သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန် မြို့တော်အနီးကျင်းပတဲ့ ၇၆ နှစ်မြောက်  ချင်းအမျိုးသားနေ့


အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်တဝိုက်မှာကျင်းပတဲ့ ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား။ (ဓာတ်ပုံ-သိန်းထိုက်ဦး /ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်တဝိုက်မှာကျင်းပတဲ့ ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား။ (ဓာတ်ပုံ-သိန်းထိုက်ဦး /ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄)

၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဝါရှင်တန်မြို့တော်တဝိုက်က ချင်းတိုင်းရင်းသား မိသားစုတွေ မနေ့က မေရီလန်းပြည်နယ် Beltsville မြို့မှာ ကျင်းပါတယ်။ ချင်းတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မမေ့ဖို့အပြင် မြန်မာနိုင်ငံအတွင်းက အကြပ်အတည်းအမျိုးမျိုးနဲ့ အတိဒုက္ခရောက်‌ နေတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်တွေကိုကူညီဖို့ ကျင်းပတာလည်းဖြစ်တဲ့အကြောင်း အခမ်းအနားစီစဉ်သူတွေက ပြောပါတယ်။ အခမ်းအနားကို သတင်းသွားယူတဲ့ ကိုစည်သူ သတင်းပေးပို့ထားပါတယ်။

ဝါရှင်တန်မြို့တော်တဝိုက် ချင်းတိုင်းရင်းသား မိသားစုတွေရဲ့ ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းနားဆိုပေမဲ့လည်း အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ ရောက်နေကြတဲ့ ချင်းမိသားစုတွေ လာရောက်ကြတဲ့ အခမ်းအနား ဖြစ်ပါတယ်။ ရိုးရာဖျော်ဖြေပွဲမကျင်းပခင် ချင်းရိုးရာ အစားအစာတွေ ရိုးရာပစ္စည်းတွေလည်း ရောင်းချတဲ့အကြောင်း အခမ်းအနား စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ ဝါရှင်တန်မြို့တော်တဝိုက် ချင်းမိသားစု အဖွဲ့ အမှုဆောင်အဖွဲ့ဝင်တဉီးဖြစ်သူ Ciin Lun က VOA ကို ပြောပြပါတယ်။

"ဟုတ်တယ်။ ချင်းအမျိုးသားနေ့က ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှာ နှစ်စဥ်နှစ်တိုင်းကျင်းပတယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့အခြေအနေအရ အနီးကပ်ဆုံး Saturday မှာ လုပ်တဲ့အတွက်ကြောင့် ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ဒီနေ့မှာ ကျင်းပတာပါ။ ဒါကတော့ Chin Community of USA, D.C, ဧရိယာမှာဖြစ်ပါတယ်။ အခု ရောင်းတဲ့အဖွဲ့အစည်းတိုင်းက မြန်မာပြည်မှာ မစ်ရှင်တွေဖြစ်ဖြစ်၊ စစ်ဘေးဒုက္ခရှောင်တွေပဲဖြစ်ဖြစ်၊ မိဘမဲ့ကျောင်းတွေပဲဖြစ်ဖြစ် အဲလိုမျိုး ထောက်ပံ့တာတွေကိုမှ အကုန်လုံးပြန်ပြီးတော့ လှူဒါန်းတဲ့ဟာဖြစ်တယ်။ ကျမတို့က သူတို့ဆီက ပိုက်ဆံမယူဘူး။ ကြိုက်တဲ့ဒေသမှာပေါ့နော် သူတို့က လှူခွင့်ရှိတယ်။ အဲဒါဆိုတော့ ရောင်းရတဲ့ရန်ပုံငွေအားလုံးကတော့ မြန်မာပြည်အတွက်ပါပဲ။"

ဝါရှင်တန် ဒီစီ၊ မေရီလန်းနဲ့ ဗာဂျီးနီးယားပြည်နယ်တဝိုက်မှာ ချင်း တိုင်းရင်းသား မိသားစုတွေ သုံးထောင်လောက်အထိ ရှိမယ်လို့ ပြီးခဲ့တဲ့နှစ်တွေက ခန့်မှန်းထားပေမဲ့ ချင်းအသိုင်းအဝိုင်း ချင်းလူ့အဖွဲ့အစည်းဟာ ပိုပြီး ကြီးထွားလာတယ်လို့ ချင်းမိသားစုတွေက ပြောပါတယ်။

ချင်းအမျိုးသားနေ့ဟာ ချင်းတိုင်းရင်းသားတွေရဲ့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး စိတ်ဓါတ်နဲ့ ကိုယ်ပိုင် လွတ်လပရေး၊ တန်းတူရေး ကြိုးပမ်းမှုတွေကို အခြေခံ ပေါ်ပေါက်ခဲ့တာလို့ ဝါရှင်တန်မြို့တော်တဝိုက် ချင်းမိသားစုအဖွဲ့ ဥက္ကဋ္ဌ Pu Dong Khan Khup (ပု ဒေါင် ခမ် ခွပ်) က အခမ်းအနားမှာ ပြောပါတယ်။

ချင်း အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းတွေကိုလည်း ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေ ရှင်းပြကြသလို တေးဂီတ ဖျော်ဖြေပွဲနဲ့ ရိုးရာအကတွေလည်း ကပြကြပါတယ်။

အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG က ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တချို့ကို ဖိတ်ကြားထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်း ပြောကြားပါတယ်။

"စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ကျနော်တို့မြန်မာနိုင်ငံတဝှမ်းလုံးမှာပေါ့နော်၊ ချင်းဆိုလည်းချင်းမှာ ရက်ရက်စက်စက် အိမ်တွေမီးရှို့၊ လူတွေသတ်ဖြတ်၊ ဗုံးကြဲ၊ ဘာသာရေးအဆောက်အအုံတွေဖြစ်စေ၊ churches တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေပါမကျန် ဗုံးကြဲနေတဲ့၊ သတ်ဖြတ် ဖျက်စီးနေတဲ့ဟာတွေကို ကျနော်တို့ပြည်သူ့အားနဲ့ရပ်အောင် ကျနော်တို့လုပ်ရပါမယ်။ လုပ်လည်းလုပ်နိုင်ရပါမယ်။ အခုဆိုရင် အားလုံးသိတဲ့အတိုင်း စစ်တပ်က တည်းတည်းပဲ ကျန်ပါတော့တယ်။"

နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ဝါရှင်တန်မြို့တော်တဝိုက် ချင်းမိသားစုတွေထဲက ပညာထူးချွန်ပြီး အမေရိကန်ပြည်ထောင်စု တက္ကသိုလ်ကောလိပ်တွေမှာ ဘွဲ့အသီးသီးရကြတဲ့သူတွေကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုဆုပေးပါတယ်။ ပြည်ပနိုင်ငံတခုမှာ ရပ်တည်ရတဲ့အချိန် ချင်းလူမှုအဖွဲ့အစည်းအကြား ပညာတတ်တွေ ပေါ်လာဖို့ကိုလည်း ချင်းတိုင်းရင်းသားခေါင်းဆောင်တွေက အားပေးကူညီပါတယ်။

ဖျော်ဖြေပွဲတွေနဲ့အတူ ဒေသအသီးသီးက ချင်းတိုင်းရင်းသားမျိုးနွယ်တွေရဲ့ အထိမ်းအမှတ် ရိုးရာဝတ်စုံတွေ ဝတ်ပြတဲ့ ဖက်ရှင်ရှိုးတွေလည်း ကျင်းပါတယ်။
ကလေးငယ်တွေ ရိုးရာဝတ်စုံတွေနဲ့ လျှောက်ပြတဲ့ ဖက်ရှင်ရှိုးကတော့ အခမ်းအနားအစီအစဉ်တွေထဲက လူအားပေးမှု အများဆုံး အစီအစဉ်တခု ဖြစ်ခဲ့ပါတယ်။

ဒီနှစ် အဝေးရောက် ချင်းတိုင်းရင်းသား မိသားစုတွေ ပြည်ပမှာ ချင်းအမျိုးသားနေ့ ကျင်းပချိန်ဟာ မြန်မာနိုင်ငံအတွင်းက ချင်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခနဲ့ လူသားချင်းစာနာမှု အကြပ်အတည်းမျိုးစုံ ရင်ဆိုင်နေရတဲ့အချိန် ဖြစ်ပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေကို ထွက်ခွာလာတဲ့ ချင်းတိုင်းရင်းသားတွေများလာသလို အိုးမဲ့အိမ်မဲ့ အတိဒုက္ခရောက်သူတွေလည်း များလာနေတဲ့အချိန်ဖြစ်ပါတယ်။ ရိုးရာအစဉ်အလာကို ထိန်းသိမ်းဖို့ အခမ်းအနားတွေ ကျင်းပကြတဲ့တချိန်တည်းမှာ ပြည်တွင်းက အိုးမဲ့အိမ်မဲ့ ချင်းတိုင်းရင်းသားဒုက္ခသည်တွေကို ကူညီဖို့အတွက် အဝေးကနေ ထောက်ပံ့ကူညီနိုင်ဖို့ ကြိုးစားတာ၊ စီစဉ်တာတွေလည်း အခမ်းအနားမှာ တွေ့ရကြောင်းပါခင်ဗျား။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG