သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် စာအိတ်ဗုံးပို့သူ ရုံးထုတ်စစ်ဆေးမည်


အမေရိကန် သမ္မတ Donald Trump ကို ဝေဖန်သူတွေထံ ဖောက်ခွဲပစ္စည်းတွေပါတဲ့ အထုပ် အနည်းဆုံး ၁၃ ထုပ်ပေးပို့ခဲ့သူလို့ စွပ်စွဲခံထားရတဲ့ Cesar Sayoc ကို ဒီကနေ့ တနလာၤနေ့မှာ ပထမဆုံး ရုံးထုတ်ဖို့ ရှိနေပါတယ်။ သမ္မတ Trump ကို အခိုင်အမာ ထောက်ခံသူ တဦး ဖြစ်တဲ့ အသက် ၅၆ နှစ် အရွယ် Cesar Sayoc ကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သူနေထိုင်ရာ ဗင်ကားတစီးကနေ ဖမ်းဆီးခဲ့တဲ့ နေရာနဲ့ သိပ်မဝေးလှတဲ့ ဖလော်ရီဒါ ပြည်နယ် မိုင်ယာမီက ဖယ်ဒရယ် ခုံရုံးမှာ ဒီကနေ့ ရုံးထုတ်မှာ ဖြစ်ပါတယ်။

သူနေထိုင်ရာ ကားထဲမှာတော့ သမ္မတ Trump ကို ထောက်ခံကြောင်း ပြသတဲ့ စတစ်ကာတွေ၊ နောက် သမ္မတ Trump ရဲ့ အတိုက်အခံတွေရဲ့ မျက်နှာတွေကိုတော့ ကြက်ခြေခတ်တွေ လုပ်ထားတဲ့ စတစ်ကာတွေ ကပ်ထားတာပါ။ Sayoc ကိုတော့ ဖောက်ခွဲပစ္စည်းတွေကို စာတိုက်ကနေ ပေးပို့ခဲ့သူ အဖြစ် စွပ်စွဲထားပါတယ်။

ဒီကနေ့ တနလာၤနေ့မှာ သူ့ကို တရားရုံး ကြားနာ အပြီးမှာတော့ နယူးယောက်က ဖယ်ဒရယ် တရားရုံး တခုကို လွှဲပြောင်းပေးမယ်လို့ ခန့်မှန်း ထားကြပါတယ်။ စာတိုက်ကနေ ဗုံးတွေ ပေးပို့ခဲ့မှုနဲ့ ဆက်နွယ်ပြီး စွဲချက် ၅ ခုနဲ့ Sayoc ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ သမ္မတဟောင်း Barack Obama ၊ ဒုတိယ သမ္မတဟောင်း Joe Biden၊ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ Donald Trump ရဲ့ ယှဉ်ပြိုင်ဘက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton၊ နောက် သမ္မတ Obama အစိုးရလက်ထက်က ထိပ်တန်း အမျိုးသား လုံခြုံရေး အရာရှိ စတဲ့ ထိပ်တန်းဒီမိုကရက်တွေထံကို ဖောက်ခွဲပစ္စည်းတွေ ပါတဲ့ အထုပ်တွေကို စာတိုက်ကနေ ပေးပို့ခဲ့တာပါ။ Sayoc အနေနဲ့ ပြစ်ဒဏ် ရှိတယ်လို့ ဆုံးဖြတ်ခံရရင်တော့ ထောင်ဒဏ် ၄၈ နှစ်နဲ့ အထက် ကျခံရနိုင်တယ်လို့ ရှေ့နေချုပ် Jeff Sessions ကလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG