သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ်တွေ သေဆုံးတဲ့ ဘာသာရေးကျောင်း မီးလောင်မှု ဗလီဆရာ ၂ ဦး ထောင်ကျ


စာသင်ကျောင်းမီးလောင်လို့ သေဆုံးခဲ့ရတဲ့ ကလေးငယ် (၁၃) ဦးအတွက် ဆုတောင်းနေကြစဉ်။ (ဧပြီ ၂၊ ၂၀၁၃၊ ရန်ကုန်(။
စာသင်ကျောင်းမီးလောင်လို့ သေဆုံးခဲ့ရတဲ့ ကလေးငယ် (၁၃) ဦးအတွက် ဆုတောင်းနေကြစဉ်။ (ဧပြီ ၂၊ ၂၀၁၃၊ ရန်ကုန်(။
ပြီးခဲ့တဲ့နှစ် ဧပြီလ ၂ ရက်နေ့က ရန်ကုန်မြို့၄၈ လမ်း မှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းနဲ့ ဗလီ မီးလောင်ခဲ့တဲ့ အမှုကိစ္စပေါ်မှာ တာဝန်ရှိတဲ့ ဗလီဆရာနှစ်ဦး ကို ဒီကနေ့မှပဲ ဗိုလ်တစ်ထောင်တရားရုံးက စီရင်ချက် ချလိုက်ပြီဖြစ်ပါတယ်။ ဒီမီးလောင်မှု ကြောင့် ကလေး ၁၃ ဦးကျော် သေဆုံးခဲ့တဲ့ အတွက် တာဝန်ရှိသူတွေကို တရားရုံးက ထောင်ဒဏ် ၂ ရပ်ပေါင်း ၈ နှစ်ထိ ပြစ်ဒဏ် ကျခံစေခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် ကပြောပြပေးမှာပါ။

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် (၄၈) လမ်း အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တခုမှာ ကလေးငယ် (၁၃) ယောက်အထိ သေဆုံးခဲ့ရတဲ့ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီးတော့ အဲဒီ ဗလီနဲ့ စာသင်ကျောင်း မှာ တာဝန်ရှိတဲ့ ဗလီဆရာ နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ (၂၈၅) ဒုတိယပိုင်း မှာ ဖော်ပြထားတဲ့ မီးပါ့ဆမှုကြောင့် ထောင်ဒဏ် ၂နှစ်၊ ပုဒ်မ ၃၀၄ (က) လူသေမှု အရ ထောင်ဒဏ် (၆) နှစ် စုစုပေါင်း (၈) နှစ် ထိ ပြစ်မှု စီရင်ချက် ချမှတ် လိုက်ပြီဖြစ်တယ်လို့ ဗိုလ်တထောင်မြို့နယ် တရားသူကြီး ဦးဝင်းဖေခိုင်က ပြောပါတယ်။

" ကိုဇေယျာဖြိုး၊ နောက်တယောက်က ကိုခင်မောင်အေး။ (၂၈၅) ဒုတိယပိုင်း အရ နှစ်နှစ်၊ ၃၀၄(က) အရ ထောင် ခြောက်နှစ်၊ သီးခြားစီပေါ့ စုစုပေါင်း (၈) နှစ်ပေါ့။"

ထောင်ဒဏ်ချမှတ်ခံရတဲ့ တရားခံတွေရဲ့ ရှေ့နေဖြစ်တဲ့ တရား လွှတ်တော် ရှေ့နေ ဦးအုန်းမောင်က ရက်ပေါင်း ၆၀ အတွင်း အယူခံ ဝင်ဖို့ အတွက် ပြင်ဆင်သွားမယ်လို့လည်း ဗွီအိုအေ ကိုပြောပါတယ်။

" အယူခံကတော့ အယူခံကာလ ရှိတာပေါ့နော်။ အယူခံတင်ဖို့အတွက်ကို မူလရုံးရဲ့ စီရင်ချက်မိတ္တူ ကူးရမှာပေါ့နော်။ အဲ့ဒီ့မိတ္တူ ရပြီဆိုတော့မှ အဲဒီ့စီရင်ချက်ထဲမှာ ပါတဲ့ သုံးသပ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ အမှုတွဲမှာ ပေါ်ပေါက်တဲ့ အချက်အလက်တွေနဲ့ သက်သေခံချက်တွေနဲ့ ဥပဒေနဲ့ အန်ကယ်လ်တို့ နှိုင်းယှဉ်ချိန်ထိုးပြီးတော့မှ အန်ကယ်လ်တို့က အယူခံလွှာရေးပြီး တင်ရမှာပေါ့။ အယူခံကာလအတွင်းမှာတော့ ပြင်ဆင်ပြီးရင် အယူခံ တင်မှာပါ။ အယူခံကာလကတော့ ရက်ပေါင်း ၆၀ပေါ့။ "

လက်ရှိ အချိန်မှာတော့ ၄၈ လမ်း ဗလီစာသင်ကျောင်းဟာ ပြန်လည် ဖွင့်လှစ်ထားပြီဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ ဗလီစာသင်ကျောင်းရဲ့ တာဝန်ရှိသူတွေ ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့လည်း အဆက်အသွယ်မရခဲ့ပါဘူး။

မြန်မာမူစလင်ရေးရာ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ခင်က တော့ ဒီကိစ္စ နဲ့ ပတ်သက်ပြီး မြန်မာမူစလင်ရေးရာ အဖွဲ့ချုပ် အပေါ် အကူအညီတောင်းခံလာရင်တော့ လိုအပ်တဲ့ဘက်က ကူညီပေးသွားဖို့ ရှိတယ်လို့လည်း သူ ကပြောပါတယ်။

"တကယ်လို့ လိုအပ်တာရှိရင် ကျနော်တို့ကလေ သူတို့အကူအညီတောင်းလာရင် ဝိုင်းပြီး လုပ်ပေးရမှာပေါ့ဗျာ။ တရားရုံးကနေ တရားဥပဒေအရ အမိန့်ချမှတ်တဲ့ ကိစ္စကိုလေ သူတို့ တရားဥပဒေအရ အဆင့်ဆင့် အယူခံဝင်တာတို့ဘာတို့တော့ ရှိတာပေါ့လေ။ အဲ့တာကတော့ တဖက်တလမ်းကလုပ်ပေါ့လေ။ ကျနော်တို့ဘက်ကတော့ လိုအပ်လာရင်လည်း သက်ဆိုင်ရာကို မေတ္တာရပ်ခံတာတို့ လုပ်ပေးမှာပေါ့။"

ပြီးခဲ့တဲ့ နှစ် အဲဒီ့ချိန်တုန်းက ဆိုရင် ရန်ကုန် အပါအဝင် နယ်မြို့တွေ မှာ ဘာသာရေး အဓိကရုဏ်းတွေ ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အချိန်ဖြစ်တဲ့ အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ၄၈ လမ်း ဗလီ မီးလောင်မှု ကို ဂရုတစိုက် ကိုင်တွယ်ခဲ့ပြီးတော့ ဝန်ကြီးချုပ် ဦး မြင့်ဆွေ ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တဲ့ အဲ့ဒီဗလီကိုလည်း ရဲတပ်ဖွဲ့တွေ အစောင့်ချ ထားပြီးတော့ ၂ လ နီးပါး ကြာအောင်လည်း ပိတ်ထားခဲ့တာပါ။
မီးလောင်မှုဖြစ်ပွားချိန် မနက် ၃ နာရီမှာ ဗလီ စာသင်ကျောင်းဝင်းအတွင်း ရှိနေတဲ့ စာသင်သား ကလေးငယ်တွေ ဟာ အပြင်ကို ထွက်နိုင်တဲ့ ဝင်ပေါက်မှာသော့တွေ ခတ်ထားတဲ့အတွက် ဘေးလွတ်ရာ မပြေးနိုင်ပဲ အသက်သေဆုံးမှု တွေ ဖြစ်ခဲ့တာပါ။

ဗလီ စာသင်ကျောင်းမှာ တာဝန်ရှိသူတွေက အချိန်မှီလာရောက် တံခါး မဖွင့်နိုင်တဲ့ အတွက် ကလေး ငယ်တွေ အသက်ဆုံးရှုံးခဲ့တာလို့လည်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်ဦးမြင့်ဆွေက သတင်းစာရှင်းလင်းပွဲ အတွင်းမှာ ပြောခဲ့ပါတယ်။
XS
SM
MD
LG