သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ ဖိနှိပ်ချုပ်ချယ်မှုအောက် ကျင်းပမည်ကို ကနေဒါ စိုးရိမ်


မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာခဲ့တဲ့အပေါ် နိုင်ငံတကာ အစိုးရတွေရော အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကပါ တုံ့ပြန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေချိန်မှာ ကနေဒါ အစိုးရကလည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို ဖိနှိပ်ချုပ်ချယ်မှု အခြေအနေတွေ အောက်မှာ ကျင်းပမယ့်အပေါ် အတော်လေး စိုးရိမ်မိတယ်လို့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာပြည်မှာ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ်လို့ ကြေညာလိုက်ပြီး မကြာခင်မှာပဲ နိုင်ငံတကာက တုံ့ပြန်သံတွေ ထွက်ပေါ်လာတာပါ။ ဒီအထဲမှာ ကနေဒါ အစိုးရကတော့ မြန်မာစစ်အစိုးရဟာ သူတို့ပေးထားတဲ့ ကတိအတိုင်း ဒီနှစ်မကုန်ခင် ရွေးကောက်ပွဲကို ကျင်းပတဲ့အပေါ် ကြိုဆိုပေမဲ့ ဒီရွေးကောက်ပွဲတွေကို ဖိနှိပ်ချုပ်ချယ်မှု အခြေအနေတွေ အောက်မှာ ကျင်းပတဲ့အပေါ် အတော်လေး စိုးရိမ်မိတဲ့အကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရန့်စ် ကန်နွန် (Lawrence Cannon) ရုံးက ဗွီအိုအေကို အီးမေးလ်ကတဆင့် အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းအားဖြင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာအောင် ကျင်းပဖို့ကိုလည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကန်နွန်က တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့၊ ဒီနိုင်ငံရေးဖြစ်စဉ်မှာ အပြည့်အ၀ ဒီမိုကရေစီ နည်းကျကျ ပူးပေါင်းပါဝင်နိုင်ဖို့၊ ဒီအတွက်ကိုလည်း မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။

ဒါပေမဲ့ မြန်မာစစ်အစိုးရဟာ သူ့ပြည်သူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ ကနေဒါ အစိုးရရဲ့ ထပ်ခါတလဲလဲ တောင်းဆိုမှုတွေကို အခုအချိန်အထိ လုံး၀ လျစ်လျူရှုထားတဲ့အပေါ် အတော်လေး စိတ်ပျက်မိတယ်လို့လည်း ပြောခဲ့ပါတယ်။ တကယ်လို့သာ စစ်အစိုးရက ဒီနှစ်မကုန်ခင် ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အကန့်အသတ်တွေနဲ့သာ လုပ်ခဲ့မယ်ဆိုရင် ဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ပြည့်ဝမှာ မဟုတ်ဘူးလို့လည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကန်နွန်က သတိပေးခဲ့ပါတယ်။

ကနေဒါအခြေစိုက် CFOB ခေါ် မြန်မာ့မိတ်ဆွေ ကနေဒါနိုင်ငံသားများ အဖွဲ့ကတော့ ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကို ကျေနပ်မိပေမဲ့ စစ်အစိုးရအပေါ် ဒီထက်ပိုပြီး ဖိအားပေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ အခုလို ပြောခဲ့ပါတယ်။

“ကနေဒါအစိုးရရဲ့ ရပ်တည်ချက်က ကျနော်တို့ အမြင်အရ အားရစရာတခုလို့ ထင်ပါတယ်။ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးကလည်း ဒီအချက်ကို ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြ ထားပြီးသားပါ။ ဒါပေမဲ့ ကျနော်တို့က ထပ်ပြီးတော့ သူတို့ကို ပြောစေချင်တာ၊ လုပ်စေချင်တာက လက်ရှိ မြန်မာစစ်အစိုးရကို ပြောနေရုံနဲ့ကတော့ ပြီးမယ်လို့ ကျနော် မထင်ပါဘူး။ လက်တွေ့ကျတဲ့ ဖိအားပေးမှုတွေ လိုအပ်လိမ့်မယ်လို့ ကျနော်တို့က မြင်ပါတယ်။

“လက်တွေ့ကျတဲ့ ဖိအားပေးမှုတွေ ဆိုတာက တခါတခါမှာ သူတို့ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဖိအားပေးမှုတွေ လုပ်တဲ့အခါမှာ တူညီတဲ့ သဘောထားရှိတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း ညှိနှိုင်းပြီးတော့ ဘယ်လိုမျိုး တုံ့ပြန်မလဲ၊ ဒီအခြေအနေပေါ်မှာပေါ့၊ နအဖက နိုင်ငံတကာက ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ဒီကိစ္စတွေမှာ လိုက်မလုပ်ခဲ့ဘူးဆိုရင် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ သူတို့ ညှိနှိုင်းမှုတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်။”

CFOB မှ ညှိနှိုင်းဆောင်ရွက်ရေးမှူး ကိုတင်မောင်ထူး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂကနေ တဆင့် အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက် ကနေဒါ အစိုးရကနေ ဖိအားပေးဖို့ ကနေဒါ အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်တွေ ပါဝင်တဲ့ လက်မှတ်ထိုး လှုပ်ရှားမှု တခုကိုလည်း CFOB က ပြုလုပ်နေပြီး လက်ရှိမှာ အမတ်စုစုပေါင်း ၇၆ ဦးရဲ့ ထောက်ခံမှု လက်မှတ်တွေကို ရရှိထားပြီလို့ ကိုတင်မောင်ထူးက ပြောဆိုခဲ့ပါတယ်။ ကနေဒါနိုင်ငံနည်းတူ အမေရိကန်နဲ့ ဗြိတိန်အစိုးရတို့ကလည်း နိုဝင်ဘာလ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုတွေ အောက်မှာ ကျင်းပမယ့်အပေါ် စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကလည်း မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အာဆီယံ အသင်းကြီးရဲ့ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံက သြဂုတ်လ ၁၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်တဲ့ လမ်းပြမြေပုံကို အရှိန်မြှင့် ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG