သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူတဲ့ အစီအစဉ် စတင်


နေပြည်တော်ကောင်စီနယ်မြေမှာ သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)
နေပြည်တော်ကောင်စီနယ်မြေမှာ သန်းခေါင်စာရင်းကောက်ယူနေစဉ် (အောက်တိုဘာ ၁၊ ၂၀၂၄)

နိုင်ငံအနှံ့ ပဋိပက္ခတွေပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျရေးကို အကြောင်းပြုပြီး သန်းခေါင်စာရင်း စတင်ကောက်ယူနေပါပြီ။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားတဲ့ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့တွေဟာ ကိုယ်ရေးအချက်အလက်၊ ပြည်တွင်း ပြည်ပရွေ့ပြောင်းသွားလာနေသူတွေအကြောင်း အပါအဝင် မေးခွန်းပေါင်း ၆၈ ခုပါတဲ့ စစ်တမ်းနဲ့အတူ ရန်ကုန်မှာလည်း တအိမ်တက်ဆင်း စာရင်းကောက်နေပါတယ်။

သန်းခေါင်စာရင်းကောက်တဲ့ အစီအစဉ်မှာ ကျောင်းဆရာတွေ၊ ဒေသခံအာဏာပိုင်တွေ၊ ရဲတွေနဲ့ ပြည်သူ့စစ်တွေ ပါဝင်ကူညီနေတယ်လို့လည်း အမည်မဖော်လိုတဲ့ လုံခြုံရေး အာဏာပိုင်တယောက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။

သန်းခေါင်းစာရင်းကို မနက် ၇ နာရီကနေ ညနေ ၆ နာရီအတွင်း လိုက်လံကောက်ယူမှာဖြစ်ကြောင်း ဒေသခံ အာဏာပိုင်တွေကလည်း ကြေညာထားပါတယ်။ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ စစ်မှုထမ်းခေါ်ယူမှုကို ရှောင်ရှားလိုသူ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းသူတွေကို ဖောိထုတ်နိုင်ဖို့ လုပ်နေတာလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ချင်းညီနောင်များအဖွဲ့ (Chin Brotherhood Alliance) ကတော့ သန်းခေါင်စာရင်း ကောက်ယူမှုဟာ စစ်ကောင်စီရဲ့ အာဏာကို ရှည်ကြာစေရန်ဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် ပါဝင်မှု မလုပ်ကြဖို့နဲ့ ချင်းညီနောင်များအဖွဲ့အနေနဲ့လည်း သန်းခေါင်စာရင်းကောက်ယူမှုတွင် ပါဝင်သူတိုင်းကို ထိထိရောက်ရောက် အရေးယူမှာဖြစ်တယ်လို့ သတိပေးထားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း အာဏာသိမ်း စစ်အစိုးရက နိုင်ငံရေးအရ တရားဝင်မှုရဖို့အတွက် ကြိုးစားနေတာဖြစ်တယ်လို့ သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သက်ပြီး ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG