သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်မှာ ကျေးရွာအုပ်ချုပ်ရေးမှူ း ပစ်သတ်ခံရ


ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရာအိမ်မှူး ဒေါ်နန္ဒာလှိုင် ကို ရပ်ကွက်အုပ်ချုပ်ရေး အစည်းအဝေးတွင်တွေ့ရစဉ် (သတင်းဓါတ်ပုံ- Zaw Moe Htet)
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရာအိမ်မှူး ဒေါ်နန္ဒာလှိုင် ကို ရပ်ကွက်အုပ်ချုပ်ရေး အစည်းအဝေးတွင်တွေ့ရစဉ် (သတင်းဓါတ်ပုံ- Zaw Moe Htet)

လက်နက်ကိုင် တိုက်ပွဲတွေနဲ့ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ကချင်ပြည်နယ်တွင်းက ဖားကန့်ဒေသမှာ အခုနောက်ဆုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးဟာ အမည်မသိ သေနတ်သမားတွေ လက်ချက်နဲ့ နေအိမ်မှာ သေဆုံးသွားပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်တွင်းမှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ မြန်မာအစိုးရတပ်တွေကြား ပဋိပက္ခတွေလည်း ဆက်လက် ဖြစ်ပွားနေတဲ့အတွက် ဒေသတွင်း တည်ငြိမ်မှုအပေါ် စိုးရိမ်မှုတွေလည်း တိုးပွားလာနေပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ကတင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဖားကန့် ဒေသက ဆိပ်မူ ဆိုင်းတောင် ကျေးရွာ အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးကို နေအိမ်ထဲအထိ ဝင်ရောက်ပြီး သေနတ်သမားတွေ ပစ်ခတ်ခဲ့ရာက သေဆုံးခဲ့တာပါ။ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ မော်ရှန် ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တဦးဖြစ်ပြီး ဒေသတွင်း ရွာသားတွေရဲ့ အကျိုးစီးပွားကို ဦးဆောင်ဖြေရှင်းပေးနေသူ တဦးဖြစ်တယ်လို့ ဖားကန့် ဒေသခံသတင်းထောက်တဦးဖြစ်တဲ့ ဦးဇော်မိုးထက်ကပြောပါတယ်။

အခုဆိုရင်တော့ ဒေါ်နန္ဒာလှိုင်ကို ရင်ခွဲစစ်ဆေးပြီး အလောင်းကို နေအိမ်ကို ပြန်သယ်လာပြီဖြစ်သလို မူခင်းဖြစ်တဲ့နေရာကို စစ်တပ်ဘက်က လုံခြုံရေးယူထားပြီး ရဲလုံခြုံရေးတွေဘက်က အမှုကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ဦးဇော်မိုးထက်က မှုခင်းနောက်ဆုံးအခြေအနေ အခုလိုပြောပြပါတယ်။

“သူ့အိမ်က ကျည်ဆံ ၁၀ တောင့်လောက်လည်း ဒီကနေ့ ရှာဖွေတဲ့နေရာမှာတွေ့တယ်။ ဖြစ်သွားတာက ပထမ လူ ၂ ယောက်က ဒေါ်နန္ဒာလှိုင်က ရာအိမ်မှူးဆိုတော့ ဆိုင်ကယ်ပျောက်တဲ့အကြောင်း လာတိုင်တာပေါ့နော်။ လူ ၂ ယောက် ဝင်လာတယ်ပေါ့နော်။ လာသတင်းပို့တယ်။ အဲဒီလူ ၂ ယောက် သတင်းပို့နေတုန်း မရှေးမနှောင်းမှာပဲ နောက်ထပ် လူ ၁ ယောက်ဝင်လာပြီးတော့မှ ကပ်ပြီးပစ်သွားတာပေါ့နော်။ ပထမလာတဲ့လူရော အားလုံးပေါင်း ၃ ယော်ပေါ့ ၊ အဲလိုပစ်သွားတယ်လို့ပြောတယ်။ ဖားကန့်ရဲစခန်းကတော့ အဲဒီကိစ္စကို ချက်ချင်းအဖြေမပေးသေးဘူးခင်ဗျ ကျနော်တို့ဆက်သွယ်မေးမြန်းကြည့်တဲ့အခါကျတော့။ မနန္ဒာလှိုင် သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အကြောင်းကိုတော့ confirm လုပ်ပေးတယ်ပေါ့နော်။ ဒီဟာကတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ပစ်တယ်ဆိုတာကတော့ ပြောဆိုလို့မရဘူးဆိုတာလည်း ပြောတယ်ခင်ဗျ။”

အခင်းဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

လောင်းကစားမှုတွေ၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေ နဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသဟာ လုံခြုံရေး စိုးရိမ်စရာရှိပြီး ဒေသတွင်း တည်ငြိမ်မှုအတွက် သက်ဆိုင်ရာအာဏာပိုင်တွေဘက်က တင်းကျပ်စွာအရေးယူဆောင်ရွက်ဖို့ အရေးကြီး လိုအပ်တယ်လို့လည်း ဒေသခံသတင်းသမား ဦးဇော်မိုးထက်ကပြောပါတယ်။

အခုလို ရပ်ကွက်အုပ်ချုပ်ရေးမှူးအသတ်ခံလိုက်ရတဲ့ ဖားကန့်ဒေသအပါအဝင် ကချင်ပြည်နယ်တွင်းမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ဒေသတွင်းလုံခြုံမှုရှိစေရေး ကချင်ပြည်နယ်အစိုးရ၊ အစိုးရစစ်တပ်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က တရားဥပဒေစိုးမိုးမှုရှိစေရေး အလေးထား ဆောင်ရွက်ပေးဖို့ကိုလည်း ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက တိုက်တွန်းပါတယ်။ အခုဖြစ်ရပ်ဟာ တရားဥပဒေစိုးမိုးမှုအားနည်းနေတာကို ပြသလိုက်တာဖြစ်တယ်လို့လည်း ဒေါက်တာတူးဂျာကပြောပါတယ်။

“ဟုတ်ကဲ့ ဒါက တရားဥပဒေစိုးမိုးရေး အဓိကဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို ပြီပြီပြင်ပြင် ၊ အောင်အောင်မြင်မြင် ထိထိရောက်ရောက်ကိုင်တွယ်ပေးနိုင်ဖို့ ကျင့်သုံးပေးနိုင်ဖို့တော့လိုအပ်မယ်။ အခုအထူးသဖြင့် ဖားကန့်ဒေသမှာ ကျနော်တို့ ကြားရတာတောင်မှ တော်တော်လေး စိတ်မကောင်းစရာသတင်းတွေထွက်နေတယ်။ ဒါမျိုးတွေ ကျနော်တို့ ဆက်မဖြစ်စေချင်ပါဘူး။ လက်ရှိအစိုးရအနေနဲ့လည်း တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီး တာဝန်ယူဆောင်ရွက်ပေးစေချင်ပါတယ်။”

ကချင်ပြည်နယ် ရှမ်းပြည်နယ်ဘက်တွေမှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေ တာကြောင့် အခုလို နယ်မြေတွင်း တည်ငြိမ်အေးချမ်းမှုလျော့နည်းပြီး တရားဥပဒေစိုးမိုးမှု အားနည်းလာရ တာဖြစ်တယ်ဆိုတာကိုလည်း ဒေါက်တာတူးဂျာက ထောက်ပြဝေဖန်ပါတယ်။

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကချင်ပြည်နယ်တွင်း ဒေသတွင်း လုံခြုံရေးနဲ့ပတ်သက်လို့ အခုလိုမေးခွန်းထုတ် ဝေဖန်နေကြချိန်မှာပဲ ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ဘက်မှာလည်း ကချင်လွတ်မြောက်ရေးတပ်နဲ့ မြန်မာအစိုးရ စစ်တပ်တို့ မေလ ၂၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သလို ရှမ်းပြည်နယ် မြောက်ပိုင်း မန်ပင်းကျေးရွာ အနီးမှာလည်း ကချင်လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေဖြစ်ပွားရာ ကနေ မန်ပင်းကျေးရွာ မီးလောင်ကျွမ်းခဲ့ရတယ်လို့ ကချင်ဒေသတွင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG