သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေ စတင်ခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ကစလို့ မဲဆွယ်စည်းရုံးမှုတွေမှာ တားဆီး ကန့်သတ်မှုတချို့နဲ့ အတိုင်းအတာ တခုအထိ လွတ်လပ်မှု ရှိပေမဲ့လည်း ကိုယ်စားလှယ်လောင်းတွေအပေါ် ခြိမ်းခြောက်မှုတွေ ရှိတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ Carter Center က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အမေရိကန်နိုင်ငံအခြေစိုက် ကာတာစင်တာဟာ နိုင်ငံတကာက ရွေးကောက်ပွဲတွေ တရားမျှတမှု ရှိ-မရှိ ဆိုတဲ့အပေါ် စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး၊ မြန်မာနိုင်ငံက ရွေးကောက်ပွဲအတွက်လည်း လွန်ခဲ့တဲ့ လအနဲငယ်ကတည်းက အနီးကပ် စောင့်ကြည့်နေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေအတွင်း သူတို့တွေ့ရှိထားတဲ့ အချက်အလက်တွေနဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေရဲ့ တိုင်ကြားချက်တွေကို အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၁၀ ရက်အလို - အောက်တိုဘာလ ၂၈ ရက်နေ့ ရက်စွဲနဲ့ Carter Center က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

စက်တင်ဘာလ ၈ ရက်နေ့က စတင်ခဲ့တဲ့ ရက် ၆၀ ကြာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေမှာ အတိုင်းအတာတခုအထိ ငြိမ်းချမ်းပြီး လွတ်လပ်မှု ရှိပေမဲ့လည်း တချို့နေရာတွေမှာ ခြိမ်းခြောက်မှုတွေ ရှိနေတာကို တွေ့ရတယ်လို့ Carter Center ရဲ့ ဒီမိုကရေစီအစီအစဉ်က ပူးတွဲညွန်ကြားရေးမှူး တဦးဖြစ်သူ Jonathan Stonestreet က ဗွီအိုအေကို ပြောပါတယ်။

“စိုးရိမ်စရာကောင်းတဲ့ အရာတခုကတော့ နိုင်ငံရေးအရ လှုပ်ရှားနိုင်မှုမှာ ကန့်သတ်ချက်တွေ ရှိနေတဲ့ကိစ္စပါ။ တချို့နေရာတွေမှာ ခြိမ်းခြောက်တာတွေ၊ ကန့်သတ် ချုပ်ခြယ်တာတွေ ရှိနေတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်တပ်ရှိတဲ့နေရာတွေမှာ နိုင်ငံရေးပါတီဝင်တချို့ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တယ်ဆိုတဲ့ တိုင်ကြားမှုတွေ ကျနော်တို့ ရရှိပါတယ်။ ဒါပေမဲ့ အားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ သိသာ ကြီးမားတဲ့ ပြဿနာတွေ မဖြစ်စေဘဲ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအပေါ် မဲဆွယ်စည်းရုံးမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို မျှတစွာ ကိုင်တွယ် အသုံးပြုတာကို တွေ့ရပါတယ်။”

အတိုက်အခံ NLD ပါတီကို ထောက်ခံသူတွေ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း သူတို့ထံ တိုင်ကြားတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ကို ထောက်ခံသူတွေ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံခဲ့ရတယ်ဆိုပြီး NLD ပါတီက ကျနော်တို့ကို ၅ ကြိမ် တိုင်ကြားထားပါတယ်။ တခြား တိုက်ခိုက်မှုတွေ ရှိခဲ့တယ်ဆိုတာလည်း ကျနော်တို့ ကြားသိရပါတယ်။ ကျနော်တို့ထံကို တရားဝင် တိုင်ကြားလာကြတဲ့သူတွေထဲမှာ NLD ပါတီအပြင် USDP - ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလည်း ပါပါတယ်။ ဒါတွေဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တာတွေပါ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက တားဆီး ပိတ်ပင်တာမျိုး မဟုတ်ပါဘူး။”

NLD ပါတီကိုယ်စားလှယ်လောင်းတွေ ကိုကိုးကျွန်းကို မဲဆွယ်စည်းရုံးရေး သွားဖို့ အခက်အခဲ ကြုံခဲ့ရတာနဲ့ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီကတော့ ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးဖို့ အခက်အခဲ မရှိခဲ့ဘူးဆိုတဲ့ကိစ္စကိုလည်း Carter Center အနေနဲ့ တရားဝင်မဟုတ်တဲ့ တိုင်ကြားစာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း တဘက်မှာ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေအကြား အမျိုးသားရေးနဲ့ ဘာသာရေးဆိုင်ရာ ဟောပြောစည်းရုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြဆဲ ဖြစ်ပေမဲ့ အခုချိန်ထိတော့ သူတို့အနေနဲ့ အဲဒီလို ဟောပြော စည်းရုံးမှုတွေရှိတာကို မတွေ့ရသေးဘူးလို့ Jonathan Stonestreet က ပြောပါတယ်။ Carter Center ရဲ့ ကြေညာချက်ထဲမှာ ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရထံ အကြံပြုချက်တချို့ တင်ပြထားတာနဲ့ပတ်သက်လို့လည်း Jonathan Stonestreet က အခုလို ပြောပြပါတယ်။

“ကျနော်တို့အနေနဲ့ အစိုးထံကို တင်ပြထားတဲ့ အကြံပြုချက်ထဲမှာတော့ - ပထမတခုကတော့ အွန်လိုင်းပေါ်မှာ သရော်စာတွေ တင်ပြခဲ့လို့ဆိုပြီး ဖမ်းဆီးခံထားရသူ ၂ ဦး ပြန်လွတ်ပေးဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ အဲဒီလို ဖမ်းဆီး ၊ ခြိမ်းချောက်မှုတွေ နောင်မှာ မဖြစ်ရအောင် ကြိုတင်ပြင်ဆင်မှုတွေလည်း လုပ်သင့်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်လို့တော့ - နိုင်ငံရေးပါတီတွေက တိုင်ကြားလာတာတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့၊ အထူးသဖြင့်တော့ မဲဆွယ် စည်းရုံးတဲ့နေရာမှာ ဘာသာရေးကို အသုံးချတာနဲ့ပတ်သက်လို့ အရေးယူ ဆောင်ရွက်ပေးဖို့၊ မဲပေးခွင့်ရှိသူတွေ စာရင်းကို ကျယ်ကျယ်ပြန့်ပြန် ထုတ်ပြန်ပေးဖို့၊ မဲပေးခွင့်ရှိသူတွေရဲ့ စာရင်းကို ပြုစုတဲ့နေရာမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲရှိတာနဲ့ အဲဒီ အခက်အခဲကို ဘယ်လို ကိုင်တွယ်ဖြေရှင်းနေတယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ပေးဖို့၊ မဲရုံမှူးတွေအနေနဲ့ ပြည်တွင်းက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေအပေါ် ကန့်သတ်ချုပ်ခြယ်မှုတွေ မလုပ်ဆောင်ပဲ လွတ်လပ်စွာ လာရောက် လေ့လာခွင့် ပေးသင့်တယ်လို့ ကျနော်တို့ အကြံပြုထားပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြည်တွင်း ပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်သူတွေကို ဖိတ်ခေါ်ထားပေမဲ့ စစ်တပ်အတွင်းက မဲရုံတွေကို ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ ၀င်ရောက်ခွင့်မပေးဘူးဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရပ်တည်ချက်ကို ကြေညာချက်ထဲမှာ ထောက်ပြထားပါတယ်။

ပြည်တွင်း ကြိုတင်မဲပေးမှုတွေနဲ့ ပတ်သက်လို့၊ အထူးသဖြင့် တပ်မတော်သားတွေရဲ့ ကြိုတင်မဲပေးမှုတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ သိရှိနိုင်အောင် ထုတ်ပြန်ပေးသင့်တယ်လို့လည်း Carter Center က ပြောပါတယ်။ Carter Center က အခုထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ ပါဝင်တဲ့ အကြံပြုချက်တွေဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ အချိန်မှီ ပြင်ဆင်လို့ရနိုင်တဲ့ အချက်တွေဖြစ်တယ်လို့ Jonathan Stonestreet က ပြောပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ တင်ပြချက်တွေကို ကာတာစင်တာ အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံ တိုက်ရိုက် အသိပေး အကြောင်းကြားတာမျိုး လုပ်ခွင့်မရှိပေမယ့်လည်း ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတွေနဲ့ မကြာခန တွေ့ဆုံလေ့ရှိတယ်လို့ ဆိုပါတယ်။

အထွေထွေရွေးကောက်ပွဲ ပြီးဆုံးသွားတဲ့နောက်ပိုင်းမှာလည်း သူတို့အဖွဲ့က တွေ့ရှိတဲ့ အချက်အလက် အပြည့်အစုံကို Carter Center အနေနဲ့ ကြေညာချက် ထုတ်ပြန်သွားမယ်လို့ Jonathan Stonestreet က ပြောပါတယ် ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG