သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဘေးရီးယားသမ္မတဟောင်း Charles Taylor ပြစ်မှု ထင်ရှား


လိုင်ဘေးရီးယားသမ္မတဟောင်း ချားလ်စ်တေလာ (Charles Taylor) ကို စစ်ရာဇဝတ် ပြစ်မှုတွေ လူသားမျိုးနွယ်ကို ဆန့်ကျင်စော်ကားတဲ့ ပြစ်မှုတွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့၊ နယ်သာလန်နိုင်ငံ သည်ဟိဂ် (The Hague) မြို့က ဆီးယာရားလီယွန်း (Sierra Lyon) နိုင်ငံ ပြည်တွင်းစစ်ကာလ အတွက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကနေ ဧပြီ ၂၆ ရက်နေ့က ဆုံးဖြတ်ချက် ချမှတ် လိုက်ပါတယ်။

ဆီးယာရားလီယွန်း ပြည်တွင်းစစ်ကာလမှာ သူပုန်တွေကို ချားလ်စ်တေလာက ထောက်ခံပံ့ပိုးမှုတွေ ပေးခဲ့ပြီး၊ သူပုန်တွေရဲ့ လူမဆန်တဲ့ လူ့အခွင့်အရေးချိုးဖေါက် ကျူးလွန်မှုတွေကိုလည်း ချားလ်စ်တေလာက အားပေးအား မြှောက်လုပ်ခဲ့ပါတယ်။

ဆီးယာရားလီယွန်း ပြည်တွင်းစစ်ကာလ အတွင်းက သူပုန်တွေ ကျူးလွန်ခဲ့တဲ့ လူသတ်မှု၊ မုဒိန်းမှု၊ လိင်ကျွန်ပြုမှု၊ ကလေးစစ်သားစုဆောင်းမှု၊ လူသားတွေကို ကျွန်ပြုခိုင်းစေမှုနဲ့ တခြားသော ပြစ်မှုတွေအတွက် ချားလ်စ်တေလာမှာ အပြစ်ရှိတယ်လို့ တရားသူကြီး အဖွဲ့ဝင်အားလုံးက ကန့်ကွက်သူမရှိ တညီတညွတ်ထဲ
ဆုံးဖြတ်ချက်ချခဲ့တယ်လို့ တရားသူကြီးအဖွဲ့ ခေါင်းဆောင် ရစ်ချတ်လပ်စ်ဆစ် (Richard Lussick) က ပြောကြားခဲ့ပါတယ်။

ဂျာမဏီ နိုင်ငံစစ်ရှုံးပြီး ဟစ်တလာ သတ်သေသွားပြီးတဲ့နောက် နိုင်ငံခေါင်းဆောင်အဖြစ် ခေတ္တတာဝန်ယူခဲ့သူ ဂျာမန် ရေတပ်ဗိုလ်ချုပ်ကြီး ကါးလ် ဒိုးနစ်ဇ် (Admiral Karl Donitz) ကို နျူရင်ဘတ် အပြည်ပြည်ဆိုင်ရာ တရားရုံးကနေ ၁၉၄၆ ခုနှစ်မှာ ပြစ်မှုထင်ရှားကြောင်း စီရင်ချက် ချပြီးတဲ့နောက်ပိုင်းမှာ လိုင်ဘေးရီးယား သမ္မတဟောင်း ချားလ်စ်တေလာဟာ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကနေ ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချခံရတဲ့ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးသော နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

လာမယ့် မေလ ၃၀ ရက်နေ့မှာ ချားလ်စ်တေလာကို ပြစ်ဒဏ်ချမှတ်မှာ ဖြစ်တယ်လို့ တရားသူကြီး ရစ်ချတ် လပ်စ်ဆစ် (Richard Lussick) က ပြောပြီးတော့ စွဲချက်တွေအတွက် သူ့မှာ အပြစ်မရှိကြောင်း ချားလ်စ်တေလာက ငြင်းဆိုထားပါတယ်။ ချားလ်စ်တေလာအနေနဲ့ သည်ဟိဂ်မြို့က နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကို အယူခံ တင်ပိုင်ခွင့် ရှိပါတယ်။

XS
SM
MD
LG