာ္မရွင္ ထုတ္ျပန္ခ်က္ေတြကို ကိုးကားၿပီး “ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲ ဥပေဒ/နည္းဥပေဒမ်ားႏွင့္ ညီၫြတ္မႈ မရွိသည္ကို စစ္ေဆး ေတြ႕ရွိရသည္” ဆိုတာေလာက္ပဲ နိဂုံးခ်ဳပ္ ထုတ္ျပန္ႏိုင္ခဲ့တာကို ေတြ႕ျမင္ရေၾကာင္းပါ။

---------------------------------------------------------

ရွေးကောက်ပွဲ ကော်မရှင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ရှိတယ် ဆိုတာ သက်သေပြနိုင်ပြီလား


အာဏာသိမ်း စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းတွေ စစ်ဆေးရေး ဆိုတာကို အမှတ်စဉ်(၁) မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။ အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ ရွေးကောက်ပွဲ ကော်မရှင် အသစ်ဖွဲ့စည်းခဲ့သလို၊ မဲစာရင်းစစ်ဆေးတာတွေကို နိုင်ငံ နေရာအနှံ့မှာ ပြုလုပ်နေပြီး နေ့စဉ် သတင်းထုတ်ပြန်မှုတွေလည်း လုပ်နေတာ တွေ့ရပါတယ်။ ပုံမှန်အားဖြင့် တိုင်းနဲ့ ပြည်နယ် မြို့နယ်တွေက မဲစာရင်း အခြေအနေတွေကို စာရင်းဇယားနဲ့ ပြသတာမျိုးလောက်ပဲ ရှိပြီး မေလ ၁၄ ရက်နေ့ မှာတော့ ဆုံးဖြတ်ချက် ချမှတ်မှု ပါဝင်တဲ့ အချက်(၈) ချက်ပါ ထုတ်ပြန်ချက်ကို သတင်းစာ အချပ်ပို (၁၆) မျက်နှာအထိ အသုံးပြု ဖော်ပြထားတာ တွေ့ရပါတယ်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မရှင် အသစ်က ဘာတွေ စစ်ဆေး တွေ့ရှိပြီး ဘယ်လို ကောက်ချက်ချထားသလဲ၊ အဲဒီ ကောက်ချက်တွေဟာ ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘယ်လိုလူတွေက ဘယ်လို မဲမသမာမှုတွေ လုပ်ခဲ့တယ် ဆိုတာမျိုး ဖော်ထုတ်နိုင်ခဲ့ပါရဲ့လား ဆိုတဲ့ ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
မေလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်ရဲ့ မဲစာရင်းတွေနဲ့ မဲပေးမှု အခြေအနေတွေကို လေ့လာခဲ့တဲ့အကြောင်း၊ အဲလို စစ်ဆေးရာမှာ ကော်မရှင် အဖွဲ့ဝင်တွေတင်မက၊ ရဲ၊ လဝက၊ မြို့နယ် ထွေအုပ်နဲ့ အခြား သက်ဆိုင်သူတွေ ပါဝင်တဲ့အကြောင်း၊ စစ်ဆေးရာမှာ မဲစာရင်းတွေမှာ နိုင်ငံသား စိစစ်ရေးကဒ် မရှိသူတွေ၊ ကဒ်နံပတ် တစ်ခုတည်းနဲ့ ၃ ကြိမ်အထက် ပါဝင်နေတဲ့သူတွေ၊ ၂ ကြိမ်ပါဝင်နေသူတွေကို တွေ့ရတဲ့အကြောင်း၊ မဲရုံတွေအလိုက် မဲလက်မှတ် လျော့နည်း ပျောက်ဆုံးတာ၊ တရားမဝင် အပိုရှိနေတာတွေကို တွေ့ရတဲ့အကြောင်း ဖော်ပြထားပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ မဲစာရင်းကောက်ယူရာမှာ ဥပဒေနဲ့ မညီညွတ်တဲ့ မှားယွင်းမှုတွေ တွေ့ရကြောင်း၊ မဲလက်မှတ် ပျောက်ဆုံးတာနဲ့ အပိုတွေ့တာတွေဟာ တရားမဝင် ဆောင်ရွက်မှုတွေကြောင့် ဖြစ်ကြောင်း၊ အရင် မဲပေးမှုတွေနဲ့ နှိုင်းယှဉ်ရင် ကြိုတင်မဲပေးမှု ရာခိုင်နှုန်း များနေတာကလည်း ဥပဒေနဲ့ မညီတဲ့ ကြိုတင်မဲ ကောက်ခံမှုကြောင့် ဖြစ်ကြောင်း၊ မဲပေးရာမှာ နိုင်ငံသား စိစစ်ရေးကဒ် မပါပဲ မဲဆန္ဒရှင် သက်သေခံလက်မှတ်နဲ့ မဲပေးမှုကို လက်ခံဆောင်ရွက်ခဲ့ကြောင်း၊ Covid-19 ရောဂါကို အကြောင်းပြုပြီး ဥပဒေနဲ့ မညီတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်း ၄၅ မြို့နယ်ရဲ့ မဲစာရင်းတွေနဲ့ မဲပေးခဲ့မှု အခြေအနေ တွေ့ရှိချက်တွေဟာ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှု မရှိတာကို စစ်ဆေးတွေ့ရှိရတယ် လို့ ဆိုပြီး ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ အရင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ အသိပေး ကြေညာချက်တွေကို ပြန်ပြီး ဖော်ပြထားတာ တွေ့ကြရပါတယ်။ နောက်ရက်တွေမှာလည်း အခြားသော တိုင်းနဲ့ ပြည်နယ်တွေရဲ့ အချက်အလက်တွေကို ဖော်ပြပြီး အလားတူ ဆက်တိုက် ထုတ်ပြန်လာတာ တွေ့ရပါတယ်။
လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်၊ ထုတ်ပြန်ချက်နဲ့ ကောက်ချက်တွေမှာ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်သူတွေက ဘယ်နည်းဘယ်ပုံနဲ့ မဲမသမာမှုတွေ လုပ်ခဲ့တယ် ဆိုတာမျိုးကိုတော့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မတွေ့ရပဲ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှု မရှိဘူး ဆိုတာလောက် ကောက်ချက်ဆွဲ ဖော်ပြထားတာ တွေ့ရပါတယ်။
တကယ်တော့ ရွေးကောက်ပွဲ တစ်ခုမှာ မဲမသမာမှု ရှိ၊မရှိ ဆိုတာနဲ့ ပတ်သက်ရင် ရွေးကောက်ပွဲ အမျိုးအစား တစ်ခုခုအတွက် ကျင်းပခဲ့တဲ့ မဲဆန္ဒနယ်မြေထဲက မဲရုံတစ်ခုခြင်းစီရဲ့ အချက်အလက်တွေ၊ အဲဒီ မဲရုံတစ်ခုချင်းစီက မဲပေးမှု၊ မဲရေတွက်မှုမှာ ပါဝင်သူတွေ အားလုံးကို ခေါ်ယူ စစ်ဆေးတာနဲ့တင် ပေါ်ပေါက်ပါတယ်။
မဲရုံတစ်ခုချင်းစီမှာ အဲဒီ မဲရုံရဲ့ မဲပေးပိုင်ခွင့် ရှိသူစာရင်း၊ မဲရုံအတွက် ရတဲ့ မဲလက်မှတ် အရေအတွက်၊ အသုံးပြုတဲ့ မဲလက်မှတ် အရေအတွက်၊ ပိုတဲ့ မဲလက်မှတ် အရေအတွက်၊ ဘယ်ပါတီက ဘယ်အမတ်လောင်း တစ်ယောက်စီက ရတဲ့ မဲလက်မှတ် အရေအတွက်၊ ပယ်မဲ အရေအတွက် စတာတွေ ရှင်းရှင်းလင်းလင်း စာရင်းပြုစု၊ အမတ်လောင်းကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ မဲစာရင်းရေတွက်၊ မဲလက်မှတ်တွေကို ထုတ်ပိုး၊ အဲဒါတွေ အားလုံး မြို့နယ် ကော်မရှင်ရုံးကို ပေးပို့ရတာမျိုး ဖြစ်ပါတယ်။ မြို့နယ်ကော်မရှင်ရုံးမှာတော့ အဲဒီ မဲရုံ အသီးသီးက ပေးပို့လာတဲ့ စာရင်းတွေ မှန်မှန်ကန်ကန် ဖြည့်သွင်း၊ မသွင်း စာရင်းတွေ ပြန်တိုက်ကြည့်ရုံ၊ မြို့နယ်ရုံးကို ရောက်လာတဲ့ ကြိုတင်မဲတွေကို ပြန်ရေတွက်ရုံနဲ့ မသမာမှု ရှိမရှိ အလွယ်တကူ သိနိုင်၊ ဖော်ထုတ်နိုင်တဲ့ ကိစ္စမျိုးပါ။
အခု ကြည့်ရတာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကော်မရှင် အဆင့်ဆင့်ဟာ အဲလို မဲမသမာမှုမျိုးကို တိတိကျကျ စိစစ်ဖော်ထုတ်နိုင်ခြင်း ရှိခဲ့ပုံ မရပါဘူး။ တကယ်တော့ ကျင်းပပြီးသွားတဲ့ ၂၀၂၀ ရွေးကောက်ပွဲကာလဟာ Covid-19 ကပ်ရောဂါ ကာလ ဖြစ်နေပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာ လေ့လာရေး အဖွဲ့တွေကတော့ စောင့်ကြည့်လေ့လာ၊ အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံအလိုက် စောင့်ကြည့်ရေး အဖွဲ့တွေ ထားရှိခဲ့သလို၊ ဂျပန်နိုင်ငံဆိုရင် ဂျပန်ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ထားပြီးတောင် လေ့လာ စောင့်ကြည့်စေခဲ့တာ ဖြစ်ပါတယ်။ အားလုံးရဲ့ တူညီတဲ့ အကဲဖြတ်ချက်ကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှု ကြီးကြီးမားမား မတွေ့ရ၊ ရွေးကောက်ပွဲ ရလာဒ်ကို ပြောင်းလဲစေနိုင်လောက်တဲ့ မသမာမှုမျိုး မတွေ့ရှိ၊ မဲစာရင်း ကောက်ယူခြင်း အပါအဝင် လုပ်ထုံးလုပ်နည်း ဆိုင်ရာ အားနည်းချို့ယွင်းချက်တစ်ချို့တော့ တွေ့တယ် ဆိုပြီး ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်းကရော၊ နိုင်ငံတကာကပါ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လောက်ပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောဆိုနေစေကာမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့ စစ်တပ်ကတော့ မဲစာရင်းတွေကို ကိုယ့်ဖာသာကိုယ် တစ်ဖက်သတ် စစ်၊ ကိုယ့်ဖာသာကိုယ် “ မဲမသမာမှု ဖြစ်နိုင်ဖွယ်ရှိတဲ့ မဲစာရင်း ၁၀ သန်းလောက်” တွေ့ရတယ် ဆိုပြီး ကြေညာ၊ မဲစာရင်းတွေ ပြန်စစ်ဖို့၊ လွှတ်တော် အသစ်ခေါ်တာကို ဆိုင်းငံ့ဖို့ တောင်းဆို၊ အဲဒါကို တည်ဆဲ လွှတ်တော်တာဝန်ရှိသူတွေဘက်က မလိုက်လျောလို့ ခုလို အာဏာသိမ်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ မဲမသမာမှုဖြစ်စေနိုင်တဲ့ မဲစာရင်းတွေကိစ္စကနေ “မဲမသမာမှုတွေ ရှိခဲ့တယ်” ဆိုတာ သက်သေပြဖို့ တာဝန် ရှိလာပါတယ်။ အဲဒီအတွက်လည်း အာဏာသိမ်းပြီးတာနဲ့ ရာနဲ့ချီရှိတဲ့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ နဲ့ အထက်အဆင့် အရာရှိတွေကို ဖမ်းဆီး ထိမ်းသိမ်းခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း အဲဒီ ကော်မရှင် တာဝန်ရှိသူတွေဆီကနေ မဲမသမာမှု လုပ်ခဲ့တယ် ဆိုတာမျိုး၊ လုပ်တာကို သိရှိတယ် ဆိုတာမျိုး ထွက်ဆိုချက်နဲ့ သက်သေ အထောက်အထား တစ်စုံတရာ မရခဲ့တာကြောင့် လနဲ့ချီကြာတဲ့ ထိမ်းသိမ်းထားမှုကနေ ပြန်လွှတ်ပေးခဲ့ပြီး မဲစာရင်းစစ်တာတွေပဲ လုပ်ခဲ့တာ ဒီကနေ့အချိန် အထိပါပဲ။ ခုဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခန့်အပ်တဲ့ ဦးသိန်းစိုး ဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံတဝှမ်းက ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို ၃ လကျော် အချိန်ယူပြီး စစ်ဆေးခဲ့တဲ့တိုင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ် ဆိုတာ ခိုင်လုံတဲ့ သက်သေအထောက်အထား မပြနိုင်တဲ့အတွက် မဲစာရင်း ကောက်ယူမှု ချို့ယွင်းချက်တွေနဲ့ အရင် ကော်မရှင် ထုတ်ပြန်ချက်တွေကို ကိုးကားပြီး “ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ/နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို စစ်ဆေး တွေ့ရှိရသည်” ဆိုတာလောက်ပဲ နိဂုံးချုပ် ထုတ်ပြန်နိုင်ခဲ့တာကို တွေ့မြင်ရကြောင်းပါ။

XS
SM
MD
LG