သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Charlottesville အဓိကရုဏ်း ၁ ဦးသေ


Charlottesville မြို့က အဓိကရုဏ်း (12 Aug, 2017)
Charlottesville မြို့က အဓိကရုဏ်း (12 Aug, 2017)

အမေရိကန်ပြည်ထောင်စု၊ Virginia ပြည်နယ်၊ Charlottesville မြို့မှာ ဖြစ်ပေါ်နေတဲ့ လူဖြူ လူမျိုးရေးဝါဒီတွေနဲ့ သူတို့ကို ဆန့်ကျင်သူတွေ အကြားက ထိပ်တိုက်ရင်ဆိုင် မှုတွေကြောင့် စနေနေ့ နေ့လည်က လူ(၁)ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။

Charlottesville မြို့လယ် ပန်းခြံအတွင်းမှာ ရှိနေတဲ့ အမေရိကန်ပြည်တွင်းစစ်အတွင်း တောင်ပိုင်းခွဲထွက်ရေး အုပ်စုတွေဘက်က ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Robert E. Lee ရဲ့ ရုပ်ထုကို ဖယ်ရှားမယ့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဲရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ လူဖြူအစွန်းရောက် လူမျိုးရေးအုပ်စုတွေက ဆန္ဒပြကြရာက သောကြာနေ့ ညကစလို့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

xxxxx ဆန္ဒပြပွဲ အသံများ xxxxx

အခုကြားခဲ့ကြရတာကတော့ Virginia ပြည်နယ်၊ Charlottesville မြို့မှာ ချီတက် ဆန္ဒပြနေသူတွေအကြား ကားတစီးက ဝင်ရောက် တိုက်ခိုက်ပြီးတဲ့နောက် ဆန္ဒပြသူတွေ အကြား ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အသံတွေ ဖြစ်ပါတယ်။ အဲဒီကားနဲ့ ဝင်တိုက်ခဲ့တဲ့ အတွက်ကြောင့် ဆန္ဒပြသူ(၁)ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာသွားရ ခဲ့ပါတယ်။

သောကြာနေ့ညက စတင်ခဲ့တဲ့ လူဖြူ အစွန်းရောက် လူမျိုးရေးအုပ်စုတွေရဲ့ ချီတက် ဆန္ဒပြပွဲနဲ့ သူတို့ကို ဆန့်ကျင်တဲ့ တန်ပြန် ဆန္ဒပြသူတွေ အကြား စနေနေ့ နေ့လည်က ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ပေါ်ခဲ့ပြီး အပြန်အလှန် ထိုးနှက် ရိုက်ခတ်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

သမ္မတ Donald Trump ကလည်း အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး အမုန်းတရား ပြန့်ပွားမှုတွေ ရပ်တန့်ကြဖို့ သူအနားယူ အပန်းဖြေနေတဲ့ New Jersey ပြည်နယ်၊ Bedminster မြို့ကနေ ပြောကြားလိုက်ပါတယ်။

“Virginia ပြည်နယ်၊ Charlottesville မြို့မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကျနော်တို့ အနီးကပ် စောင့်ကြည့်နေကြပါတယ်။ ဘက်ပေါင်းစုံကနေ လုပ်ဆောင်နေ ကြတဲ့ အကြမ်းဖက်မှုတွေ၊ တယူသန် အမူအကျင့်တွေ အားလုံးကို အပြင်းထန်ဆုံး နည်းလမ်းနဲ့ ပြစ်တင် ရှုတ်ချပါတယ်။ အခုလို အလားတူ ဖြစ်ရပ်တွေ ကျနော်တို့နိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတာ ကြာခဲ့ပြီ၊ ကျနော့်လက်ထက်မှာရော၊ သမ္မတ အိုဘားမား လက်ထက်မှာပါ ဖြစ်နေခဲ့တာပါ။ ဒီလိုလုပ်ရပ်တွေအတွက် အမေရိကန်နိုင်ငံအတွင်းမှာ နေရာ မရှိပါဘူး။ အခုချိန်မှာ အရေးအကြီးဆုံးကတော့ တရားဥပဒေ စိုးမိုးမှုအတွက် အမြန်ဆုံး ဆောင်ရွက်ပြီး အပြစ်မဲ့သူတွေရဲ့ အသက်ကို အကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လူမှုအသိုင်းဝိုင်းအတွင်းမှာ ရှိကြတဲ့ ဘယ်နိုင်ငံသားမဆို ဘေးန္တရာယ် ကင်းရှင်းမှုနဲ့ လုံခြုံစိတ်ချရမှုအတွက် ကြောက်ရွံ့စရာ မလိုသင့်ပါဘူး။”

ဆန္ဒပြပွဲ အခြေအနေတွေကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့တဲ့ Charlottesville မြို့မှာ နေထိုင်သူ မြန်မာနွယ်ဖွား ကိုညီညီလွင်က သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။

“အခု ဗိုလ်ချုပ်ကြီး Lee ထားတဲ့ ပန်းခြံပေါ့နော်၊ အဲဒီပန်းခြံကို Block (ပိတ်) ထားတယ်၊ Downtown (မြို့လယ်ခေါင်) ကို။ ဘာဖြစ်လို့လဲ ဆိုတော့ ရဲကားက အစီး တော်တော် များတယ်၊ ပတ်ဝန်းကျင်းမှာ ချထားတာ။ အထဲကို ပေးမဝင်ဘူး။ ကျနော်တို့ အပြင်က Public (အများပြည်သူကို) ပေးမဝင်တော့ဘူး။ အထဲမှာတော့ ၂၀၀ ရာကျော်၊ ၃၀၀ လောက် ရှိတယ်တဲ့၊ ပြမယ့်သူ၊ အဲဒီဘက်က၊ ရုပ်ထုကြီး မရွေ့ဘို့ ပြမယ့်သူတွေက။ ရဲက အဲဒီနေရာကို အကုန်လုံး ပိတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညက University (တက္ကသိုလ်) ကျောင်းသားတွေနဲ့ သူတို့ ဟိုဘက်၊ ဒီဘက်ပြတယ်၊ နှစ်ဘက်ပြတယ်၊ ပြဿနာ တက်ခဲ့တယ်။ နောက်ပိုင်း အခြေအနေက အထဲကို မသွားရတော့ ကျနော်တို့ ဘယ်လိုမှ ပြောလို့မရဘူး ဖြစ်နေတယ်။”

သူသွားရောက် ကြည့်ရှုခဲ့တဲ့ စနေနေ့ နေ့လည်ပိုင်းအထိတော့ ဆန္ဒပြသူတွေဟာ ဗိုလ်ချုပ်ကြီး Robert E. Lee ရဲ့ ကြေးရုပ်ရှိရာ မြို့လယ်ခေါင်က ပန်းခြံဆီကို တဖွဲဖွဲ သွားနေကြတုန်း ဖြစ်တဲ့အကြောင်းလည်း သူက အခုလို ဆက်ပြောပြပါတယ်။

“အဲဒီမှာ ဆန္ဒပြတဲ့၊ စာရွက်တွေ ချိုင်းကြားညှပ်ပြီးသွားတဲ့လူ သွားနေကြတယ်၊ အဲဒီဘက်ကို။ နောက်ပိုင်းတော့ ဘယ်လိုဖြစ်မလဲ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောင်နဲ့ မြောက်နဲ့စစ်ဖြစ်တော့ အကိုသိတဲ့အတိုင်းပဲ၊ သူက တောင်ဘက်က ခေါင်းဆောင်လေ။ ကျွန်စံနစ်ကို လိုလားတယ်ပေါ့လေ၊ သူက အဲဒီသဘောပေါ့။ သူကလည်း သူ့ဟာသူ နံမည်ကြီးတဲ့ ဗိုလ်ချုပ်ကြီးဖြစ်တော့ ရှိလက်စ ရှိပေါ့၊ မပြောင်းစေချင်ဘူး၊ တချို့တွေက။ နောက်ပြီးတော့ ကျနော်တို့ ဒီမြို့နယ်၊ ဒီ State (ပြည်နယ်) ကတင် မဟုတ်ဘူး၊ ဒိပြင် State ကလည်း အများကြီးဘဲ၊ သူတို့ဟာသူတို့ ပေါင်းလာမယ်ဆိုပြီး ခေါ်လိုက်တော့ အဲဒီကနေ ဆင်းလာကြတာတွေလည်း ပါမှာပေါ့။ အဲဒါ ကျနော်တို့လည်း သွားကြည့်တာ၊ ရမလားဆိုပြီး၊ Block (ပိတ်) ထားတော့ ကျနော်တို့လည်း ဝင်လို့မရဘူး။ ကျနော်တို့ကျတော့ ကားပေါ်ကပဲ ပတ်ပြီးတော့ ထွက်လာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Block လုပ်ထားတော့ ဆက်လို့လည်း မရဘူးလေ။ အထဲကို ဝင်ခွင့်မပေးတော့ ရဲတွေ တောက်လျှောက် ဟိုဘက် ဒီဘက် အကုန်လုံး ပိတ်ထားတယ်။ ရဲကတော့ အစီးတော်တော်များတယ်။ နောက် မီးသတ်ကားတွေ ရှိတယ်၊ နောက် Ambulance (အရေးပေါ် လူနာတင်) ကားတွေပေါ့၊ အရေးပေါ် ကြက်ခြေနီကားတွေ။ အဲဒါတွေ သူတို့ အရန်သင့်ထားတယ်။ အပေါ်မှာ ဟတ်စကီးကတော့ အပေါ်ကနေ ဝဲပြီး စောင့်ပေးနေတယ်။ မီးသတ်ကား၊ ဆေးရုံကား သူတို့ အကုန် Ready (အဆင်သင့်) လုပ်ထားတယ်၊ အဲဒါမျိုး။”

အမေရိကန် ပြည်တွင်းစစ်အတွင်းက ကျွန်စံနစ်ကို ဆက်ထားလိုတဲ့ တောင်ပိုင်း ခွဲထွက်ရေး အုပ်စုတွေကို ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Robert E. Lee ကို ဂုဏ်ပြုတဲ့အနေနဲ့ Charlottesville မြို့လယ်ခေါင်က ပန်းခြံအတွင်း စိုက်ထူထားတဲ့ သူ့ရဲ့ မြင်းစီး ကြေးရုပ်ကြီးဟာ အမေရိကန်သမိုင်းမှာ အမည်းစက်အဖြစ် ထင်ကျန်နေတဲ့ ကျွန်စနစ်ကို ကိုယ်စားပြုတယ်၊ လူသားအချင်းချင်း တန်းတူ ညီမျှမှုကို ကိုယ်စားမပြုဘူး ဆိုပြီး လက်ရှိ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဖြုတ်ချပစ်ဖို့ ဆုံးဖြတ်လိုက်တာကို ဆန့်ကျင်တဲ့ အနေနဲ့ ပြည်တွင်းစစ် ကာလတုန်းက တည်ရှိခဲ့တဲ့ လူမည်းတွေအပေါ် နှိမ်ချ ဆက်ဆံတဲ့ အယူဝါဒကို ကနေ့အထိ လက်ခံထားတဲ့ လူဖြူ အစွန်းရောက် လူမျိုးရေးအုပ်စုတွေက Unite the Right ဆိုတဲ့ ခေါင်းစဉ်နဲ့ သောကြာနေ့ညမှာ စတင် ချီတက် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ အဲဒီလို ဆန္ဒပြတာကို မလိုလားတဲ့ Black Life Matter လို လူမည်း အခွင့်အရေး တောင်းဆိုတဲ့ အုပ်စုတွေနဲ့ တခြား လူတိုင်း တန်းတူအခွင့်အရေး ရှိတယ်လို့ ယူဆကြသူတွေက တန်ပြန် ဆန္ဒပြကြရာက နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

အမေရိကန် ပြည်တွင်းစစ်အတွင်း တောင်ပိုင်း ခွဲထွက်ရေးအုပ်စုတွေဘက်က ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ ရုပ်ထုတွေ၊ အထိမ်းအမှတ် သင်္ကေတတွေကို ဖြုတ်ချ၊ ပယ်ဖျက်ရေး လှုပ်ရှားမှုတွေ မကြာသေးခင် နှစ်တွေအတွင်း အရှိန်အတော်ရလာခဲ့ပြီး တချို့ ဖြုတ်ချပေးခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

အဲဒီလို ဖြစ်ပေါ်နေတာတွေ မကျေနပ်တာအပြင် လူဖြူတွေရဲ့ အခွင့်အရေးတွေ တဖြည်းဖြည်း ဆုံးရှုံးလာနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူဖြူ အစွန်းရောက်တွေ စုဝေးပြီး လူဦးရေအားဖြင့် ၅ သောင်းလောက်တာရှိတဲ့ ဒီ Charlottesville မြို့မှာ ဆန္ဒပြကြတာကြောင့် ဒီမြို့ကလေးဟာ အမေရိကန်ပြည်ထောင်စုအတွင်းသာမကပဲ တကမ္ဘာလုံးက အာရုံစိုက်ရလောက်တဲ့ လူဖြူတွေနဲ့ လူဖြူမဟုတ်သူတွေ အကြား လူမျိုးရေး ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာခဲ့တာပါ ခင်ဗျား။

Charlottesville အဓိကရုဏ်း ၁ ဦးသေ
please wait

No media source currently available

0:00 0:05:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG