စင်္ကာပူ နဲ့ ဂျပန် လုပ်ငန်းတွေ နိုင်ငံခြားငွေထိန်းချုပ်မှု ကင်းလွတ်ခွင့် သက်ဆိုင်ရာသံရုံးတွေ မေတ္တာရပ်ခံ
{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ နိုင်ငံခြားဝင်ငွေ ထိန်းချုပ်တဲ့ ဥပဒေသစ်တရပ်ကို ချမှတ်ပြီး ဗဟိုဘဏ်က ထိန်းချုပ်လိုက်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ မိမိတို့စီးပွားရေးလုပ်ငန်းတွေ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ၊ အခက်အခဲတွေနဲ့ ကြုံတွေရလိမ့်မယ်လို့ ရန်ကုန်မြို့မှာရှိကြတဲ့ စင်္ကာပူ နဲ့ ဂျပန် သံရုံးတို့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာရှိကြတဲ့ မိမိတို့ရဲ့ စီးပွားရေး ကုမ္ပဏီတွေအနေနဲ့ ဆက်လက်လုပ်ကိုင်ကြဖို့လည်း အခက်အခဲတွေ အများအပြား ကြုံတွေနိုင်တယ်လို့ စင်္ကာပူသံရုံးက ဒီလ ဧပြီ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အလားတူ ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံးကလည်း မြန်မာနိုင်ငံက ဗဟိုဘဏ်၏ ဒေါ်လာမူဝါဒကြေညာချက်ကိုလိုက်နာရာတွင် မြန်မာနိုင်ငံတွင်း လုပ်ကိုင်နေကြသည့် ဂျပန်ကုမ္ပဏီများအနေဖြင့် အခက်အခဲများစွာဖြင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဆက်လက်လုပ်ကိုင်ရန်ပင် ခဲယဉ်းလာမည်ဖြစ်ကြောင်း ဒီလ ဧပြီ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအတွက် ချမှတ်ထားတဲ့ ဥပဒေသစ်မှာပါဝင်တဲ့ အပုဒ် (၂) (ဂ) အရ မြန်မာနိုင်ငံမှာရှိကြတဲ့ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ခြွင်းချက်အနေနဲ့ ကင်းလွတ်ခွင့်ပေးဖို့ စင်္ကာပူ နဲ့ ဂျပန်သံရုံး တို့က တောင်းဆိုထားပါတယ်။
ဧပြီလ ၃ ရက်နေ့က မြန်မာစစ်ကောင်စီကနေ နိုင်ငံခြားငွေ ထိန်းချုပ်တဲ့ ဥပဒေသစ်တရပ်ထုတ်ပြန်ခဲ့တဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာရှိကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ထိခိုက်မှုတွေကြုံနေကြရပါတယ်။ ဝင်လာတဲ့ ဒေါ်လာငွေတွေကို တရက်အတွင်း ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ မြန်မာကျပ်ငွေနဲ့ ပြန်လည်ထုတ်ယူကြရမှာဖြစ်တဲ့အတွက် လက်ရှိမှာကို ပဲ ၁ဝ ရာခိုင်နှုန်း နစ်နာနေပြီလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ အဲဒီအတွက် ပို့ကုန်အတွက်ကော၊ သွင်းကုန်အတွက်ကော ထိခိုက်နစ်နာမှုတွေ ကြုံတွေ့ကြမှာဖြစ်တယ်လို့လည်း သူတို့ကပြောပါတယ်။
.................................................................
{{Zawgyi/Unicode}}