သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Catalonia ခွဲထွက်ရေးကြိုးပမ်းသူ ခေါင်းဆောင် ၉ ဦး စပိန်ပြစ်ဒဏ်ချ


Catalonia ဒေသသမ္မတဟောင်း Carles Puigdemont
Catalonia ဒေသသမ္မတဟောင်း Carles Puigdemont

စပိန်နိုင်ငံမှာ Catalonia ဒေသကို လွတ်လပ်ရေးကြေညာပြီး သီးခြားလွတ်လပ်တဲ့နိုင်ငံတခုထူထောင်ဖို့ ၂၀၁၇ ခုနှစ်က ကြိုးစားခဲ့သူ ခွဲထွက်ရေး ခေါင်းဆောင် ၉ ယောက်ကို စပိန်တရားရုံးချုပ်က ၉ နှစ်ကနေ ၁၃ နှစ်ကြား ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ သူတို့အားလုံးအပေါ် တရားစွဲထားတဲ့ထဲမှာ အပြင်းထန်ဆုံးဖြစ်တဲ့ ပုန်ကန်မှုပုဒ်မအတွက်ကိုတော့ တရားသေလွှတ်ပေးလိုက်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Catalonia ဒေသရဲ့ ဒုသမ္မတဟောင်း Oriol Junqueras ကို နိုင်ငံတော်အကြည်ညိုပျက်အောင်လုပ်မှု၊ ပြည်သူ့ဘဏ္ဍာအလွဲသုံးစားလုပ်မှုတို့်နဲ့ ထောင်ဒဏ်အများဆုံး ၁၃ နှစ် ချခဲ့ပါတယ်။ နောက်ကျန်တဲ့ ၃ ယောက်ကိုတော့ အာဏာဖိဆန်မှုနဲ့ အပြစ်ရှိကြောင်းဆုံးဖြတ်မှုပေမဲ့ ထောင်ဒဏ်တော့ အပြစ်မပေးခဲ့ပါဘူး။ ဒီကနေ့တရားရုံး ဆုံးဖြတ်ချက်ဟာ အင်မတန်ကောက်ကျစ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ Catalonia ဒေသသမ္မတဟောင်း Carles Puigdemont က တုံ့ပြန်ခဲ့ပါတယ်။

ဒီဒေသက နောင်မျိုးဆက်တွေအတွက်၊ ဒီမိုကရေစီအတွက် ဘယ်တုန်းကမှနဲ့ မတူအောင် တုံ့ပြန်ကြဖို့လည်း သူက Twitter ပေါ်မှာရေးသားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က Catalonia ဒေသမှာ သီးခြားလွတ်လပ်တဲ့နိုင်ငံတည်ထောင် သင့် မသင့် လူထုဆန္ဒခံယူပွဲလုပ်ခဲ့တာမှာ မဲပေးသူ ၉၀ ရာခိုင်နှုန်း လောက်က ထောက်ခံခဲ့ပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ Catalan ပါလီမာန်က လွတ်လပ်ရေးကြေညာခဲ့တာကြောင့် စပိန်အစိုးရက Catalonia ကိုပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပြန်ရုတ်သိမ်းခဲ့ပြီး တိုက်ရိုက်အုပ်ချုပ်ခဲ့ပါတယ်။ လွှတ်တော်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ သမ္မတ Carles Puigdemont အပါအဝင် ခေါင်းဆောင်တချို့ တိမ်းရှောင်ခဲ့ပြီး တချို့လည်း အဖမ်းခံခဲ့ရပါတယ်။

၂၀၁၇ ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပခဲ့တာမှာတော့ အမျိုးသားရေးဝါဒီတွေကပဲ အနိုင်ရခဲ့ပါတယ်။ အစိုးရသစ်ဖွဲ့စည်းခဲ့ပြီးနောက် ၇ လနီးပါး Madrid ကနေ စပိန်အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအဆုံးသပ်သွားပြီး Catalonia ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပြန်လည်ရယူခဲ့ပါတယ်။

[Unicode Version]






တိုက်ရိုက် လင့်ခ်
XS
SM
MD
LG