သုံးရလွယ်ကူစေသည့် Link များ

တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲ အရှုံးရင်ဆိုင်မှု ချင်းဒေသခံတွေရင်ဖွင့်


နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို အသာရပြီး အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ တော်တော်များများ မျှော်လင့်ထားကြတာနဲ့ တခြားစီ - တိုင်းရင်းသားနယ်မြေတွေကိုပါ ဒေသခံ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို ကျော်ပြီးတော့ NLD က အနိုင်ရခဲ့တာပါ။ ဒီအကြောင်း ချင်းပြည်နယ် ဟားခါးကနေ ဗွီအိုအေသတင်းထောက်တွေဖြစ်ကြတဲ့ Daniel de Carteret နဲ့ Simon Lewis တို့ သတင်းပေးပို့ထားတာကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုတွေ မတူကြတဲ့ ချင်းတောင်တန်းဒေသမှာ - ဒေသခံတိုင်းရင်းသားနိုင်ငံရေးပါတီတွေက ပြီးခဲ့တဲ့လက ရွေးကောက်ပွဲတွေမှာ သူတို့ နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဒီတောင်ပေါ်ဒေသတွေအထိကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောင်းလဲဖို့အချိန်တန်ပြီဆိုတဲ့ စကားက လွှမ်းမိုးနိုင်ခဲ့ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက ၉ နေရာ နိုင်ခဲ့တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ CNDP ဟာ ဒီတကြိမ်မှာတော့ အားလုံးကို လက်လွှတ် ဆုံးရှုံးခဲ့ရတာပါ။ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ CNDP ကိုယ်စားလှယ်လောင်း Siang Mang ကတော့ - တိုင်းရင်းသား လူမျိုးစုတွေရဲ့ဆန္ဒတွေကို လျစ်လျူရှုခဲ့တဲ့ နှစ်ပေါင်း ၅၀ ကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့ NLD ကပဲ လုပ်နိုင်မယ်လို့ ဒေသခံမဲဆန္ဒရှင်တွေက ယုံကြည်ထားကြတယ်လို့ ပြောပါတယ်။

“NLD နိုင်တာကို ကျနော်တို့ ကျေနပ်ပေမဲ့ - တကယ်တမ်းမှာ သူတို့လည်း ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ပဲ သွားမှာပဲ။ အဲ့လိုဆိုရင် NLD ထဲမှာ ချင်းအမတ်တွေ ရှိနေရင်တောင် လူထုကို ပေးထားတဲ့ကတိကို သူတို့ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး။”

ဒေသခံအနုပညာရှင် Anna Biak Tha Mawi ကလည်း - ချင်းလူမျိုးတွေကိုယ်တိုင် တိုင်းရင်းသားရေးရာကို ကျော်လွန်ပြီး တိုင်းပြည်အပြောင်းအလဲကို ဦးစားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“အပြောင်းအလဲအတွက် ဒီတကြိမ်မှာ သူတို့တွေ NLD ကို မဲပေးခဲ့ကြတယ်။ နောက်တခါ ရွေးကောက်ပွဲကျရင် သူတို့တွေ CNDP ကို ပြန်မဲပေးကြမှာပဲ။ အများစုက အဲ့လိုပဲ စဉ်းစားကြတယ်။”

ချင်းပြည်နယ်မြောက်ပိုင်းမှာတော့ - NLD ပါတီနဲ့ တရားဝင်သဘောမဟုတ်ပေမဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဇိုးမီးဒီမိုကရေစီအဖွဲ့ချုပ် က ပြည်နယ်လွှတ်တော် မှာ ၄ နေရာ အနိုင်ရရှိခဲ့တာပါ။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် Sui Sung တို့လို တချို့လူတွေကလည်း ရွေးကောက်ပွဲမှာ ချင်းပါတီတွေ ၀င်ပြိုင်တာ များလွန်းတယ်လို့ ပြောကြပါတယ်။

“နောက်တကြိမ်ရွေးကောက်ပွဲကျရင်တော့ ကျမဖြစ်စေချင်တာက ချင်းပါတီတွေအားလုံး တပါတီတည်းဖြစ်အောင် ပေါင်းကြဖို့ပါ။ ဒါမှသာ ချင်းလူမျိုးတွေအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။”

တခြားတိုင်းရင်းသားတွေ နယ်မြေတွေမှာလည်း - ဒေသခံတွေ အနေနဲ့ - NLD က သူတို့ကို အမှန်တကယ် ကိုယ်စားပြု - မပြု ဆိုတာကို အသေအချာ စောင့်ကြည့်သွားမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG