သုံးရလွယ်ကူစေသည့် Link များ

တိုင်းရင်းသားမျိုးနွယ်စု သတ်မှတ်ရေး သန်းခေါင်စာရင်းအပြီး လွှတ်တော်မှာ ဆွေးနွေးမည်


၆၇ကြိမ်မြောက် ပြည်ထောင်စုအခမ်းအနား တိုင်းရင်းသားများ တက်ရောက်။ (ဖေဖော်ဝါရီလ ၁၂၊ ၂၀၁၄)
၆၇ကြိမ်မြောက် ပြည်ထောင်စုအခမ်းအနား တိုင်းရင်းသားများ တက်ရောက်။ (ဖေဖော်ဝါရီလ ၁၂၊ ၂၀၁၄)
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါ တိုင်းရင်းသား မျိုးနွယ်စုတွေက သူတို့ရဲ့ တိုင်းရင်းသားအမည်တွေ စာရင်းမှာ ကျန်ခဲ့တာမျိုး လူမျိုးစုကြီး တခုခုအောက်မှာ မှားယွင်းဖေါ်ပြခံရတာမျိုးတွေကို စိုးရိမ်နေကြ ပါတယ်။ ဒါပေမယ့် အရင် စစ်အစိုးရ လက်ထက်က ဖေါ်ပြလာခဲ့တဲ့ တိုင်းရင်းသား မျိုးနွယ်စု (၁၃၅)မျိုးဆိုတာဟာ ၁၉၇၃/ ၈၃ ခုနှစ်တွေတုန်းက လူဝင်မှု ကြီးကြပ်ရေးက ကောက်ခံ ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး အခုချိန်ထိ သုံးစွဲနေတာပဲဖြစ်ကြောင်း ၊ လူဝင်မှုကြီးကြပ်ရေး အကြီးအကဲက ဖြေရှင်းပြောဆို လိုက်ပြီး ၊ တိုင်းရင်းသား မျိုးနွယ်စု ခွဲခြားသတ်မှတ်မှုနဲ့ ပတ်သက်လို့ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူပြီးသွားတဲ့အခါမှ လွှတ်တော်ထဲမှာ ဆွေးနွေး ဆုံးဖြတ်ဖို့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီးဦးခင်ရီက တိုင်းရင်းသားအဖွဲ့ပေါင်း ၁၀ဖွဲ့ကို မနေ့က နေပြည်တော်မှာ ဖိတ်ခေါ်ဆွေးနွေးခဲ့ပြီး တိုင်းရင်းသား အဖွဲ့တွေဘက်က သူတို့ရဲ့ စိုးရိမ်မှုတွေကို တင်ပြခဲ့သလို ဝန်ကြီး ဦးခင်ရီကလည်း ပြန်လည်ဖြေရှင်းမှုတွေ ရှိခဲ့ပါတယ်။ သွားရောက်တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေထဲမှာ ကချင်၊ ကရင်၊ ကယန်း၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ နာဂ ၊ တအာင်း၊ ပလောင်နဲ့ တိုင်းရင်းသားတွေ ကိုယ်စားပြုတဲ့ NGO အဖွဲ့တဖွဲ့လည်း ပါဝင်ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရေးမှာ တိုင်းရင်းသားတွေဘက်က စိုးရိမ်မှုနဲ့ပတ်သက်ပြီး မနေ့က ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့က တာဝန်ရှိသူ ဒေါ်ခွန်ဂျာက အခုလိုပြောပြပါတယ်။

"ကျမတို့ ဘုံ တင်ပြတာကတော့ နံပတ်တစ် အချက်ကတော့ ဒီ ၁၃၅ ကုဒ် ခွဲထားတာကြောင့် ကျမတို့ တိုင်းရင်းသားတွေအားလုံးဆီမှာ အကုန် ထိခိုက်တယ်ပေါ့။ အထူးသဖြင့် ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေမှာ တိုက်ရိုက် ထိခိုက်နေတာဖြစ်တဲ့ အတွက်ကြောင့် လူဦးရေရဲ့ ၄၀% မှာ ထိခိုက်တဲ့ အတွက်ကြောင့် တိုင်းရင်းသားတွေကို ၁၃၅ ကုဒ်ခွဲထားတာကို ကန့်ကွက် ပါတယ်ပေါ့။

ဒုတိယတချက်ကတော့ ဒီကုဒ်ကြောင့်မို့လို့ ကျမတို့ တိုင်းရင်းသားတွေအတွင်းမှာ တင်းမာမှုတွေ ဖြစ်ပေါ်လာတယ်။ အဲ့ဒီ့အပေါ်မှာ ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်ခြေ ရှိတဲ့အတွက်ကြောင့်မို့လို့ ဒီကိစ္စများ ဖြေရှင်းပြီးတဲ့အခါကျမှ သန်းခေါင် စာရင်းကောက်ယူမှုကို လုပ်ပေးပါ ဆိုပြီး ရွှေ့ဆိုင်းပေး ဖို့ တောင်းဆိုတာဖြစ်တယ်ရှင့်။"

တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးဆိုပြီး မြန်မာ အစိုးရလက်ထက်က သုံးနေတာဟာ ၁၉၈၃ကောက်ခံမှု စာရင်းတွေအပေါ် အခြေခံတာ သာဖြစ်တယ်လို့ လဝက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"ကျနော်တို့ဆီမှာ ၁၉၇၃နဲ့ ၁၉၈၃မှာ ၇၃မှာ ကောက်တုန်း ကလည်း မြန်မာနိုင်ငံ ထဲမှာ ဒီတိုင်းရင်းသား ၁၃၅မျိုးပဲ တွေ့တယ်။ ၈၃မှာကောက် တုန်းကလည်း ဒီလူမျိုးတွေပဲ တွေ့တယ်။ ၁၃၅မျိုးဟာ အမှန်လို့ မဆိုလိုဘူး။ လောလောဆယ် ဒါ ၁၃၅ မျိုးပဲ သိထားလို့ ၁၃၅မျိုးပဲ ဖော်ထုတ်ထားတာ၊ အဲ့ဒီ့အထဲမှာ တချို့လူမျိုးတွေ ဆိုရင် ၄ယောက်ပဲ ရှိတယ်။ ဥပမာအားဖြင့် ကချင်လူမျိုးစုထဲမှာ ပါတဲ့ လူမျိုးတမျိုးဆိုရင် ၄ယောက်ပဲ ရှိတော့တယ်။ အဲ့လို အင်မတန်နည်းသွားတဲ့ လူမျိုးတွေလည်းရှိတယ်။ တချို့ကျတော့လည်း လူမျိုး အမည်ပြောင်းတာပေါ့။ ဥပမာ တိုင်လျံပေါ့။ တိုင်လျံဆိုတာ ရှမ်းအခေါ်ဖြစ်တယ်။ သူတို့လူမျိုးအမည်ကို ရှမ်းနီလို့ ပြောင်းချင်တယ်ပေါ့။ အဲ့လိုပြောတယ်။

တချို့ကျတော့လည်း အုပ်စုတစ်ခုထဲကနေ တစ်ခုကိုပြောင်းချင်တယ်။ ဥပမာအားဖြင့် ဂေကိုတို့ ဂေဘာတို့ပေါ့။ သူတို့လက်ရှိက ကယန်းအုပ်စုမှာ ရှိတယ်။ အဲ့တာကို ကရင်အုပ်စုထဲကို တချို့က ပြောင်းချင်တယ်။ တချို့က ကယန်းအုပ်စုထဲကို ပြောင်းချင်တယ်။ အဲ့လိုလေးတွေရှိတော့။ ဟိုဟာပေါ့။ အခုလက်ရှိ အတည်ပြုထားတဲ့ စာရင်းနဲ့ပဲ အရင်ကောက်လိုက်တာ။"

၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ကွန်ပျူတာမှာ စာရင်း သွင်းနိုင်ဖို့ အတွက် တိုင်းရင်းသား မျိုးနွယ်စု တစ်ခုချင်းစီကို နံပတ် ၁ခုစီ သတ်မှတ်ထားပြီး သုံးစွဲသွားမှာဖြစ်ကြောင်း၊ တိုင်းရင်းသားမျိုးနွယ်စု အမည်နဲ့ ဘယ်မျိုးနွယ်စု အောက်မှာ ပါသလဲ ဆိုတဲ့ ခွဲခြားပုံကိုတော့ လာမယ့် ကာလတွေ အတွင်း လွှတ်တော်မှာ ဆွေးနွေးသွားဖို့ ပြင်ဆင်ထားကြောင်း လဝက ညွှန်ချုပ် ဦးမြင့်ကြိုင်ကပြောပါတယ်။

"ဒီကုဒ်နံပတ်ပေးတယ်ဆိုတာ ကျနော်တို့ဆီက ကျနော့်ဦးစီးဌာန ဌာနခွဲတခုက ကွန်ပျူတာတွေ ဖတ်နိုင်အောင် ဒီပရိုဂရမ် စက်တွေ ဖတ်နိုင်အောင် ပေးလိုက်တဲ့ အဆင့်ပဲ ရှိတယ်။ နိုင်ငံတော်အဆင့်မဟုတ်ဘူး။ ဒီ ၁၃၅မျိုး မှန်ပါတယ်လို့ မဆိုလိုဘူး။ အခု ကျနော်တို့က ဒီတိုင်းရင်းသားလူမျိုးနဲ့ ပတ်သက်လို့ ရှိရင် နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ နောက်တခုက လူ့အခွင့်အရေး လည်းဖြစ်တဲ့အတွက် ပြောဆိုသမျှကို မှတ်တမ်းတင် ရေးသွင်းမယ် လို့ကျနော်တို့က ဖြေကြားခဲ့ပါတယ်။ အဲ့တာကြောင့် တိုင်းရင်းသား လူမျိုးတွေကလည်း ဒါတွေကို ကျေနပ် လက်ခံသွားပါတယ်။

ပြီးလို့ရှိရင် ကျနော်တို့တွေဟာ သန်းခေါင်စာရင်း လုပ်ငန်း ပြီးတဲ့အခါမှာ ဒုတိယလုပ်ငန်းစဉ်အဖြစ် သက်ဆိုင်ရာ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေ နောက် ယဉ်ကျေးမှုဦးစီးဌာနက ပညာရှင်တွေ၊ သမိုင်းပညာရှင်တွေနဲ့ လွှတ်တော်မှာ ကျနော်တို့ တိုင်းရင်းသား ရေးရာကော်မတီနဲ့ ကျနော်တို့ အစည်းအဝေးကြီးတစ်ခုကျင်းပပြီး အတည်ပြု ဆုံးဖြတ်ပြီးတော့မှ တိုင်းရင်းသားလူမျိုးစု အမည်စာရင်းတွေ ကို ပြန်ပြီးတော့ အတိအကျ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်ခင်ဗျ။ "

အခုလို သန်းခေါင်စာရင်းကောက်ချိန်ရောက်မှ တိုင်းရင်းသားတွေ ဘာကြောင့် အထူးစိုးရိမ်နေရတာလဲဆိုတာနဲ့ပတ်သက်ပြီး ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့က ဒေါ်ခွန်ဂျာက အခုလို ထပ်ပြောပါတယ်။

" အဲ့တော့ ကျမတို့ လောလောဆယ် သန်းခေါင် စာရင်းကောက်ယူ တာဟာလည်း နိုင်ငံတော်စီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်တယ်။ အဲ့တော့ စီမံကိန်းဆိုတာ ဘတ်ဂျက်တွေဖြစ်တယ်။ ခွဲတမ်းတွေဖြစ်တယ်ပေါ့။ အဲ့တော့ လူဦးရေဆိုရင် နည်းတယ်။ များတယ် ဆိုရင် ဒီဘက်ကလည်း ဘတ်ဂျက် နည်းတယ်။ များတယ်ဆိုတဲ့အပေါ် မူတည်သွားမှာဖြစ်တယ်။ ဥပမာ စာသင်ကျောင်းပဲဖြစ်ဖြစ်ပေါ့။ လူဦးရေများရင် စာသင်ကျောင်း များများဆောက်မယ်။ လူဦးရေနည်းရင် စာသင်ကျောင်း နည်းနည်းပဲ ဆောက်မယ်။ ဆိုတဲ့အခါမှာ ကျမတို့ လူဦးရေ( Population) ဟာ Resources ဖြစ်သွားတယ်။

နောက်တခုကျတော့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒီလူဦးရေတွေဟာ Reflect လာလုပ်မှာပဲ။ အနည်းဆုံး လူဦးရေများတယ် ဆိုရင် ရေးရာဝန်ကြီး တစ်ယောက်ရမယ်။ ဥပမာ ရန်ကုန်တိုင်းမှာဆိုရင် လူဦးရေ စုစုပေါင်းရဲ့ ဝ.၀၁ ရာခိုင်နှုန်းရှိတယ်ဆိုရင် ကျမတို့ ကချင်တိုင်းရင်းသားရေးရာ တစ်ယောက် လျောက်ခွင့် ရှိတယ်ပေါ့။ အကယ်လို့ အုပ်စုမှားယွင်းနေတယ်ဆိုရင် လူဘယ်လောက်ပဲ များလာလာ၊ သူများရဲ့ အုပ်စုမှာပဲ ဂဏန်း များလာပြီးတော့ တခြားအဖွဲ့တွေပဲ ရေးရာ ဝန်ကြီး ရသွားမှာဖြစ်တယ်။ အဲ့တာမျိုးတွေပေါ့။"

သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ တပ်မတော် ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးထားပြီး သွားရေးလာရေး ခက်ခဲတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာတော့ အဲ့ဒီ့အဖွဲ့အတွင်းက လုပ်အားပေးတွေရဲ့ အကူအညီနဲ့ သန်းခေါင်စာရင်းတွေ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
XS
SM
MD
LG