သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကို Carter Center အနီးကပ်စောင့်ကြည့်မည်


Chatrium ဟိုတယ်မှာ ဒီကနေ့လုပ်တဲ့ ကာတာစင်တာ သတင်းစာရှင်းလင်းပွဲ
Chatrium ဟိုတယ်မှာ ဒီကနေ့လုပ်တဲ့ ကာတာစင်တာ သတင်းစာရှင်းလင်းပွဲ

အခု ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေပေမယ့်၊ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အရေးပါတာကြောင့် ရွေးကောက်ပွဲဖြစ်မြောက်မယ့် အခြေအနေကို စောင့်ကြည့် အကဲဖြတ်ရလိမ့်မယ်လို့ ကာတာစင်တာက ပြောလိုက်ပါတယ်။ ရန်ုကုန်မြို့ Chatrium ဟိုတယ်မှာ ဒီကနေ့လုပ်တဲ့ ကာတာစင်တာ သတင်းစာရှင်းလင်းပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း ပြောပြပေးမှာပါ။

လာမယ့် ရွေးကောက်ပွဲကို ဦးစီး ကျင်းပမယ့် ပြည်ထောင်စု ရွေးကာက်ပွဲကော်မရှင် ဖွဲ့စည်းမှုဟာ နိုင်ငံတကာ စံနှုန်းစံထားနဲ့ ပြည်စုံမှုမရှိပေမယ့်လို့ ကော်မရှင်ရဲ့ ရပ်တည်ဆောင်ရွက်ပုံကိုတော့ ရွေးကောက်ပွဲနေ့အပေါ် မူတည်ပြီး စောင်ကြည့်အကဲဖြတ်ရမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ခွင့်ရတဲ့ ကာတာစင်တာ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

လတ်တလောအားဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေ အပေါ် လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် စစ်တပ်တွင်း အပါအဝင် နယ်မြေအသီးသီးက မဲရုံအားလုံးကို လွတ်လပ်စွာ စစ်ဆေးခွင့် ပေးထားတယ်လို့လည်း ကာတာစင်တာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့်လို့ စစ်တပ်က ကြိုတင်ဆန္ဒမဲတွေကိုတော့ စောင့်ကြည့်ခွင့် မရခဲ့ဘူးလို့ ကာတာစင်တာရဲ့ ဒုတိယ ညွန်ကြားရေးမှုးတဦးဖြစ်တဲ့ Jonathan Stonestreet က ပြောပါတယ်။

“ သူတို့ ပြောထားတဲ့ အတိုင်းဆိုရင် စစ်တပ်က မဲရုံတွေကို သွားရောက်စောင့်ကြည့်ဖု့ိ ကျနော်တို့ကို ခွင့်ပြုရမှာပါ။ တခုပဲ ကျနော်တို့ကို ပြောတာက စစ်တပ်က ကြိုတင်ဆန္ဒမဲပေးတဲ့ မဲဆန္ဒပြင်ပနေရာတွေကို သွားရောက်ခွင့်မပြုပါဘူး။”

နိုင်ငံတွင်းက ဘယ်နေရာမှာမဆို မဲရုံတွေကို စောင့်ကြည့်နိုင်ပါတယ်လို့ ကော်မရှင် အနေနဲ့ အာမခံပြောထားပေမယ့် ရွေးကောက်ပွဲနေ့မှဘဲ လက်တွေ့ ဘယ်လောက် ခွင့်ပြုမလဲဆိုတာ သိနိုင်မယ်လို့လည်း ပြောပါတယ်။ ကာတာစင်တာအနေနဲ့ ရွေးကောက်ပွဲအပေါ် ရေတိုစောင့်ကြည့်လေ့လာရေး အဖွဲ့မှာ လူ ၅၀ ကျော် ပါဝင်ပြီး တနိုင်ငံလုံး အတိုင်းအတာ အခြေအနေတွေကို သိနိုငိဖို့ကတော့ အခြားပြည်တွင်း ပြည်ပ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အထူးသဖြင့် ရရှိထားကြတဲ့ အချက်အလက်တွေကို ရွေးကောက်ပွဲအပြီးမှာ အပြန်အလှန်ဖလှယ်ယူပြီး သုံးသပ်ချက် ထုတ်ပြန်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ရွေးကောက်ပွဲကို ဦးစီးကျင်းပမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမှုပိုင်းကို ကြည့်မယ့်ဆိုရင် နိုင်ငံတကာ စံနှုန်းစံထားတွေနဲ့ မညီပေမယ့်လို့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးအတွက် အခု ရွေးကောက်ပွဲဟာ အရေးပါတာမို့ ဒီရွေးကောက်ပွဲ လက်တွေ့ဖြစ်မြောက်မှုကို စောင့်ကြည့် အကဲဖြတ်ရလိမ့်မယ်လို့ မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကာတာစင်တာ အဖွဲ့ကို ဦးဆောင်လာတဲ့ Jason Carter က ပြောခဲ့ပါတယ်။

ကာတာစင်တာ အနေနဲ့ မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို ဒါ ပထမဆုံးလုပ်တာဖြစ်ပေမယ့် အစီရင်ခံစာ နှစ်ကြိမ် ထုတ်ပြန်ခဲ့ပြီးပါပြီ။ ကြိုတင်မဲဆန္ဒကိစ္စ၊ မဲစာရင်းမမှန်ကန်မှုကိစ္စ ဒီအခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်မှုတွေကိုလည်း ထုတ်ပြောခဲ့ပါတယ်။ ကာတာစင်တာဟာဆိုရင် မြန်မာ့ရွေးကောက်ပွဲအတွက် ခွင့်ပြုခံထားရတဲ့ နိုင်ငံတကာရွေးကောက်ပွဲအဖွဲ့ တဖွဲ့ဖြစ်သလို မြန်မာ့ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့်ခွင့်ရတာဆိုရင်လည်း ဒီအကြိမ်ဟာ ရာစုနှစ်ဝက်အတွင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

XS
SM
MD
LG