သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းနဲ့ ရခိုင်ပြည်နယ်အကြား ခရီးသည်တင်ဇက်ရေယာဉ် ပြန်လည်ပြေးဆွဲ


စစ်ကောင်စီက ချင်းပြည်နယ် ပလက်ဝနဲ့ရခိုင်ပြည်နယ်ကြား တပတ်တကြိမ်ပြေးဆွဲပေးနေတဲ့ ကူးတို့သင်္ဘော (ဓာတ်ပုံ-ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းဖေ့စ်ဘုတ်)
စစ်ကောင်စီက ချင်းပြည်နယ် ပလက်ဝနဲ့ရခိုင်ပြည်နယ်ကြား တပတ်တကြိမ်ပြေးဆွဲပေးနေတဲ့ ကူးတို့သင်္ဘော (ဓာတ်ပုံ-ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းဖေ့စ်ဘုတ်)

[[Zawgyi/Unicode]]

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ကြား ခရီးသည်တင် ဇက်ရေယာဉ် ပြန်လည်ပြေးဆွဲနေပါတယ်။ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်နေချိန် ၂၀၁၈ အကုန်ပိုင်းလောက်စတင်ပြီး အသွားအလာကန့်သတ်ထားရာကနေ အခုဒီဇင်ဘာမှာ စစ်တပ်ထိန်းချုပ်မှုနဲ့ ရေကြောင်းခရီးစဉ်ကို ပြန်ပြေးဆွဲနေတာပါ။ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့ကြား ရေကြောင်းသွားလာမှု ပြန်ရှိလာလို့ ကုန်စည်စီးဆင်းမှု ပြန်ရှိလာပေမဲ့ ကန့်သတ်ချက်တွေတော့ ကျန်နေသေးတဲ့အကြောင်း ရန်ကုန် ကလာတဲ့ သတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေဖြစ်နေချိန် ၂၀၁၈ အကုန်ပိုင်း လောက်က စတင်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ကို အသွားအလာ ကန့်သတ်ထားခဲ့တာပါ။ အခုတော့ ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ပြီး တပတ်ကို ၁ ရက် စစ်ကောင်စီပိုင် ခရီးသည် ရေယာဉ်ပြေးဆွဲနေပါတယ်။ ရေကြောင်းကနေသာ သွားလို့ရတဲ့ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ကို သွားလာလို့ မရအောင် ကန့်သတ်ထားရာကနေ အခုလို ခရီးသည်တင်ရေယာဉ် ပြေးဆွဲနေတာကြောင့်ဒေသခံတွေ သွားလာခွင့်ရသလို ကုန်စည်တွေ စီးဆင်းမှုပြန်ရှိလာပါတယ်။ ဒါပေမဲ့ ကုန်စည်တင်ဆောင်ရာမှာ အကန့်အသတ်တွေ ရှိနေသေးတယ်လို့လည်း ပလက် ဝဒေသခံ ကိုတင်ထွန်းအောင်က ပြောပါတယ်။

“အခုကတော့ နည်းနည်းဘာလဲဆိုရင် စစ်ကောင်စီကို ကျေးဇူးတင်ပါတယ်။ အခုသွားလာလို့ရတဲ့အတွက် ဥပမာ လူနာတွေ၊ ဆေးခန်းပြမယ့်သူတွေ သွားလာလို့ရတယ်။ တခုတော့ရှိတာက သူတို့က ကန့်သတ်ချက် အနေနဲ့ ဘာလုပ်ထားလဲဆိုတော့ ဆန်နဲ့ဘိလပ်မြေတွေကို မတင်ရဘူးဆိုတဲ့ ကန့်သတ်ချက်တခုတော့ ကြားမိပါတယ်။ တခြား ပစ္စည်းတွေကိုလည်း လွတ်လွတ်လပ်လပ်တင်လို့မရဘူး။ စာတင်ထားတဲ့ထဲမှာပါတဲ့ ပစ္စည်းတွေကိုပဲ တင်ခွင့်ပြုတယ်လို့ သိရတယ်။”

စစ်ကောင်စီပိုင်ဇက်ရေယာဉ်သာ တပတ်ကိုတရက်စီ ပလက်ဝမြို့နဲ့ ကျောက်တော်မြို့ကို ပြေးဆွဲနေတာဖြစ်ပြီး ခရီးသည်တဦးကို ကျပ် ၁၈၀၀ နဲ့ ကုန်စည် ၁ တန်ကို ကျပ် ၁ သောင်းကျော်အထိ သတ်မှတ်ထားပါတယ်။ ခရီးသွားမယ့်သူတွေအနေနဲ့လည်း အာဏာပိုင်တွေဆီမှာ သယ်ယူမယ့်ကုန်စည်အမျိုးအစားနဲ့ ခရီးသွားမယ့်အကြောင်း စာတင်ရပြီး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရမှ ခရီးသွားလာခွင့်ရတယ်လို့ ကိုတင်ထွန်းအောင်က ပြောပါတယ်။

“အခုအခက်အခဲက ဘာတွေရှိလဲဆိုတော့ ထွေအုပ်ရုံးမှာကတည်းက ကျနော်တို့က ခရီးသွားလာခွင့်ကို စာတင်ရတယ်။ အဲဒီက သတ်မှတ်ပေးမှပဲ သွားရတယ်။ အစစ်အဆေး တွေကလည်း ခလရ ၂၈၉ မှာ မနက် ၈ နာရီကနေ စတင်စစ်ဆေးတာ ၉ နာရီခွဲအထိတောင် အချိန်ကြာမြင့်တယ်။ ကျနော်တို့က သွားချင်တာကို လွတ်လွတ်လပ်လပ် သွားလို့မရဘူး အကန့်အသတ်နဲ့ သွားလာနေရတဲ့အနေအထားပဲ ရှိပါသေးတယ်ဟုတ်။”

ပလက်ဝမြို့နယ်ထဲမှာတော့ လက်ရှိအချိန်အထိ အသွားအလာကန့်သတ်ချက်တွေရှိနေသေးတာကြောင့် စားဝတ် နေရေးတွေ ခက်ခဲနေသေးသလို ကုန်ဈေးနှုန်းတွေ ကျဆင်းသွားတာမျိုး မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

“စားဝတ်နေရေးကတော့ အခုကတော့ အဲလောက်ထိ ဈေးကျတဲ့ အနေအထားမရှိသေးဘူး။ စစ်ကောင်စီ မိသားစုဝင်တွေပဲ စီးပွားရေးလုပ်စားလို့ အဆင်ပြေနေသေးတဲ့ အနေအထားမှာပဲ ရှိသေးတယ်။ ဥပမာ ပြောမယ်ဆိုရင် ပလက်ဝ မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေတိုင်း စက်လှေတွေ ဘာတွေ သွားလာခွင့်မရရှိသေးပါဘူး။ ကုန်ဈေးနှုန်းကလည်း ဈေးကြီးပေးပြီးတော့ ဝယ်နေရတဲ့ အနေအထားပဲ ရှိပါသေးတယ်။ ဥပမာ ပေါ်ဆန်းမွှေးတအိတ်ကို ၅ သောင်းပတ်ဝန်းကျင်ပဲ ရှိသေးတယ်။ ဈေးကအခုထိကို မကျသေးပါဘူး။”

ပလက်ဝမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ အကုန်ပိုင်းလောက်စပြီး AA အဖွဲ့နဲ့ စစ်တပ်ကြားတိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် ပလက်ဝဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပပါတယ်။ အသွားအလာကန့်သတ်ချက်တွေလည်း အဲဒီထဲကစလို့ ဒီကနေ့အထိ ရှိနေသေးတာဖြစ်ပါတယ်။ အခုစစ်တပ်ပိုင်ရေယာဉ်ပြေးဆွဲနေတဲ့ လမ်းကြောင်း ဘေးတဘက်တချက် တချို့နေရာတွေမှာလည်း AA တပ်ဖွဲ့တွေ ရှိနေဆဲဖြစ်ပါတယ်။

===========

[[Unicode]]











===========

XS
SM
MD
LG