သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုတင်မဲပေးရာမှာ ပွင့်လင်းမြင်သာဖို့ Carter Center တိုက်တွန်း


မကြာခင်ရောက်လာတော့မယ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ပွင့်လင်းမြင်သာမှုရှိရေးအတွက် နိုင်ငံတကာ ရွေး ကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ကြိုတင်မဲပေးရာမှာ လေ့လာနိုင်အောင် စီစဉ်ပေးဖို့ Carter Center လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ထားသူတွေနဲ့ လူနည်းစုတွေပါ မဲပေးခွင့် ရရှိဖို့ကိုလည်း မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေအနေနဲ့ ကြိုတင်မဲပေးတဲ့နေ့တွေမှာပါ စောင့်ကြည့်နိုင်အောင် စီစဉ်ပေးဖို့ Carter Center လေ့လာစောင့်ကြည့်ရေးအဖွဲ့ မြန်မာဌာနေတာဝန်ခံ Frederick Rawski က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။ လက်ရှိ စနစ်အရ ကြိုတင်မဲပေးချိန်မှာ စောင့်ကြည့်လေ့လာဖို့တော့ ခက်ခဲနေသေးတယ်လို့ Frederick Rawski က ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးတာဟာ ကြီးမားတဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ကျနော်တို့ကို ကြိုတင်မဲပေးရာမှာ လေ့လာခွင့်ပေးမယ်လို့ ပြောထားပါတယ်။ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရော၊ ပြည်တွင်းအဖွဲ့တွေကိုပါ စောင့်ကြည့်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ ဘယ်လို လက်တွေ့ စောင့်ကြည့်ခွင့် ပေးမလဲဆိုတာကိုပဲ မေးခွန်းထုတ်ရမှာပါ။ လက်ရှိ စနစ်အရ အချို့ ကြိုတင်မဲပေးတဲ့ နေရာတွေမှာ လေ့လာစောင့်ကြည့်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဥပမာ တပ်မတော်သားတွေ ကြိုတင်မဲပေးတာမျိုးပေါ့။ ကြိုတင်မဲပေးမယ့်ရက်ကို သေသေချာချာ မသတ်မှတ်ရသေးဘူး။ ပြီးတော့ တပ်ထဲမှာ ကြိုတင်မဲ ဘယ်လိုပေးမလဲ၊ ဘယ်တော့ပေးမလဲ ဆိုတာကလည်း တပ်ရင်းမှူးတွေပဲ စီစဉ်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျနော်တို့ ဘယ်လို စောင့်ကြည့် လေ့လာရမလဲ ဆိုတာကို သေချာဆွေးနွေးပါဦးမယ်။ စောင့်ကြည့် လေ့လာသူတွေ ကြိုတင်မဲပေးမှုကို စောင့်ကြည့်လေ့လာနိုင်ခွင့်ဟာလည်း ရွေးကောက်ပွဲတပွဲရဲ့ ယုံကြည်စိတ်ချရမှုအတွက် အရေးကြီးပါတယ်။”

White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ်တွေကို ဖျက်သိမ်းလိုက်ခြင်းအားဖြင့် အရင်က မဲပေးခွင့်ရှိသူတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ်လို့ Mr. Rawski က သုံးသပ်ပါတယ်။ ရခိုင်ဒေသက လူနည်းစု အပါအဝင် မဲပေးပိုင်ခွင့်ရှိသူတွေအားလုံး မဲပေးခွင့်ရအောင် ကာတာစင်တာအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းထားတယ်လို့ Mr. Rawski က ပြောပါတယ်။

“အရင်တုန်းက မဲပေးပိုင်ခွင့်ရှိတဲ့ များပြားလှတဲ့ လူဦးရေတွေ မဲပေးပိုင်ခွင့် မရှိတော့တာကို အလွန်စိတ်ပူမိပါတယ်။ နိုင်ငံတကာမှာဆိုရင်တော့ ဒါဟာ မကောင်းတဲ့ အလေ့အထလို့ ယူဆကြပါတယ်။ တကယ်လို့ မဲပေးခွင့် ဆုံးရှုံးကြတယ်ဆိုရင်တော့ လုပ်ထုံးလုပ်နည်းအရ မဖြစ်သင့်ပါဘူး။ ဒီလူတွေဟာ မဲပေးပိုင်ခွင့် ရှိသူတွေဟုတ်မဟုတ် ခွဲခြားသတ်မှတ်ဖို့ တရားမျှတစွာ ဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဒီလူတွေ မဲပေးခွင့်မရဘူးဆိုတာကို သိရတော့ ကျနော်တို့အနေနဲ့ စိတ်ပျက်မိပါတယ်။ ကာတာစင်တာအနေနဲ့ မြန်မာနိုင်ငံရဲ့ လူမျိုးရေးနဲ့ နိုင်ငံသားသတ်မှတ်ရေးတွေမှာ ဘာမှ ဝင်မစွက်ဖက်လိုပါဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ ရခိုင်ပြည်နယ်က လူနည်းစုတွေ အပါအဝင် မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။”

အမေရိကန်ပြည်ထောင်စု Georgia ပြည်နယ် Atlanta မြို့အခြေစိုက် ကာတာစင်တာဟာ ၁၉၈၉ ခုနှစ်ကစပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံက ရွေးကောက်ပွဲ ၁၀၀ ကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ကာတာစင်တာကနေ မြန်မာ့ရွေးကောက်ပွဲ ဖြစ်စဉ်ဆိုင်ရာ ဒုတိယအစီရင်ခံစာနဲ့ အကြံပြုချက်တွေကို ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့ပါတယ်။ ပထမအစီရင်ခံစာကိုတော့ ၂၀၁၅ ခုနှစ် မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG