အမေရိကန်ပြည်ထောင်စုရဲ့ Child Soldiers Prevention Act “ကလေးစစ်သား အသုံးပြုမှုအကာအကွယ်ပေးရေး ဥပဒေ” အရ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ စစ်ရေးအကူအညီတွေ ပိတ်ပင် ခံရတဲ့ နိုင်ငံစာရင်းထဲမှာ ပါရှိနေတုန်းပါ။ ဒါပေမယ့်လည်း အမေရိကန် မြန်မာ ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကောင်းမွန်တိုးတက်လာတာနဲ့အတူ အချို့ စစ်ရေးဆက်ဆံမှုတွေတော့ ရှိနေဆဲဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အမေရိကန်လွှတ်တော်က ပြဌာန်းထားတဲ့ Child Soldiers Prevention Act အရ ကလေးစစ်သားအသုံးပြုတဲ့နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုက အရေးယူဆောင်ရွက်လျှက်ရှိရာမှာ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားတဲ့ ကလေးစစ်သားအသုံးပြုတဲ့နိုင်ငံ ၁၀ နိုင်ငံစာရင်း ပြုစုထားပါတယ်။ အဲဒီအထဲက ယီမန်၊ ချာဒ် နဲ့ တောင်ဆူဒန်နိုင်ငံ သုံးနိုင်ငံကိုတော့ သမ္မတအမိန့်နဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ တားမြစ်အရေးယူမှုကနေ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဆိုမားလီယားနဲ့ ကွန်ဂိုသမ္မတနိုင်ငံတို့ကိုလည်း တစိတ်တပိုင်း ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကျန် ငါးနိုင်ငံကိုတော့ အမေရိကန်ပြည်ထောင်စုက နေ စစ်ရေးအကူအညီမပေးရဘူးဆိုတဲ့ ပိတ်ပင်ချက်ထဲမှာ ဆက်ထားပါတယ်။
အဲဒီအထဲမှာ မြန်မာနိုင်ငံလည်းပါဝင်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ သူ Marie Harf က ပြီးခဲ့တဲ့ သီတင်းပတ် သတင်းစာရှင်းလင်းပွဲ အတွင်း ပြောခဲ့တာပါ။
“စာရင်းအရ ပိတ်ဆို့ခံရတဲ့စာရင်းဟာ မြန်မာနိုင်ငံ၊ ဗဟိုအာဖရိကသမတနိုင်ငံ၊ ရ၀မ်ဒါ၊ ဆူဒန်နဲ့ ဆီးရီယားနိုင်ငံတို့ ဖြစ်ကြပါတယ်။”
ဒါပေမယ့်လို့လည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့တော့ အခြားနယ်ပယ်တွေမှာ အကူအညီပေး ဆောင်ရွက်နေတာတွေတော့ ရှိတယ်ဆိုတာကို နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ၀န်ခံပါတယ်။ မြန်မာနဲ့ အမေရိကန်အကြား စစ်ရေးဆက်ဆံမှုတွေ ပြီးခဲ့တဲ့ နှစ်ပိုင်းကတည်းက တဖြည်းဖြည်းနဲ့ စခဲ့တာပါ။
အဓိက ကတော့ နှစ်ဖက် စစ်ဖက်အရာရှိကြီးတွေအကြား အပြန်အလှန်တွေ့ဆုံဆွေးနွေးတာတွေနဲ့ လူ့အခွင့်အရေးကိစ္စလိုမျိုး သင်တန်းတွေ ဆွေးနွေးမှုတွေ နှစ်ဖက် စစ်တပ်အကြား ပြုလုပ်တာတွေ ရှိနေပါတယ်။ နှစ်နိုင်ငံ စစ်ဖက်ကိုယ်စားလှယ်တွေလည်း အပြန်အလှန် လည်ပတ်သွားလာမှုရှိပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံကို အခုလို စစ်ရေးအကူအညီမပေးရ ပိတ်ဆို့ထားတဲ့ ငါးနိုင်ငံစာရင်းထဲမှာ ထည့်ထားပေမယ့်၊ မြန်မာနဲ့ စစ်ရေးဆက်ဆံမှု မြန်မာစစ်တပ်ကို အကူအညီပေးမှုတွေနဲ့ပတ်သက်လို့တော့ မေးမြန်းချက်တွေကို နိုင်ငံခြားရေးဌာနက ရှင်းရှင်းလင်းလင်း မဖြေနိုင်ခဲ့ပါဘူး။ ကလေးစစ်သား အသုံးပြုမှု ကာကွယ်တားဆီးရေးနဲ့ပတ်သက်လို့တော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရကို ဆွေးနွေးညှိနှိုင်းတာတွေရှိနေပြီး တိုးတက်မှု အချို့လည်း ရှိတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဖြေခဲ့ပါတယ်။
“မြန်မာနိုင်ငံအစိုးရအနေနဲ့ ကလေးစစ်သားအသုံးပြုမှု တိုက်ဖျက်ရေး အစီအစဉ်အပေါ်မှာ ကုလသမဂ္ဂနဲ့ဆောင်ရွက်ဖို့ ၂၀၁၂ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒီအတွက်လည်း ငါးနှစ်ကျော်လောက် အချိန်ယူ ညှိနှိုင်းခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ကလည်း သံတမန်ရေးအရ မြန်မာအစိုးရကို တွန်းအားပေးဆောင်ရွက်သွားမှာပါ။ ဥပမာပြောရရင်တော့ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး အနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းတုန်းက လူကုန်ကူးမှုဆိုင်ရာနှစ်နိုင်ငံဆွေးနွေးပွဲမှာ အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ ဒီကိစ္စကို ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဒီ ဆွေးနွေးမှုတွေ ဆက်လုပ်သွားမှာပါ။ တိုးတက်မှုအချို့လည်း ရခဲ့သလို ရှေ့ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။”
အခုလို စစ်ရေးအကူအညီမပေးရ တားမြစ်ချက်အရဆိုရင်တော့ အမေရိကန်ပြည်ထောင်စု စစ်တပ်ရဲ့ နိုင်ငံတကာ စစ်ရေးပညာပေးမှုနဲ့သင်တန်းပိုင်းတွေ၊ စစ်ရေးပိုင်းမှာ ငွေကြေးပတ်သက်မှုတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၀၉ ခုနှစ် ဥပဒေအတည်ဖြစ်ကတည်းက အမေရိကန်ပြည်ထောင်စုရဲ့ ကလေး စစ်သား အသုံးပြုမှုအကာအကွယ်ပေးရေး ဥပဒေအောက်မှာ ပိတ်ဆို့မှုအရ အကျုံးဝင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာပြီးနောက်ပိုင်း ကလေးစစ်သားအသုံးပြုမှု ကျဆင်းလာတယ်ဆိုပေမယ့် အသုံးပြုမှုကတော့ ဆက်ရှိနေတုန်းပဲလို့ အစီရင်ခံစာတွေမှာ ဖော်ပြကြပါတယ်။ အခုလို အမေရိကန်ရဲ့ စစ်ရေးအကူအညီမပေးရ ပိတ်ဆို့တဲ့ ငါးနိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင်နေတဲ့ကိစ္စဟာ လက်ရှိ မြန်မာနဲ့ အမေရိကန် စစ်ရေးဆက်ဆံမှုကို ဘယ်လောက်ထိခိုက်နိုင်မလဲဆိုတာ အမေရိကန် နိုင်ငံခြားရေးဌာနကို မေးမြန်းထားရာမှာတော့ တုံ့ပြန်ချက်မရသေးပါဘူး။