သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဒဏ်ခတ်တာ မြန်မာ ပြု ပြင်စေဖို့


မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေး စစ်သားတွေကို မိဘထံပြန်လည် အပ်နှံတဲ့အခမ်းအနား ( စက်တင်ဘာ ၃၊ ၂၀၁၂)
မြန်မာစစ်တပ်က အသက်မပြည့်သေးတဲ့ ကလေး စစ်သားတွေကို မိဘထံပြန်လည် အပ်နှံတဲ့အခမ်းအနား ( စက်တင်ဘာ ၃၊ ၂၀၁၂)

ကလေးစစ်သား အသုံးပြုမှုနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူခံရတဲ့ စာရင်းထဲမှာ မြန်မာနိုင်ငံ ဆက်ပြီး ပါဝင်နေပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီလို လူ့အခွင့်အရေးအခြေအနေတွေအပေါ် အပြစ်ပေးအရေးုယူမှု သက်သက်မဟုတ်ပဲ၊ ပြောင်းလဲလာအောင် ထိစပ်ပြီး ပြောဆိုစည်းရုံးတာတွေလည်း လုပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိက ပြောသွားပါတယ်။ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ဆက်ပေးမှာပါ။

အမေရိကန်သမ္မတအနေနဲ့ လွှတ်တော်ကို နှစ်စဉ်တင်သွင်းရတဲ့ နိုင်ငံတကာ ကလေးစစ်သား အသုံးပြုမှု ဟန့်တားရေး အစီရင်ခံစာမှာ ကမ္ဘာအဝှမ်း ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံ ၉ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံကို ထည့်သွင်းထား တာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေအထဲ နိုင်ငံအတော်များများကို အရေးယူ ဒဏ်ခတ်မှုစာရင်းကိ ုလျှော့ပေါ့ပေးတာတွေရှိပေမယ့် မြန်မာ၊ ဆူဒန်နဲ့ ဆီးရီယားနိုင်ငံ သုံးနိုင်ငံကိုတော့ ဒဏ်ခတ်မှု လျှော့ပေါ့ပေးတဲ့စာရင်းထဲ မထည့်ခဲ့ပါဘူး။

မြန်မာနိုင်ငံတွင်း အစိုးရရော သူပုန်တွေကပါ ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေ လုပ်နေကြတယ်လို့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Kozat က နယူးယောက် Foreign Press Center မှာ ဒီနေ့ လုပ်တဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သတင်းကောင်းတခုကတော့ မြန်မာစစ်တပ်က ကလေးစစ်သားတွေကို ပြန်လွှတ်ပေးတာဖြစ်ပြီး၊ သတင်းဆိုးကတော့ ကလေးစစ်သား စုဆောင်းမှုတွေ ဆက်လုပ်နေတာပါပဲ။ လွှတ်ပေးတဲ့အတွက် ချီးကျူးခံရပေမယ့်၊ ဆက်လက်စုဆောင်းမှုတွေ ရှိနေသေးတော့ အခြေအနေတွေက တိုးတက်လာတယ်လို့ ပြောလို့မရပါဘူး။ ဒါကြောင့် ကလေးစစ်သားတွေကို ပြန်လွှတ်ပေးတာ ဆက်လုပ်ပြီး၊ ကလေးစစ်သား စုဆောင်းတာတွေကို ရပ်တန့်သွားဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ”

မြန်မာနိုင်ငံကို ဒီအစီရင်ခံစာရဲ့ အရေးယူမှုစာရင်းထဲမှာ အခုလို ထည့်သွင်း ထားတာကြောင့် အမေရိကန်အနေနဲ့ စစ်ဖက်ဆိုင်ရာ အကူအညီတွေ မြန်မာနိုင်ငံ ကို ပေးခွင့်မရှိပါဘူး။ ဒါပေမယ့် တဖက်မှာတော့ အမေရိကန် မြန်မာ ဆက်ဆံရေးက ဟိုးအရင်ကထက်စာရင် တိုးတက်လာတယ်လို့ ဆိုရမှာပါ။ အမေရိကန်သမတ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့အပြင် အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိ အတော်များများ မြန်မာနိုင်ငံကို ဒီနှစ်ပိုင်းအတွင်း မကြာမကြာ သွားခဲ့ကြတာပါ။

ဒါ့အပြင် စစ်ဖက်ကဆိုရင် အမေရိကန်စစ်တပ် ပစိဖိတ်ဒေသ ဒုတိယ အကြီးအကဲနဲ့ နိုင်ငံခြားရေးဌာန လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Tom Malinosky တို့ မြန်မာနိုင်ငံ သွားပြီး မြန်မာစစ်တပ် အရာရှိတွေနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ ဒီလို ထိတွေ့ဆက်ဆံမှုတွေဟာ အပြောင်းအလဲတွေ အားပေးဖို့ ဖြစ်တယ်လို့ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Kozat က ပြောပါတယ်။

“အခြေခံအားဖြင့်တော့ စစ်တပ်ဟာ ပြည်သူ့ဝန်ထမ်းစစ်စစ်ဖြစ်ဖို့နဲ့ ကလေးစစ်သားစုဆောင်းမှုအပါအဝင် လူ့အခွင့်အရေးအခြေအနေတွေအပေါ် ဘယ်လို တုန့်ပြန်မလဲဆိုတာကို ဆွေးနွေး ပြောဆိုကြတာပါ။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ရည်ရွယ်ချက်ဟာ သူတို့ရဲ့ ဆိုးဝါးတဲ့လုပ်ရပ်တွေအပေါ် အပြစ်ပေးဒဏ်ခတ်ဖို့မဟုတ်ဘူး၊ သူတို့ရဲ့ ဒီလုပ်ရပ်တွေ ပြောင်းလဲလာအောင် ပြောဆို စည်းရုံးဖို့ဖြစ်ပါတယ်။”

မြန်မာနိုင်ငံအနေနဲ့ အခုနှစ်ပိုင်းအတွင်း ယေဘူယျအားဖြင့် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာပြီး ဒီတိုးတက်မှုတွေအပေါ် အားပေးရမှာဖြစ်သလို၊ တဖက်မှာ လိုအပ်ချက်တွေကိုတော့ ထောက်ပြသွားရဦးမယ်လို့လည်း ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Kozat က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံထဲ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာတာတွေ တွေ့ရပါတယ်။ ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာစေတယ် ဆိုပြီး သူတို့ကို အားပေးနေတာပါ။ ဒါပေမယ့်လို့ ဒီတိုးတက်မှုအချို့နဲ့တော့ နှစ်ဖက် ဆက်ဆံရေးကြီး လုံး၀ ကောင်းမွန် သွားမှာမဟုတ်ပါဘူး။ ပြောစရာရှိတာတွေ ဆက်ပြောသွားမှာပါ။ ဒီမူဝါဒမျိုး ကျနော်တို့ အရင်ကတည်းက ပြောပါတယ်။ လုပ်ရပ်တခုချင်းအပေါ်မှာ တုန့်ပြန်သွားမယ်ဆိုပြီး ပြောထားတာပါ။ ”

မြန်မာအစိုးရအနေနဲ့ ကလေးစစ်သားအသုံးပြုမှု ရပ်တန့်ရေးအတွက် ၂၀၁၂ ခုနှစ်တုန်းက ကုလသမဂ္ဂနဲ့ သဘောတူညီချက်လက်မှတ်ထိုးပြီး ကလေးစ်သားအသုံးပြုမှု ဟန့်တားရေးအစီအစဉ်တွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို အခြေအနေတွေအပေါ် ကြိုဆိုပေမယ့် တဖက်မှာ တကယ်ပဲ အခြေအနေတွေ တိုးတက်လာဖို့ မြန်မာအနေနဲ့ ဆက်ပြီး ဆောင်ရွက်သွားစရာတွေရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဝေဖန်ခဲ့ကြတာပါ။

XS
SM
MD
LG