သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် သဘာဝဘေး ပြန်လည်ထူထောင်ရေး အလှမ်းဝေးဆဲ


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ သမိုင်းဝင်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက အာရုံစိုက်နေချိန်မှာပဲ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ သဘာဝဘေး ဒဏ်ကနေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေဟာ သတင်းတွေမှာ မှေးမှိန်သွားခဲ့ရပါတယ်။

ဒါပေမဲ့လည်း ဒီနှစ်ဆန်းပိုင်းက မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ ကြုံခဲ့ရတဲ့ ရေကြီး၊ မြေပြိုမှုတွေကြောင့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသူ ထောင်နဲ့ချီ ရှိနေဆဲ ဖြစ်သလို၊ ဆုံးရှုံးသွားတဲ့ ဘဝတွေ ခက်ခက်ခဲခဲ ပြန်လည်ထူထောင်ရေးဟာလည်း စရုံသာ စနိုင်ပါသေးတယ်။ ဗွီအိုအေသတင်းထောက်တွေဖြစ်ကြတဲ့ Daniel de Carteret နဲ့ Simon Lewis တို့ ချင်းပြည်နယ်ကနေ ပေးပို့ထားတဲ့ ဆောင်းပါးကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

ချင်းပြည်နယ်မှာ ဒီနှစ်ဆန်းပိုင်းက မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရာမှာ၊ မြေပြိုမှုတွေကြောင့် အိမ်ပေါင်း ရာနဲ့ချီ ဆုံးရှုံးခဲ့ရသလို၊ လူမှုဘဝတွေမှာလည်း ထိခိုက်ခဲ့ရတာပါ။ ဟားခါးမြို့တော်က Teng Mawng နဲ့ မိသားစုဟာဆိုရင်လည်း အိုးအိမ်စွန့်ခွာပြီး၊ အပျက်အစီးတွေကြားမှာ နေထိုင်နေရ ပါတယ်။ အသစ်ဆောက်နေတဲ့ မြို့စွန်နားကရွာမှာ ပြန်လည် အခြေမချနိုင်ခင် တခြားမိသားစု ၄၅၀ လောက်နဲ့ ဒုက္ခသည်စခန်းတခုမှာ နေထိုင်နေသူပါ။

“အိမ်မီးလောင်သွားရင်တောင် ပြန်ဆောက်လို့ရသေးတယ်၊ အခုကတော့ ဒီလိုမဟုတ်ဘူး။ အိမ်ရှိပေမဲ့ မြေမရှိတော့ ပြန်သွားလို့လည်း မရတော့ဘူးလေ။”

ရှေ့နှစ်ထဲ မိုးကြီးရင် မြေပြိုတာတွေ ထပ်ဖြစ်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေ သတိပေးနေကြတာပါ။

အစွန်အဖျား ကျေးရွာတွေမှာ ပျက်စီးသွားတဲ့ ခြံမြေနဲ့ လမ်းတွေ ပြုပြင်ဖို့ ကြိုးစားနေကြဆဲဖြစ်သလို၊ အစားအစာနဲ့ လောင်စာလို မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ ပို့ဆောင်ဖို့မှာလည်း ခက်ခဲနေပါတယ်။ ဖလမ်းမြို့နယ် ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး Thawng Bik ကတော့ -

“ဖလမ်းမြို့ပေါ်မှာတော့ ဒီလောက်ကြီး မပျက်စီးဘူး။ ဒါပေမဲ့ ရွာတွေမှာတော့ အတော်လေး များတယ်။ ရွာပေါင်း ၂၃ ရွာ ပြောင်းရမှာဆိုတော့ တမြို့လုံး ရွှေ့ရမှာပဲ။”

အလှူရှင်တွေကတော့ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ သန်းနဲ့ချီ ကူညီဖို့ ကတိပေးထားပေမဲ့ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးနဲ့ လမ်းပန်း ဆက်သွယ်ရေး အဆိုးဆုံး ဒေသရဲ့ စိန်ခေါ်မှုက ကြီးမားလွန်းတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က Peter Brimble က ပြောပါတယ်။

“မကွေးတို့ စစ်ကိုင်းတို့မှာ ရေကြီးတဲ့အခါ ကြီးလိုက်၊ ပြန်ကျတဲ့အခါ ကျလိုက်၊ အိမ်တွေ၊ လမ်းတွေ ပျက်စီးတာရှိမယ်၊ တံတားတချို့ ရေထဲမျောတာမျိုး ရှိမယ်။ ချင်းပြည်နယ်မှာကတော့ အိမ်တွေတင် ပါသွားတာ မဟုတ်ဘူး၊ မြေရော၊ ဘဝတွေရော ဆုံးရှုံးကြတာမို့ စိန်ခေါ်မှုက အင်မတန် ကြီးပါတယ်။”

ချင်းပြည်နယ် တောင်ပေါ်ဒေက ဒဏ်ရာဒဏ်ချက်တွေဟာ ဒေသခံတွေရဲ့ ဘဝမှာ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ ကပ်ဘေးဒဏ်ကို အမှတ်ရစရာအဖြစ် ကျန်နေဆဲ အချိန် မှာပဲ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကတော့ အခုမှ အစပျိုးအဆင့်မှာသာ ရှိနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG