သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအပစ်ရပ်ရေး စစ်တပ်ပါမှ ဖြစ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်တွေပြော


မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ့ဆုံ။ (အောက်တိုဘာ ၁၀၊ ၂၀၁၃)
မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အစိုးရကိုယ်စားလှယ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ့ဆုံ။ (အောက်တိုဘာ ၁၀၊ ၂၀၁၃)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုစည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲဝင်တွေ ဟာ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုတည်း (Single Text) ရရှိရေး အတွက် အချောသတ်မှတ်နိုင်ဖို့ ချင်းမိုင်မြို့မှာ ၂ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ မူကြမ်းမှာအခန်း (၇) ခန်းမှာ ပါဝင်မယ့် အချက်အလက်တွေနဲ့ တပ်မတော်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး လက်မှတ်ရေးထိုးမူမှာ ပါဝင်မယ်ဆိုရင်တော့ တိုက်ပွဲတွေ ရပ်သွားနိုင်တယ်လို့ NCCT က သုံးသပ်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ပေးပို့ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ စုစည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေဟာ ၂ရက်တာဆွေးနွေးခဲ့ပြီးနောက် တိုင်းရင်းသားတွေနဲ့ အစိုးရ နှစ်ဖက် ညှိနှိုင်းမှုတွေအရ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ အခန်း (၇)ခန်းပဲ ထားဖို့ ဆုံးဖြတ်ပြီး မူကြမ်းမှာ တိုင်းရင်းသားတွေဘက်က လိုလားချက်တွေ ပါဝင်နိုင်ရေး ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ဗိုလ်မူးကြီး ခွန်ဥက္ကာပြောပြတာက-

“ ကျနော်တို့ Single Tech ဖြစ်ဖို့ ဘယ်လို လုပ်ဆောင်ကြမလဲ။ အခန်းတွေက သူ့မူ၊ ကိုယ့်မူ အခန်းတွေက မတူကြဘူး။ အခန်းပေါင်း ၁၁ခန်းရှိတာ။ ကျနော်တို့ လော်ခီးလာ၊ ဟိုဘက်က အစိုးရဘက်ကတော့ အခန်းပေါင်း (၁၄)ခန်းရှိတာ တစ်ခု၊ (၉) ခန်းရှိတာ တစ်ခု၊ အခန်း(၇)ခန်းနဲ့ ပြန်ချုံ့မယ့် သဘောတူထားတော့ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ ပြဌာန်းချက်တွေကို အခန်း(၇)ခန်းမှာ ပြန်ပြီးတော့ ဘယ်လိုထည့်သွင်းမလဲပေါ့။ သူ့နေရာနဲ့နေရာနဲ့ နေရာချထားဖို့ တိုင်ပင်ကြတာဖြစ်ပါတယ်။ အခန်း(၇)ခန်းက နောက်ထွက်လာမယ့် အခန်း(၇)ခန်းမှာ ဘယ်အချက်တွေ ပါအောင် ဘယ်လိုရေးကြမလဲ။ ကျနော်တို့ဘက်က မူကြမ်းရေးဖို့ ကိုယ်စားလှယ် (၉)ဦးမှာ (၆)ဦးကို အမာခံအနေနဲ့ ထားပြီးတော့ ဖဒိုကွယ်ထူးဦးဆောင်ပြီးတော့ ရွေးကြတာပေါ့။”

တိုင်းရင်းသားတွေဘက်က မူကြမ်းမှာထည်သွင်းထားတဲ့ အခန်း (၇)ခန်းကတော့ အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ် ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ (အထွေထွေ)ဆိုတဲ့အခန်း(၇)ခန်းပဲဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ တိုင်းရင်းသားတွေ ဟာ တဖွဲ့ချင်း လက်မှတ်ရေးထိုး ထားပြိး တပြည်လုံးတိုင်းအတာနဲ့ လက်မှတ်ရေးထိုး ထားခြင်းမရှိသေး တာကြောင့်လည်း တဖွဲ့ချင်း အလိုက် တပ်နယ်မြေဆိုင်ရာ အငြင်းပွားမှု အင်တားတိုးချဲ့မှုတွေနဲ့ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတာပါ။ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတိုင်းမှာ တိုးတက်မှုတွေ ရှိတယ်လို့ နှစ်ဖက်လုံးက ဆိုပေမဲ့ တဖြည်းဖြည်း ယုံကြည်မူတွေ တည်ဆောက်နေကြတာပါ။ တပ်မတော် က လက်မှတ်ရေးထိုးမှုမှာ ပါဝင်မယ်ဆိုရင်တော့ တိုက်ပွဲတွေ ရပ်သွားနိုင်တယ်လို့ တိုင်းရင်းသားတွေဘက်က ယုံကြည်နေကြပါတယ်။

“ ကျနော်တို့က ယုံကြည်မှု အတိုင်းအတာက တဖြေးဖြေး တိုးမြှင့်လာတယ်ပြောလို့ရတယ်။ ဒါပေမဲ့ MPC က ကြားမှာ Secretarius ပဲလေ။ သူက Political Mandate မပါဘူးလေ။ Political Mandate ရှိတာ အစိုးရ ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ရှိတယ်။ လွှတ်တော်က ဦးသိန်းဇော်အဖွဲ့ရှိတယ်။ တပ်မတော်က ပါလာတဲ့ ဗိုလ်ချုပ်ကြီးတွေရှိတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေးမှာက တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ ပိုအရေးကြီးတဲ့အခါကျတော့ တပ်မတော်က အကြီးအကဲတွေနဲ့ ယုံကြည်မှုပိုရပြီးတော့ နားလည်မှုမြှင့်လာပြီးတော့ ပိုပြီးတော့ အခြေအနေကောင်းမယ်လို့ ယူဆရတာပဲ။

ရန်ကုန်မှာ ဗိုလ်ချုပ်ကြီးခြောက်ယောက် ထပ်ပါတယ်။ ဗိုလ်ချုပ်ကြီးခြောက်ယောက်က တပ်မတော်ပိုင်းမှာ တော်တော်လေး အရေးပါတဲ့ ခေါင်းဆောင်ကြီးတွေဆိုတော့ အပစ်အခတ် ရပ်စဲရေးမှာ ပါတဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေကိုတော့ ဆုံးဖြတ်သွားကြမှာပါ။

သူတို့ဆုံးဖြတ်ပြီးရင်တော့ သူတို့နဲ့ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးက လက်တွေ့လဲကျမယ်။ ပိုပြီးတော့လည်း မြန်နိုင်တာပေါ့ဗျာ။ အဲ့တာတော့ ဖြစ်နိုင်တယ်။ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာက နိုင်ငံသိ၊ ကမ္ဘာသိ၊ အစိုးရဘက်ကလည်း အစိုးရရော၊ လွှတ်တော်ရော၊ တပ်ရော လက်မှတ်ထိုးမယ့် ပွဲဖြစ်တယ်။

ဒါကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး တရားဝင် ထိုးပြီးတယ်ဆိုရင်တော့ တိုက်ပွဲပြန်ဖြစ်ဖို့ အခင်းအကျင်းအလားအလာကတော့ ရှိတော့မှာမဟုတ်ဘူး။ ကျနော်တော့ အဲ့လိုတွက်တယ်လေ။ အလားအလာ လုံးဝကို နည်းသွားမှာပေါ့။ ဒါကြောင့် တပြည်လုံးအတိုင်းအတာ လက်မှတ်ထိုးလိုက်ရင်တော့ နည်းနည်းလေး ငြိမ်သွားနိုင်တာပေါ့လေ။ ကျနော် အဲ့သလို တွက်တယ်။"


ပြီးခဲ့တဲ့ ရန်ကုန်မှာလုပ်ခဲ့တဲဆွေးနွေးပွဲတွေမှာ လွတ်တော်ဘက်က ကိုယ်စားလှယ်တွေ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ ပါဝင်မူတွေ ကလည်း နိုင်ငံလုံးဆိုင်ရာ အပစ်အခပ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အလားအလာကောင်းတွေအဖြစ် NCCT ကရူမြင်တာပါ။

ပြီးခဲ့တဲ့ မတ်လ ၉၊ ၁၀ ရက်နေ့တုန်း ကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ကိုယ်စားလှယ်များတွေနဲ့ အတူ ပြည်သူလွှတ်တော်က ကိုယ်စားလှယ်တွေ တပ်မတော်က ဗိုလ်ချုပ်ကြီးတွေပါတဲ့ ကိုယ်စားလှယ်တွေဆွေးနွေးခဲ့ကြပါတယ်။ မကြာခင်မှာတော့ တပြည်လုံးအတိုင်းအတာနဲ့အပစ်ခတ်ရပ်ရေးကို လက်မှတ်ရေးထိုးနိုင်ဖို့ အခြေအနေတွေဖြစ်လာလိမ့်မယ်လို့ တိုင်းရင်းသားတွေကတော့ ပြောဆိုနေကြပါတယ်။
XS
SM
MD
LG