သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှု CNF ချင်းအမျိုးသားတပ်ဦး ကန့်ကွက်


လာမယ့် မတ်လကုန်ပိုင်းမှာ စတင် ဆောင်ရွက်မယ့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုကို အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF က ကန့်ကွက်လိုက်ပါတယ်။

ဒီလိုကန့်ကွက်တာကတော့ ချင်းလူမျိုးတွေရဲ့ ဆန္ဒမပါဘဲ မျိုးနွယ်စုတွေကို ၅၃ ခုထိ ခွဲခြားထားတာနဲ့ အစိုးရပြုစုထားတဲ့ မျိုးနွယ်စုအမည်တွေက မမှန်ကန်တာကြောင့်လို့ CNF က တာဝန်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ဟာ ပဉ္စမအကြိမ် ဗဟိုကော်မတီသက်တမ်းအတွင်း ၁၅ ရက်ကြာကျင်းပတဲ့ တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ အစိုးရရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုဆိုင်ရာ ကိစ္စရပ်ကို အကျေအလည် ဆွေးနွေးပြီးတဲ့နောက် အခုလို ကန့်ကွက်ကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဓိက ကန့်ကွက်ရတဲ့အကြောင်းကိုတော့ CNF ရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ပူးပေါလ် ဆီထာက အခုလို ပြောပါတယ်။

“ကျနော်တို့ ကန့်ကွက်တယ်ဆိုတဲ့ဥစ္စာက ချင်းလူမျိုးတွေ ဆန္ဒမပါဘဲနဲ့ ချင်းမျိုးနွယ်စုကို ၅၃ အနေနဲ့ သူတို့ ကောက်ခံတဲ့အပေါ်မှာ ကျနော်တို့က ကန့်ကွက်တယ် အဲ့ဒီဥစ္စာ။ ဆိုတော့ အဲ့ဒီ ၅၃ မျိုးကို ကြည့်မယ်ဆိုရင် ဒေသနာမည်တွေပါတယ်။ မျိုးနွယ်စုတွေရဲ့ နာမည်မဟုတ်ဘူး အဲ့ဒီဥစ္စာက။ ဥပမာပြမယ်ဆိုရင်တော့ ချင်းမျိုးနွယ်စု၊ အဲ့ဒီ Code နံပါတ်ထဲမှာ အားလုံးက ချင်းလူမျိုးပေမဲ့ သူက ချင်းဆိုတဲ့ဥစ္စာကို ပထမဆုံး ရေးသားထားတယ်။ အဲ့ဒီအောက် ပြန်ကြည့်မယ်ဆိုရင်တော့ မိန်းသိတ်တို့၊ ကသဲ တွေဆိုတာက ချင်းထဲမှာပါတဲ့ မျိုးနွယ်စုတွေ မဟုတ်ဘူး။ ဒီတော့ တီးတိန်ဆိုရင် ဒေသနာမည်တွေဖြစ်တယ်။ ပြီးတော့မှ တီးတိန်မြို့နယ်ထဲမှာရှိတဲ့ လူမျိုးတွေကိုလည်း အားလုံး ပြန်ညှိတဲ့အပြင် တီးတိန်ဆိုတဲ့ဥစ္စာပါ ပြန်ထည့်တော့ ချင်းလူမျိုးက တအားများသလို ဖြစ်သွားတယ်လေ။ သူတို့ပြုစုထားတဲ့ စာရင်းအတိုင်းကတော့ လုံး၀ မဖြစ်ဘူး။ ချင်းမျိုးနွယ်စုနာမည်တွေက မဟုတ်မမှန်တွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ကန့်ကွက်တာဖြစ်ပါတယ်။”

ဒါ့အပြင် သန်းခေါင်စာရင်းကောက်ယူမယ့် ပုံစံမှာ ချင်းဆိုတဲ့ အမျိုးသားအမည်ကို အခြားမျိုးနွယ်စု အမည်တွေနဲ့ တန်းတူဖော်ပြထားတာနဲ့ သန်းခေါင်စာရင်း ကောက်ယူရာမှာ ချင်းအမျိုးသားတွေရဲ့ သဘောဆန္ဒ ရယူတာမျိုး မရှိတာကြောင့် လက်မခံကြောင်း CNF က ထုတ်ပြန်ထားပါတယ်။

ဒီသန်းခေါင်စာရင်း ကောက်ယူမှုဟာ ချင်းမျိုးနွယ်စုတွေအကြား စည်းလုံးမှုကို ပျက်ပြားအောင် ပြုလုပ်ရာရောက်နေကြောင်း၊ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ ပြည်တွင်း အခြေမဲ့ ပြည်သူတွေ နေရပ်ရင်း ပြန်မလာနိုင်သေး ချိန်နဲ့ တချို့ တိုင်းရင်းသား နယ်မြေတွေမှာ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးချိန် ဖြစ်တာကြောင့် တိကျမှန်ကန်တဲ့ စာရင်း ရနိုင်မှာမဟုတ်ကြောင်းကိုလည်း CNF ရဲ့ ကြေညာချက်မှာ ဝေဖန်ထောက်ပြ ပါတယ်။

CNF ရဲ့ လိုလားချက်ကိုတော့ ပူးပေါလ်ဆီထာက အခုလို ဆက်ပြောပါတယ်။

“တကယ် ချင်းပြည်နယ်မှာရှိတဲ့ မျိုးနွယ်စုတွေကို ခွဲမယ်ဆိုရင်တော့ ကောင်းကောင်းလေး ရှိရင်းအတိုင်းခွဲ ဒါမှမဟုတ်ဘူးဆိုရင် ချင်းက တမျိုးထဲပဲရှိတဲ့အတွက်ကြောင့် အားလုံး ချင်းအနေနဲ့ပဲ သန်းခေါင်စာရင်းကို ပြုစုပြီးတော့ ---- သွားဖို့ ကျနော်တို့က လိုလားပါတယ်။ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင်တော့ ကျနော်တို့က ပြည်သူတွေကို တိုက်တွန်းပါတယ်။ တခြားအောက်မှာရှိတဲ့ မျိုးနွယ်စုတွေ တိကျမှုမရှိတဲ့အတွက်ကြောင့် ချင်းဆိုတဲ့ ဥစ္စာကိုပဲ အားလုံးထည့်ဖို့ ကျနော်တို့ကတော့ ပြည်သူတွေကို နှိုးဆော်ထားပါတယ်။”

သန်းခေါင်စာရင်းမှာ ချင်းအမည်တခုတည်းအောက်မှာ ထည့်သွင်းဖို့အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဟားခါးမြို့မှာ ကျင်းပတဲ့ ချင်းအမျိုးသားညီလာခံကလည်း အလားတူ ဆုံးဖြတ်ထားပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်းဘက်ကတော့ ချင်းအမည်အစား ဇိုမီးအမည်နဲ့သာ သန်းခေါင်စာရင်းမှာ ဖြည့်သွင်းဖို့ တိုက်တွန်းဆောင်ရွက်နေကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ပူးဂင်ကမ်လျံက ပြောပါတယ်။

“ကျနော်တို့ပါတီအနေနဲ့တော့ ကိုယ့်ကိုယ်ကိုယ် ဇိုမီး လို့ခေါ်ကြတယ်။ ဟိုးကတည်းကပေါ့ အဲ့ဒါက တချက်။ ပြီးတော့ ချင်းမျိုးနွယ် ၅၃ မျိုးမှာလည်း ဇိုမီး ကို မထည့်ထားဘူး။ အထူးသဖြင့် ချင်းပြည်နယ် တီးတိန်မြို့နယ် တွန်းဇံ ဂျီဖန်းမြို့နယ်မှာ နေထိုင်တဲ့ ရွာနာမည်တွေ ဆွေမျိုးစုနာမည်တွေကို သူက မျိုးနွယ်စုဆိုပြီး ခွဲထားတာကိုး။ ကျနော်တို့က ၁၀ မျိုးလောက် ကွဲနေတာကိုး။ အဲ့ဒါတွေက လူမျိုးနွယ်စု မဟုတ်ဘူးလေ။ ကျနော်တို့က စကားလည်းတူတယ်၊ စာပေလည်းတူတယ်၊ ယဉ်ကေးမှုလည်း တူတယ်ဆိုတော့ အားလုံး ဇိုမီးလို့ အဲ့ဒီ ခွဲထားတဲ့ ၁၀ မျိုးကို ကျနော်တို့ လက်ခံထားတယ်လေ။ ဟိုး နဂို ဘိုးဘေးဘီဘင်တုန်းက သုံးနှုန်းလာတဲ့ ဇိုမီး ဆိုတာကိုပဲ သုံးနှုန်းဖို့ ကျနော်တို့က Campaign လုပ်နေပါတယ်။”

ချင်းအမျိုးသားတပ်ဦး CNF က ပြည့်စုံမှန်ကန်တဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့အတွက်ဆိုရင် တိုင်းရင်းသားလူမျိုးစုအားလုံးနဲ့ ဆွေးနွေးတိုင်ပင်နိုင်ဖို့အတွက် သန်းခေါင်စာရင်း ကောက်ယူမယ့်အချိန်ကို ရွှေ့ဆိုင်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

တိုင်းရင်းသားလူမျိုးအဖွဲ့အချို့က သန်းခေါင်စာရင်းကောက်ယူတာကို အကျေအလည် ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ တောင်းဆိုတာတွေရှိပေမဲ့ သတ်မှတ်ရက်ကို နောက်ရွှေ့သွားမှာ မဟုတ်ကြောင်း ဒီလ ၁၀ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုကိုတော့ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၁၀ ရက်အတွင်း ပြုလုပ်မှာဖြစ်ပြီး ဒါဟာ နှစ် ၃၀ အတွင်း ပထမဦးဆုံး ပြန်လည်ကောက်ယူမှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG