သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲနေ့ Carter Center အမြင်


ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ ကာတာစင်တာက သမ္မတဟောင်း ကာတာရဲ့မြေး ဂျေဆင်ကာတာ (နိုဝင်ဘာ ၈၊ ၂၀၁၅)
ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ ကာတာစင်တာက သမ္မတဟောင်း ကာတာရဲ့မြေး ဂျေဆင်ကာတာ (နိုဝင်ဘာ ၈၊ ၂၀၁၅)

ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေ ဝင်ရောက်လေ့လာနိုင်တာဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ယှဉ်ရင် တိုးတက်မှုတစ်ရပ် ဖြစ်ပေမယ့်လည်း စည်းမျဉ်းစည်းကမ်းတွေနဲ့ စောင့်ကြည့်နေရသေးတာကြောင့် ပွင့်ပွင့်လင်းလင်း ဒီမိုကရေစီဆန်ဆန် မဖြစ်သေးဘူးလို့ ဒီကနေ့ ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်အကဲခတ်နေတဲ့ Carter Center က ပြောပါတယ်။ မဲရုံတွေမှာ တန်းစီနေတဲ့ပြည်သူတွေကို ကြည့်ခြင်းအားဖြင့် ဒီကနေ့ဟာ မြန်မာပြည်သူတွေ အတွက် အလွန်အရေးကြီးတဲ့ နေ့တစ်ရက်ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။

၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေ ဝင်ရောက်လေ့လာနိုင်ပေမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ လေ့လာရတာကြောင့် ပွင့်လင်းပြီး ဒီမိုကရက်တစ် သိပ်မဆန်လှဘူးလို့ Carter Center ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ပူးတွဲ ခေါင်းဆောင်လည်းဖြစ်၊ အိုင်ယာလန်နိုင်ငံသမ္မတဟောင်းလည်းဖြစ်တဲ့ Mary Robinson က အခုလိုပြောဆိုလိုက်ပါတယ်။

“ဒီနေ့မှာ ရေရှည်၊ ရေတိုလေ့လာစောင့်ကြည့်သူတွေနဲ့ စောင့်ကြည့်ခွင့်ရတာဟာ ရွေးကောက်ပွဲအတွက် အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တစ်ချက်ပြောချင်တာက ကျမတို့ စောင့်ကြည့်အဖွဲ့တွေအနေနဲ့ ချမှတ်ထားတဲ့ မူဘောင်တွေအတွင်းကပဲ စောင့်ကြည့်ရပါတယ်။ ဒါဟာ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီစံနှုန်း မဟုတ်ပါဘူး။ ဒီအချက်ဟာ အရေးကြီးတာကြောင့် ၁၀ ရက်နေ့မှာ ထုတ်ပြန်မယ့်အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြသွားပါမယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ အလေးအနက်နဲ့ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်သွားမယ်လို့ မျှော်လင့်သလို သွားဖို့ကိုလည်း အားပေးချင်လို့ပါ။”

ဒါပေမယ့်လည်း ၂၀၁၀ ရွေးကောက်ပွဲနဲ့ယှဉ်လိုက်ရင်တော့ ပြည်တွင်းပြည်ပရွေးကောက်ပွဲတွေ ဝင်ရောက်ကြည့်ရှုနိုင်တာဟာ အဓိက ကွာခြားချက်ပဲလို့ ပူးတွဲခေါင်းဆောင်လည်းဖြစ်၊ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့မြေးလည်းဖြစ်တဲ့ ဂျေဆင်ကာတာက အခုလို ပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲနဲ့ ဒီကနေ့ ရွေးကောက်ပွဲရဲ့ အဓိကကွာခြားချက်က ပြည်တွင်းပြည်ပ စောင့်ကြည့်အဖွဲ့တွေ အကဲခတ်စောင့်ကြည့်ခွင့်ရတာပါပဲ။ ကျနော်တို့ အခုလို မြန်မာနိုင်ငံမှာ ခြေချပြီး စောင့်ကြည့်လေ့လာနိုင်တာဟာ အရင်ရွေးကောက်ပွဲနဲ့ ကွာခြားတဲ့ အဓိက အချက်ပါပဲ။”

ကာတာစင်တာဟာ မြန်မာတစ်နိုင်ငံလုံး ဖြန့်ကျက်ပြီး ရွေးကောက်ပွဲစောင့်ကြည့်သွားမှာဖြစ်သလို ထူးခြားချက်အနေနဲ့ မဲရုံတွေကို ကြိုတင် အကြောင်းကြား မထားဘဲ ရှောင်တခင် ဝင်ရောက်လေ့လာခွင့်ရခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီကနေ့ မဲရုံတွေ မဖွင့်မီကတည်းက အခြေအနေတွေကို အကဲခတ် စောင့်ကြည့်ခဲ့တဲ့ Mary Robinson က ဒီကနေ့ မနက်ပိုင်း မဲရုံတွေအခြေအနေကို အခုလို ပြောပြပါတယ်။

“ကျမတို့ ဒီနေ့ အစောပိုင်းမှာပဲ မဲရုံတွေဆီသွားပြီး ပြင်ဆင်တာတွေကို လေ့လာခဲ့ပါတယ်။ မဲပုံးတွေမှာ မဲတွေ ကြိုထည့်တာမရှိအောင် သွားကြည့်ပါတယ်။ အဲ့ဒီအချိန်မှာတည်းက မဲပေးဖို့ တန်းစီနေကြတာ တော်တော်ရှည်နေပါပြီ။ အဲ့တာကို ကြည့်ခြင်းအားဖြင့် ဒီနေ့ဟာ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့ နေ့တစ်နေ့ဆိုတာ သိမြင်နိုင်ပါတယ်။ မဲရုံတွေမှာ လူတွေ တန်းစီတာများလွန်းလို့ မဲပေးဖို့ ၂ နာရီကျော်လောက်ကြာတာတွေလည်း ရှိပါတယ်။ ကျွန်မတို့ မဲရုံတွေကို သွားတော့ လိုလိုလားလားပဲကြိုဆိုကြပြီး သိချင်တဲ့ မေးခွန်းတွေကိုလည်း ကောင်းကောင်းမွန်မွန် ဖြေကြားပေးကြပါတယ်။”

ဒီကနေ့ မနက်အစောပိုင်းမှာ ကာတာစင်တာက လေ့လာစောင့်ကြည့်တဲ့ ဗဟန်းမြို့နယ်တွင်းက သီရိမင်္ဂလာမဟာဓမာရုံ ဘုန်းကြီးကျောင်းကမဲရုံမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့တာပါ။

ဒီမဲရုံမှာ မဲလာပေးသူတစ်ဦးဖြစ်တဲ့ ကိုစိုင်းကလည်း သူ့ရဲ့ မျှော်လင့်ချက်ကို အခုလို ဖွင့်ဟပါတယ်။

“အများမျှော်လင့်တဲ့အတိုင်းပဲ အားလုံး စိတ်ချမ်းသာမယ်လို့ မျှော်လင့်ပါတယ်။ ကျနော် ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အမေစုကလွဲပြီးတော့လည်း ကျနော်တို့နိုင်ငံကို ပြောင်းလဲပေးနိုင်မယ့်လူ လက်ရှိပေါ့နော်- ကျနော်ကတော့ မတွေ့သေးဘူးခင်ဗျ။ အဲဒီတော့ အမေက အများကြီး ပြောင်းလဲပေးနိုင်မှာပဲ။ ကျနော်တို့ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အစစအရာရာ တိုးတက်အောင်မြင်အောင်လို့ အမေပြုလုပ်ပေးမယ်လို့ ကျနော်ယုံကြည်ပါတယ်။”

ကာတာစင်တာက ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံအနှံ့ လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့ဝင်တွေရဲ့ သတင်းပြန်ပို့ချက်တွေနဲ့ သေချာလေ့လာဆန်းစစ်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ ကနဦးအစီရင်ခံစာ ထုတ်ပြန်သွားဖို့ ရှိပါတယ်။

XS
SM
MD
LG