သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်အခတ် ရပ်ရေး အစိုးရဘက်နဲ့ ကွဲလွဲမှု တိုင်းရင်းသား အင်အားစု ညှိနှိုင်း


ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထိုင်းနိုင်ငံ ချင်းမိုင်မြို့ က တွေ့ဆုံဆွေးနွေးပွဲ (သတင်းဓာတ်ပုံCredite to- ဦးညိုအုန်းမြင့် FB)
ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထိုင်းနိုင်ငံ ချင်းမိုင်မြို့ က တွေ့ဆုံဆွေးနွေးပွဲ (သတင်းဓာတ်ပုံCredite to- ဦးညိုအုန်းမြင့် FB)
မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အမြင် မတူညီမှုတွေကို ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲ အတွင်း ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးနဲ့ အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ယုံကြည်မှုအားနည်းနေတာကို ဘယ်လိုလျှော့ချမလဲ ဆိုတဲ့ကိစ္စ အဓိကထား ဆွေးနွေးနိုင်ခဲ့ကြတယ် လို့ ဆွေးနွေးပွဲတက်ရောက်သူတွေက ပြောပါတယ်။ ဒီတော့ အခုဆွေးနွေးပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘာတွေ အထောက်အကူဖြစ်စေပါသလဲဆိုတာ ဆက်သွယ်မေး မြန်းထားတဲ့ မနန္ဒာချမ်းက ပြောပြပေးထားပါတယ်။

ပြည်တွင်းက နိုင်ငံရေးပါတီ ၁၁ ပါတီနဲ့ အစိုးရနဲ့ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးနေတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီက ခေါင်းဆောင်တွေ ဒီကနေ့ ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြ ပြီးတော့ - လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိစ္စကို ဆွေးနွေးပြောဆိုခဲ့ ကြတာပါ။

အဓိကကတော့ - ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးမှုတွေမှာ အဟန့်အတားဖြစ်နေတဲ့ ပြည်ထောင်စုတပ်မတော်ကိစ္စနဲ့ နှစ်ဘက်ရေးဆွဲထားတဲ့ မူကြမ်းတွေမှာ အမြင်ချင်းမတူတာတွေကို ဆွေးနွေးနိုင်ခဲ့ကြ တယ်လို့ ရန်ကုန်တိုင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်အေးမောင် က ပြောပါတယ်။

"ဒီနေ့ဘာရလာဒ်တွေထွက်လာသလဲဆိုတော့ လိုင်ဇာညီလာခံမှာ ပြည်ထောင်စု တပ်မတော်တစ်ခု ဖွဲ့စည်းမယ်ဆိုတဲ့ အချက်ကို တပ်မတော်ဘက်ကလည်း ဒါစိုးရိမ်စရာပဲဗျ။ တပ်မတော်ဘက်ကလည်း စိုးရိမ်စရာမရှိဘူးဆိုတဲ့ အဖြေတစ်ခုထွက်သွားတယ်။ ပြည်ထောင်စုတပ်မတော်ဆိုတာ လက်ရှိတပ်မတော်ထဲမှာ တိုင်းရင်းသားတွေ။ ဥပမာ ဗိုလ်သင်တန်း တက်ဖို့အတွက် တိုင်းရင်းသားတွေကို အများကြီးခွင့်ပေးမယ်။ လက်ရှိတပ်မတော်မှာ တိုင်းရင်းသားတွေ အများကြီးပါဝင်လာစေချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ Urgenda ထည့်တယ်လို့ ကျနော်တို့သိလိုက်ရတယ်။

အဲဒါဟာ လက်ရှိတပ်မတော် နဲ့ နောက်ထပ် တပ်မတော်တစ်ခုဖွဲ့ဖို့ မဟုတ်ဘူးဆိုတာသိရတဲ့အတွက် ငြိမ်းချမ်းရေး ပရောဆက်မှာ ဒါကျနော်တို့ အနှောက်အယှက် မဟုတ်ဘူးဆိုတာ Clearity ဖြစ်သွားပါတယ်။ နောက်တစ်ခုက လတ်နှက်ကိုင်တော်လှန်ရတယ်ဆိုတာ စစ်မှန်တဲ့ ဖဒရယ်ပြည်ထောင်စုတစ်ခုဖြစ်ဖို့ ၊ တန်းတူအခွင့်အရေးရဖို့၊ ဒီဟာတွေအတွက် လက်နှက်ကိုင်တော်လှန်ခဲ့ရတယ်ပေါ့နော်။ လက်နှက်ကိုင်တော်လှန်ခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ လက်နှက်ကိုင်တော်လှန်လို့အဖြေကမထွက်ဘူး။ အဲဒီတော့ On Paper မှာပဲ ဖြေရှင်းမှရမယ်လို့သူတို့လည်းလက်ခံလာတယ်။ အစိုးရကလည်း အဲလိုပဲ လက်ခံလာတယ်။ အဲလို On Table ဖြေရှင်းရင် ဒီ ငြိမ်းချမ်းရေး ပရောဆက် မအောင်မြင်စရာမရှိဘူး။ ဆိုပြီး Awareness ပေးခဲ့ရပါတယ်။"

ဒါ့အပြင် တရားမဝင်အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ညိစွန်းတယ်လို့ သတ်မှတ်ခံထားရတဲ့ တချို့ တိုင်းရင်းသားခေါင်းဆောင်တွေကို လည်း ပြည်တွင်းမှာ အစိုးရကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ကို ထပ်မံ ကမ်းလှမ်းခဲ့တယ်လို့ ဦးဇော်အေးမောင် က ဆက်ပြောပါတယ်။

"အခုဒီအဖွဲ့ထဲမှာဆိုလို့ရှိရင် ကေအန်ယူရယ် ကေအိုင်အိုရယ် နှစ်ဖွဲ့ မြန်မာနိုင်ငံ
ပြည်တွင်းကို ပြန်ဝင်လာတယ်။ မွန်အဖွဲ့တို့ ဦးနိုင်ဟန်သာ တို့ဘာတို့လာပါ။ ကျနော်တို့ ဖိတ်ခေါ်ပါတယ်လို့။ အဲဒီတော့ သူတို့ ကပြောပါတယ်။ ၁၇/၁ အရ သူတို့က ငြိနေတယ်တဲ့။ ၁၇/၁ ကိုဖျက်ပေးပါလို့။ ၁၇/၁ ကိုဖျက်မယ်ဆိုရင် အခြားနိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးနေတဲ့ အဖွဲ့တွေပါ လွတ်သွားမယ်။ အဲဒါကြောင့် အန်ကယ်တို့သာ တကယ်လို့သာ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် တကယ် စိတ်ကောင်းစေတနာကောင်းနဲ့ လာမယ်ဆိုလို့ရှိရင် ဝန်ကြီးဦးအောင်မင်းကလည်း မှာလိုက်ပါတယ်။ ၁၇/၁ထဲမှာ ပါဝင်နေတဲ့ အဖွဲ့ပေမဲ့လည်း သူတို့ တာဝန်ယူတယ်။ လုံးဝအဖမ်းအဆီးမခံရအောင် တာဝန်ယူတယ်ဆိုတာ သတင်းလေးကို ပါးလိုက်ပါတယ်။"

UNFC အနေနဲ့ကတော့ ဒီဆွေးနွေးပွဲဟာ ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် တွေအကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အပြန်အလှန် အမြင်ချင်းဖလှယ်ခဲ့ကြတာသာဖြစ်ပြီး၊ တကယ့် ဆွေးနွေးပွဲတွေ အောင်မြင်ဖို့ကတော့ အစိုးရတာဝန်ရှိသူတွေနဲ့ တိုက်ရိုက် ပြေလည်အောင် ဆွေးနွေးနိုင်မှရမယ်လို့ UNFC အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟံသာ က ပြောဆိုခဲ့ပါတယ်။

"ဒီနေ့တွေ့ဆုံတဲ့ ဆွေးနွေးပွဲက ဒါက ဟိုဘက်ကလာတဲ့ တရားဝင်ကိုယ်စားလှယ်တွေမဟုတ်ဘူး။ သူတို့က နိုင်ငံရေးပါတီတွေက။ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ နဲနဲတွေ့ဆုံနိုင်ဖို့ပေါ့လေ။ အမြင်တွေဖလှယ်ဖို့ ဆိုတဲ့သဘောလောက်ပဲ လွှတ်လာတာဖြစ်တယ်လေ။ ဆွေးနွေးမှုကလည်း သူတို့သဘောထားအမြင်တွေနဲ့ အန်ကယ်တို့ အမြင်သဘောထားတွေကို နဲနဲညှိနှိုင်းကြတယ်။ အဲမှာ တစ်ချို့လည်း အမြင်နီးစပ်မှုရှိတယ်ပေါ့လေ။ အဲသဘောတွေပဲ။ ဒီလောက်ပါပဲ။ ဟို အန်ကယ်တို့နဲ့ သူတို့နဲ့နားလည်မှုရှိတယ် ဆိုပေမယ့် အချို့ကိစ္စတွေမှာ နီးစပ်တယ်။ နားလည်မှု ပိုရှိလာတယ်။ ဒါပေမယ့်အဲဒါကို အဓိကကတော့ အစိုးရဘက်နဲ့ စကားပြောရမယ့် ကိစ္စဖြစ်တော့ သူတို့ကလည်း အဆုံးအဖြတ်ပေးနိုင်တဲ့လူတွေ မဟုတ်ဘူးလေ။"

UNFC အဖွဲ့ဟာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းနိုင်ငံရေးပါတီတွေဟာ UNFC အဖွဲ့ဝင်မဟုတ်တဲ့ RCSS/SSA နဲ့ရော၊ ချင်းမိုင်အခြေစိုက် WLB မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်နဲ့လည်း ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဗိုလ်ချုပ်ကြီးယောဆတ်ဦးဆောင်တဲ့ RCSS/SSA အဖွဲ့ကတော့ သူတို့ရဲ့မူဟာ အစိုးရက ရေးဆွဲထားတဲ့မူနဲ့ တူပြီး - မကြာခင်မှာ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး နိုင်မယ်လို့ ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်ပြောဆိုခဲ့တယ်လို့ ဦးဇော်အေးမောင် က ပြောဆိုခဲ့ပါတယ်။

မနက်ဖြန်ကျရင်တော့ ဒီနိုင်ငံရေးပါတီကိုယ်စားလှယ်တွေဟာ ကျန်တဲ့ တိုင်းရင်းသားလူငယ်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးပြီးရင်တော့ သူတို့ရဲ့ ၂ ရက်ကြာခရီးစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။
XS
SM
MD
LG