သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ရထားလမ်းစာချုပ် ကင်ညာအတွက် ထိခိုက်ကြောင်း စုံစမ်းတွေ့ရှိ


Standard Gauge ရထားလမ်း
Standard Gauge ရထားလမ်း

ကင်ညာနိုင်ငံမှာ ၂၀၁၄ က တရုတ်နဲ့ ကန်ထရိုက်စာချုပ်ချုပ်ပြီး Standard Gauge ရထားလမ်း တည်ဆောက်လိုက်တာဟာ ကင်ညာနိုင်ငံရဲ့ မဟာဗျူဟာကျ ပိုင်ဆိုင်မှုတွေ အန္တရာယ်တွင်းထဲရောက်အောင် ကင်ညာထိပ်တန်းအရာရှိတွေက တွန်းပို့သလို ဖြစ်နေတယ်လို့ နာမည်ကြီး ကင်ညာသတင်းစာထဲမှာ ဖေါ်ပြပါတယ်။

ဒီလို တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းနဲ့ ရင်းနှီးမြှပ်နှံမှု လုပ်နေတဲ့ထဲမှာ မြန်မာကလည်း အနောက်တောင် ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်တောင်ပိုင်း ယူနန်နယ်အထိပေါက်တဲ့ ရေနံပိုက်လိုင်း အပါအဝင် တခြားရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေလည်း အများအပြားရှိနေတာပါ။ ကင်ညာက တရုတ်ချေးငွေနဲ့ တည်ဆောက်တဲ့ ရထားလမ်းရဲ့ အခြေနေကို VOA သတင်းထောက် Salem Solomon က တင်ပြထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

သာယာတဲ့ ကင်ညာ အမျိုးသားဥယာဉ်တွေကို ဖြတ်ပြီး ဆောက်လုပ်ထားတဲ့ Standard Gauge ရထားလမ်းဟာ ကင်ညာမှာ လွတ်လပ်ရေး ရပြီး နောက်ပိုင်း အကြီးဆုံးအခြေခံ အဆောက်အအုံ စီမံကိန်းတခု ဖြစ်တဲ့အတွက် တိုးတက်မှုပြတဲ့ လက္ခဏာတခုလို မြင်ကြပါတယ်။

ဒီရထားလမ်းဟာ ကင်ညာ ရေရှည်ဖွံ့ဖြိုးရေးအတွက် အထောက်ကူရတယ်လို့ The Next Factory of the world စာအုပ်ရေးသူ Irene Sun ကပြောပါတယ်။

“Standard Gauge ရထားလမ်းဟာ တကယ့်အပြောင်းအလဲကို ဖြစ်စေတာပါ။ အခုဒီရထားလမ်းရှိနေတဲ့အတွက် တဖက်ကနေ နောက်တခြား တဖက်ကို ၅ နာရီ အတွင်းမှာပဲ ရောက်သွားနိုင်ပါပြီ။”

ဒီရထားလမ်းဟာ ကင်ညာရဲ့ မြို့ကြီး ၂ မြို့ဖြစ်တဲ့ Nairobi နဲ့ Mombasa ကို ဆက်ပေးထားတာဖြစ်ပြီး ဒီရထားလမ်း မရှိခင်တုန်းက လမ်းတွေက သိပ်ဆိုးပြီး ဆယ်နာရီ ၁၅ နာရီလောက် သွားရတာပါ။

“ဒါဟာ လူတွေရဲ့ သွားလာရေးအတွက် လုံးဝအပြောင်းအလဲကြီးုဖြစ်သလို ဒီ့ထက်ပိုတာက ကုန်စည်ကူးသန်းရေး အတွက် ပိုအရေးပါမယ်လို့ ထင်ပါတယ်”

ဒါပေမယ့် ကင်ညာက Daily Nation လွတ်လပ်တဲ့သတင်းစာကြီး ကတော့ ဒီစီမံကိန်းမှာ ဖုံးကွယ်ထားတဲ့ စရိတ်တွေ ရှိနိုင်ကြောင်းနဲ့ ရထားလမ်းဆောက်ဖို့ တရုတ်ဆီက အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ ချေးယူတာဟာ ကင်ညာရဲ့ အချုပ်အချာ အာဏာ ပိုင်ဆိုင်မှုနဲ့ သယံဇာတတွေ အတွက် အန္တရာယ်ရှိနိုင်တယ်လို့ ထောက်ပြပါတယ်။

ကင်ညာအစိုးရနဲ့ တရုတ် သွင်းကုန်ထုက်ကုန်ဘဏ် တို့ကြား ၂၀၁၄ တုန်းက ချုပ်ဆိုတဲ့စာချုပ်ထဲက အချက်လက်တွေဟာ ဇန်နဝါရီလ အစောပိုင်းမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး တရုတ်ရဲ့ ဒီစီမံကိန်းဆိုင်ရာ သဘောတူညီချက်တွေနဲ့ ဘယ်လိုပုံစံနဲ့ ချေးငွေချထားတယ် ဆိုတာတွေဟာ တကယ့် ထိပ်တန်းလျှို့ဝှက်ဖြစ်နေပါတယ်။

The Nation သတင်းကတော့ စာချုပ်မိတ္တုကို သူတို့ရခဲ့ပြီး အဲဒီထဲမှာ တကယ်လို့ ချေးငွေပြန်မဆပ်နိုင်ရင် ကင်ညာရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပြန်ဆပ်ရမယ်ဆိုတဲ့ အချက်အတွက် စိုးရိမ်မှုတွေ တိုးရကြောင်းပြောပါတယ်။ ငွေချေးသူ ကင်ညာ ဒါမှမဟုတ် ကင်ညာရဲ့ ဘယ်ပိုင်ဆိုင်မှုမဆို အချုပ်အခြာအာဏာပိုင်ဆိုင်မှုဖြစ်တယ်ဆိုပြီး ချန်ထားခွင့် မရှိဘူး ဆိုတဲ့ စာပိုဒ်ပါနေတယ်လို့ ပြောပါတယ်။

စာချုပ်ထဲမှာ ရထားလမ်း တည်ဆောက်မှုနဲ့ ရထားပြေးဆွဲမှုမှာ တရုတ်ကုန်ပစ္စည်း၊ နည်းပညာနဲ့ ဝန်ဆောင်မှုကို သုံးရမယ်လို့လည်း အတိအကျ ညွှန်းဆိုထားသလို တရုတ်အစိုးရရဲ့ တရားဝင်ခွင့်ပြုစာမပါပဲ စာချုပ်ထဲက အချက်လက်တွေကို ကင်ညာအစိုးရက ထုတ်ပြောခွင့် မရှိကြောင်းလည်း တားမြစ်ထားတာပါ။

ဒါ့အပြင် တရုတ်ဟာ ကြွေးပိအောင်လုပ်တဲ့ နည်းကို သုံးနေတယ်လို့ ဝေဖန်မှုတွေ အတွက် အခိုင်မာဆုံး အချက်အလက်တချို့ကိုလည်း ကောက်နှုတ်ဖေါ်ပြထားပြီး တကယ်လို့ တရုတ်ချေးငွေပြန်မဆပ်နိုင်ရင် ငွေချေးယူတဲ့ နိုင်ငံတွေက သူတို့ရဲ့ မြေ၊ တွင်းထွက် ဒါမှမဟုတ် မဟာဗျူဟာကျ ပိုင်ဆိုင်မှုတွေ သူ့ကို လွှဲပြောင်းပေးဖို့ အတင်း လုပ်ဆောင်ခိုင်းတဲ့ ပုံစံဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဖေါ်ပြပေမယ့် စာချုပ်ကို ဘယ်လိုပုံစံနဲ့ ရခဲ့တယ်၊ ဒီစာချုပ်ဟာ တကယ်အစစ်ဟုတ်မဟုတ် ဘယ်လောက် ခိုင်လုံတယ် ဆိုတာကိုတော့ The Nation က မပြောပါဘူး။

ဒါပေမယ့် ဒီစာတမ်းထဲက ပုံစံဟာ VOA က ဆန်းစစ်ခဲ့တဲ့ တရုတ်ရဲ့ ဒေါ်လာ ထရီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံမယ့် ခါးပတ်လမ်းစီမံကိန်းနဲ့ ဆက်နွယ်နေတဲ့ Serbia, Kyrgyzstan နဲ့ Guyana နိုင်ငံတွေက စီမံကိန်းတွေနဲ့ ဆင်တူနေတာပါ။ ကင်ညာနဲ့ ချုပ်ဆိုတဲ့ စာချုပ်ပါ အချက်တွေဟာ အာဖရိကတလွှားနဲ့ တခြားနေရာတွေမှာ တရုတ်ချေးငွေချတဲ့ ပုံစံကို ထင်ဟပ်စေပါတယ်။

ကင်ညာ SGR ရထားလမ်းစီမံကိန်း ၂၀၁၇ မှာ စတင်ချိန်ကစပြီး ကင်ညာနဲ့ တရုတ် အရာရှိတွေ အဂတိလိုက်စားမှု၊ ခွဲခြားဆက်ဆံမှုနဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ကင်ညာသမ္မတ Uhuru Kenyatta ကတော့ တရုတ်ဆီက ငွေချေးတာဟာ သူ့နိုင်ငံအတွက် မထိခိုက်ဘူးလို့ ဆိုပါတယ်။

“မိတ်ဆွေတို့။ ကျနော်တို့ ငွေပြန်ဆပ်တာဟာ သူ့ချိန်ထက် ဘယ်တော့မှ နောက်မကျသလို ဘာချည်နှောင်မှုမှလဲ မရှိပါဘူး။ ကင်ညာနိုင်ငံ တိုးတက်မှုရှိဖို့ လိုတယ်ဆိုတာ နားလည်မှု ရှိသူနဲ့ လက်တွဲလုပ်နေတာပါ။ ဒီအထဲမှာ တရုတ်လဲပါပါတယ်။ တရုတ်ဟာ ကင်ညာတိုးတက်မှု အတွက် ခိုင်ခိုင်မာမာ ထောက်ခံသူပါ။”

ကင်ညာတိုးတက်ဖို့ တရုတ်ဆီက ငွေဆက်ချေးနေမယ်လို့လည်း ကင်ညာ သမ္မတက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


တရုတ်ခါးပတ်လမ်း စီမံကိန်းနဲ့ ကင်ညာအတွက် ကြွေးမြီ
please wait

No media source currently available

0:00 0:03:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG