သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် သတ္ထုတွင်း စီမံကိန်း စိုးရိမ်မကင်းဖြစ်မှု နိုင်ငံရေးပါတီတွေ စုံစမ်း


ဓာတ်ပုံ - http://www.slideshare.net
ဓာတ်ပုံ - http://www.slideshare.net
ချင်းပြည်နယ် တီးတိန်မြို့အနီးမှာရှိတဲ့ မြွေတောင်မှာ တရုတ်ကုမ္ပဏီတခုနဲ့ ဖက်စပ်ပြုလုပ်မယ့် သတ္တုစီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေတာကြောင့် စီမံကိန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ သိရှိနိုင်ဖို့ ချင်းအမျိုးသား နိုင်ငံရေးပါတီ ၅ ခုက ကိုယ်စားလှယ်အဖွဲ့ အဲဒီဒေသမှာ သွားရောက် လေ့လာနေကြပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သိရှိရအောင် ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ အထက်ချင်းတွင်းလူငယ်အဖွဲ့က ကိုကျော်သက်ဝင်းကို ဆက်သွယ်မေးမြန်းပြီးတော့ တင်ပြထားပါတယ်။


စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် တီးတိန်မြို့အကြား ချင်းပြည်နယ်အတွင်းမှာရှိတဲ့ မြွေတောင်မှာ ဒီသတ္တုတွင်း စီမံကိန်းကို လုပ်ဆောင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ အခုလုပ်မယ့် စီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာနဲ့ ဒေသတွင်း သဘာဝအရင်းအမြစ်တွေ ထိခိုက်ပျက်ဆီးမှာ ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ချင်းအမျိုးသား နိုင်ငံရေးပါတီ ၅ ခုက ကိုယ်စားလှယ်တွေ စုပြီး စီမံကိန်းနဲ့ ပတ်သက်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး၊ ဒေသခံတွေရဲ့ သဘောထားအမြင်တွေကို ၂ ရက်ကြာ သွားရောက် လေ့လာနေကြတာပါ။

ဒေသခံတွေရဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့တော့ ကိုယ်စားလှယ်အဖွဲ့နဲ့ လိုက်ပါသွားတဲ့ အထက်ချင်းတွင်းလူငယ်အဖွဲ့က ကိုကျော်သက်ဝင်းက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ဒေသခံတွေအနေနဲ့ လက်ရှိ ကျနော်တို့ စုံစမ်းရသလောက်တော့ မြွေတောင်တွင်းအတွက် လာရောက်တဲ့ ချင်းပါတီက သူတို့အနေနဲ့ ဒီစီမံကိန်းကို သူတို့အနေနဲ့ လုံး၀ လက်မခံတဲ့အကြောင်းရယ်၊ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာမှ မသိဘဲနဲ့ လာပြီးမှ ကုမ္ပဏီတွေနဲ့၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့က သဘောတူညီချက်တွေ ယူပြီးတော့မှ တအားကြီးပေါ့နော် ဘယ်လိုပြောမလဲ အကိုရာ၊ ဘာမပြော ညာမပြော လာပြီးမှ ဒီဝင်ရောက်လုပ်ကိုင်မှာကိုပဲ တအားစိုးရိမ်တဲ့ကိစ္စတွေ သူတို့ တင်ပြတယ်လို့ ပြောတယ်အကို။ လက်ရှိ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုတာ အဲ့ဒါပေါ့နော်။ ကျနော်တို့ ဒါ သူတို့ ဒီ ချုပ်ဆိုတယ်၊ မချုပ်ဆိုဘူးဆိုတာ ပြည်နယ်လွှတ်တော်ကတောင်မှ မသိဘူးခင်ဗျ။ အဲ့ဒီကိစ္စကိုလည်း ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ် ကလည်း အဲ့ဒီကိစ္စကို ထည့်ပြောတယ်။ အဓိကကတော့ တရုတ်ကုမ္ပဏီဖြစ်တဲ့ North Mining ကုမ္ပဏီနဲ့ လုပ်မယ်လို့တော့ အတိအကျ သူတို့ ကြေညာထားတာတွေ ရှိတယ်။”

အစောပိုင်းတုန်းကတော့ ဒီစီမံကိန်းကို လွန်ခဲ့တဲ့လပိုင်းအတွင်းလောက်က စတင်မယ့် ပုံစံမျိုး အစိုးရသတင်းစာတွေမှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ အခုချိန်ထိတော့ မြွေတောင်ဒေသမှာ စီမံကိန်းစတင်မယ့် အရိပ်လက္ခဏာ မတွေ့ရသေးဘူးလို့ ကိုကျော်သက်ဝင်းက ပြောပါတယ်။

ဒီစီမံကိန်းအပေါ် ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ချင်းပြည်နယ်အစိုးရကလည်း အသိပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ချင်းပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ငြိမ်းက ဗွီအိုအေကို ပြောပါတယ်။

“အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ကွင်းဆင်းဖူးပါတယ်ခင်ဗျ။ ကွင်းဆင်းပြီးတော့မှ လူထုကို ကျနော်တို့က ရှင်းပြပေးတာပါ။”

မေး။ ။ သြော် ဟုတ်ကဲ့။ ဘာတွေများ ပြောပါသလဲခင်ဗျ။
ဖြေ။ ။ “အဲ့ဒီမှာ ကုမ္ပဏီကလည်းလာတယ်။ ကျနော်တို့ ပြည်နယ်အစိုးရက တာဝန်ရှိတဲ့ဝန်ကြီး သုံးပါးပေါ့ ဝန်ကြီးချုပ်အပါအဝင်။ ကျနော်တို့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့ သွားပြီးတော့မှ ၄ ရက်တိတိ ကျနော်တို့ ကွင်းဆင်းခဲ့ပါတယ်။ ကျနော်တို့ကိုယ်တိုင် ကွင်းဆင်းတဲ့အခါမှာ ကျေးရွာပေါင်း ၂၀ ကို ကွင်းဆင်းပါတယ်ခင်ဗျ။ ကွင်းဆင်းတော့ အဲ့ဒီတောင်က မြွေတောင်ဆိုတာက သစ်တောလည်း သိပ်မရှိတော့ပါဘူး။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့မှ လူထုတွေက စိုးရိမ်ကြောင့်ကြမှု ရှိပါတယ်။ လူထု စိုးရိမ်ကြောင့်ကြမှုရှိတာကို ကျနော်တို့က ကုမ္ပဏီတွေနဲ့ ပေါင်းပြီးတော့မှ သေချာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြပေးတာပါ။ သို့သော်လည်းပဲ နိုင်ငံတကာကို ရောက်နေကြတဲ့ လူနည်းစုတွေက အတို့အထောင်လုပ်လို့ အခု လူတချို့ကတော့ သံသယရှိတယ်ပေါ့။ နိုင်ငံတကာကို ရောက်နေကြတဲ့ ချင်းအမျိုးသားတချို့တွေပေါ့။ အဲ့ဒီမှာ ကျနော်တို့က သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့တဲ့အတွက် သူတို့မှာက သူတို့စီမံချက်မှာကိုက လူမှုရေးကစ၊ သဘာဝပတ်ဝန်းကျင်အဆုံး ကျန်းမာရေးရော အားလုံး သူတို့ project မှာ သူတို့ စီမံချက် ရေးထားပါတယ်။ ကုမ္ပဏီက သူတို့ အားလုံး EIA၊ SIA အားလုံး လုပ်ထားပြီးသား ဖြစ်ပါတယ်။”

ဒီစီမံကိန်းကို ချင်းပြည်နယ်အစိုးရက ကိုင်တွယ် လုပ်ဆောင်တာမဟုတ်ဘဲ ပြည်ထောင်စုအစိုးရက တိုက်ရိုက် ကိုင်တွယ်ထားတယ်လို့ ဦးကျော်ငြိမ်းက ဆက်ပြောပါတယ်။

ဒါကြောင့် လောလောဆယ်မှာတော့ ဒီမံကိန်းနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးနေကြတုန်းပဲလို့ ဦးကျော်ငြိမ်းက ပြောပါတယ်။

“အဲ့ဒါက ပြည်ထောင်စုဝန်ကြီးနဲ့ စာချုပ်ချုပ်တာပါ။ အခု သူတို့ အချိုးကျ ခွဲဝေငွေပေါ့။ ပြည်ထောင်စုက ဘယ်လောက် ခံစားခွင့်၊ ကုမ္ပဏီက ဘယ်လောက်ခံစားခွင့်၊ ပြည်နယ်က ဘယ်လောက်ခံစားခွင့်ဆိုတာ ရာခိုင်နှုန်းခွဲမှာပါ။ သူတို့ အခု ပြည်ထောင်စုမှာ အဲ့ဒီအချိုးကျ ခွဲဖို့ကိစ္စ ဆွေးနွေးနေပါတယ်။”

ဒီစီမံကိန်းနဲ့ ပတ်သက်လို့တော့ ပြီးခဲ့တဲ့နှစ် သမ္မတ ဦးသိန်းစိန် တရုတ်ပြည်ကို သွားတဲ့အချိန် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ ဦးကျော်ငြိမ်းက ဆက်ပြောပါတယ်။


ဒီမြွေတောင်မှာ သတ္တု၊ နီကယ် စတဲ့ တွင်းထွက် သယံဇာတတွေရှိတယ်ဆိုပြီး အရင်ကလည်း နိုင်ငံခြားကုမ္ပဏီတွေ လာရောက် လေ့လာဖူးတယ်လို့ ဆိုပါတယ်။ အခုမှသာ တရုတ်နိုင်ငံက North Mining ကုမ္ပဏီက တူးဖော်ခွင့် ရရှိသွားတာပါ။

ကချင်ပြည်နယ်အတွင်းက မြစ်ဆုံရေကာတာ စီမံကိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းက ကြေးနီတောင် စီမံကိန်း စတဲ့ စီမံကိန်းကြီးတွေအပါအဝင် အရင်စစ်အစိုးရလက်ထက်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေမှာ ဒေသခံပြည်သူတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်ဆီးမှုတွေကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့တယ်ဆိုပြီး တရုတ်နိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ် ပြည်သူအများစုက အမြင် မကြည်မလင်ဖြစ်ပြီး ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတဲ့အချိန် ဒီ မြွေတောင်စီမံကိန်းကိစ္စ ထပ်မံ ပေါ်ပေါက်လာပြန်တာ ဖြစ်ပါတယ်။

ဒီစီမံကိန်းကတော့ အရင် စစ်အစိုးရလက်ထက်မှာ ချုပ်ဆိုတာမဟုတ်ဘဲ လက်ရှိ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် တရုတ်နိုင်ငံက North Mining ကုမ္ပဏီနဲ့ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် ပွင့်လင်း မြင်သာမှုမရှိဘူးဆိုပြီး ဒေသခံတွေ ရဲ့ ပြောဆိုမှုတွေ ထွက်လာတာကြောင့် ချင်းအမျိုးသား နိုင်ငံရေးပါတီတွေက အခုလို သွားရောက် လေ့လာနေကြတာ ဖြစ်ပါတယ်။

အခုသွားရောက်လေ့လာနေတဲ့ ချင်းအမျိုးသား နိုင်ငံရေးပါတီ ၅ ခုကတော့ ချင်းအမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဇိုမီးကွန်ဂရက်ပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အရှိုချင်းအမျိုးသားပါတီတို့ဖြစ်ကြပါတယ်။
XS
SM
MD
LG